ကျေးငှက်များ သဘာဝအလျောက်လွတ်လပ်အန္တရာယ်ကင်းစွာနေထိုင်ကျက်စား အသက်ရှင် ရပ်တည်နိုင်ရေး၊ သဘာဝပတ်ဝန်းကျင်ဂေဟစနစ်ကောင်းမွန်စေရေးအစရှိသည့်လက်ရှိဆောင်ရွက်နေသောလုပ်ငန်းအခြေအနေများကို သိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

ဦးခင်ချို (လှိုင်းဘွဲ့ မဲဆန္ဒနယ်)
ကျေးငှက်များ သဘာဝအလျောက်လွတ်လပ်အန္တရာယ်ကင်းစွာနေထိုင်ကျက်စား အသက်ရှင် ရပ်တည်နိုင်ရေး၊ သဘာဝပတ်ဝန်းကျင်ဂေဟစနစ်ကောင်းမွန်စေရေး၊ ကျေးငှက်များကို အဆိပ်ချ ဖမ်းဆီးမှုများ မပြုလုပ်နိုင်ရေး၊ နိုင်ငံအတွင်းရှိ ရေကန်၊ ရေအိုင်၊ အင်းများသို့ အဆိပ်သင့်ရေဆိုးများ မဝင်လာစေရေးတို့အတွက် လက်ရှိဆောင်ရွက်နေသောလုပ်ငန်းအခြေအနေများကို သိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

မြန်မာနိုင်ငံမှာ မိုးရာသီကုန်ပြီး၍ ဆောင်းရာသီဝင်လာသည့်အခါ ဆောင်းခိုငှက်များက အစုလိုက် အပြုံလိုက်ဝင်ရောက်လာတတ်ရာ ဆောင်းခိုငှက်များပျံသန်းသည့် လမ်းကြောင်း ကိုးခုရှိပါကြောင်း၊ မြန်မာနိုင်ငံကို ဗဟိုအာရှပျံသန်းလမ်းကြောင်း Central Asian Flying နှင့် The East Asian Australian Flying ဟူ၍ အရှေ့အာရှ၊ သြစတြီးလျ၊ ပစိဖိတ် တောင်ပိုင်းကျွန်း နိုင်ငံများပါဝင်သော ပျံလမ်းကြောင်းနှစ်ခုမှဝင်လာသည်ဟု သိရှိရပါကြောင်း၊ ရှရှား နိုင်ငံကငှက်များအပါအဝင် ဆောင်းခိုငှက်များသည် နိုဝင်ဘာလမှ မတ်လခန့်အထိနေ ထိုင်စားသောက်ကျက်စားကြပြီး ၎င်း ဆောင်းခိုငှက်များက မြန်မာနိုင်ငံရှိ အင်းလေးကန်၊ အင်းတော်ကြီးကန်၊ မိုးယွန်းကြီးအင်းနှင့် မိန်းမလှကျွန်းစသည့်နေရာများတွင် လည်းကောင်း၊ မြန်မာနိုင်ငံအလယ်ပိုင်းဒေသ ပလိပ်အင်း၊ တောင်သမန် အင်း၊ စွန်ရဲအင်း၊ ပျူကန်ဗိဿနိုးအင်း စသည့် အင်းအိုင်ရေကန်များတွင် လည်းကောင်း နေထိုင်ကျက်စားကြသည်ဟု သိရပါကြောင်း၊ မြန်မာနိုင်ငံကိုဝင်လာသော ငှက်အမျိုးပေါင်း ၁၀၀၀ ကျော် ရှိပြီး ငှက်အမျိုးပေါင်း ၅၀၀ ကျော်သည် မြန်မာနိုင်ငံရှိမျိုးစိတ်များ ဖြစ်ပါကြောင်းနှင့် ၎င်းငှက်များသည် မြန်မာနိုင်ငံ၏သဘာဝသယံဇာတများ ဖြစ်ပါကြောင်း၊

ဆောင်းခိုငှက်များနေထိုင်ကျက်စားမှုနှင့် သဘာဝနေထိုင်မှုစရိုက်များသည် သုတေသနပြုမှုများ အတွက် အလွန်တန်ဖိုးရှိသည့်အတွက် နိုင်ငံတကာပညာရှင်များ လာရောက်သုတေသနပြုနေကြ ခြင်းများရှိသကဲ့သို့ သဘာဝပတ်ဝန်းကျင်အလှအပနှင့် ဆောင်းခိုငှက်များ၏လှုပ်ရှား ပျံသန်းနေ မှုများသည် ခရီးသွားများအတွက် စိတ်ကိုကြည်နူးအပန်းဖြေစရာ၊ စိတ်ဝင်စားစရာဖြစ်သည့် အတွက် ခရီးသွားလုပ်ငန်းကိုလည်း များစွာအထောက်အကူဖြစ်စေပါကြောင်း၊ အဆိုပါငှက်များက နွေရာသီ ရောက်လာသည့်အခါ အစာရေဆာပေါများပြီးရာသီဥတုမျှတသော ကမ္ဘာ့မြောက်ခြမ်းကို ပြောင်း ရွှေ့ပျံသန်းကျက်စားကြသည်ဟု သိရပါကြောင်း၊

မြန်မာနိုင်ငံကိုဝင်လာသောဆောင်းခိုငှက်များထဲတွင် ရှားပါးငှက်မျိုးစိတ်များ အများအပြားပါဝင်ရာ ထိုကဲ့သို့ငှက်မျိုးစုံကျင်လည်ကျက်စားစရာနေရာများဖြစ်သော သဘာဝရေကန်များ၊ အင်းများ၊ အိုင် များ၊ ချောင်းမြောင်းများပေါများသော မြန်မာနိုင်ငံကို ဆောင်းခိုငှက်မျိုးစုံ ပွင့်လင်းရာသီ တစ်ခုလုံး နီးပါး အချိန်မှန်ဝင်ရောက်ကျက်စားနေထိုင်မှုသည် နိုင်ငံ၏အဖိုးမဖြတ်နိုင်သော သဘာဝအရင်းအမြစ် များဖြစ်သည့်အပြင် နိုင်ငံခြားခရီးသွားများကို ဆွဲဆောင်ပေးနိုင်ခြင်းတို့ကြောင့်သဘာဝ တရားများ ကြာရှည်တည်တံ့နိုင်ရန် ထိန်းသိမ်းကာကွယ်ရေးသည် နိုင်ငံတိုင်းတွင် တာဝန်ရှိပါကြောင်း၊

DVB နှင့် သတင်းမီဒီယာအချို့တွင်တွေ့ရသည့်သတင်းများအရ ဆောင်းခိုငှက်များကို အဆိပ်ချ ဖမ်းဆီးသတ်ဖြတ်မှု၊ ပိုက်ထောင်ဖမ်းဆီးမှုများနှင့် ငါးဖမ်းရာတွင် အဆိပ်ချဖမ်းဆီးမှုများကြောင့် ရေနေသတ္တဝါများသေဆုံးမှုနှင့် အဆိုပါငါးများကို စားမိသောငှက်များပါ သေဆုံးသည်ဟု သိရ ပါကြောင်း၊ ရေနေသတ္တဝါများသေဆုံးမှု၊ ရေများညစ်ညမ်းအဆိပ်သင့်နေမှု များကြောင့် ရေသတ္တဝါ များရှားပါးလာသည်နှင့်အမျှ ဆောင်းခိုငှက်များအတွက် အစာရှားပါး လာသည့်အတွက် ဆောင်းခို ငှက်များဝင်ရောက်မှုနည်းလာနိုင်သည့်အတွက် စနစ်တကျကြိုတင် ကာကွယ်တားဆီးမှုများ လုပ်ဆောင်ရန် လိုအပ်လာပါကြောင်း၊

ထို့ကြောင့် နိုင်ငံ၏သယံဇာတဖြစ်သော ပြည်တွင်းနှင့်ပြည်ပမှဝင်ရောက်လာသည့် ကျေးငှက်များ သဘာဝအလျောက် လွတ်လပ်စွာအန္တရာယ်ကင်းစွာနေထိုင်ကျက်စား အသက်ရှည်ရပ်တည် နေထိုင်နိုင်ရေး၊ သဘာဝပတ်ဝန်းကျင်ဂေဟစနစ်ကောင်းမွန်စေရေး၊ ခရီးသွားလုပ်ငန်းအတွက် အထောက်အကူဖြစ်နိုင်စေရေး၊ ကျေးငှက်များကို အဆိပ်ချဖမ်းဆီးမှုများ၊ ပိုက်ထောင် ဖမ်းဆီးမှု များ၊ လက်နက်ကိရိယာအသုံးပြုခေတ္တဖမ်းဆီးမှုများမပြုလုပ်ရန်နှင့် စက်ရုံ၊ အလုပ်ရုံများနှင့် သတ္တု တူးဖော်ရေးအရ အဆိပ်သင့်ရေဆိုးများမဝင်လာရေး၊ နိုင်ငံအတွင်းရှိရေကန်များ၊ ရေအိုင်များနှင့် အင်းများကို ရေများမှအဆိပ်ဖြစ်စေတတ်သောဓာတ်သဘာဝများ၊ ပျော်ဝင်နေမှု အခြေအနေများကို သုတေသနပြု၊ ဆန်းစစ်မှုများ ဆောင်ရွက်နိုင်ခြင်းရှိ/မရှိနှင့် လက်ရှိဆောင်ရွက် နေသော လုပ်ငန်းများ အခြေအနေများအား ရှင်းလင်းချပြနိုင်ခြင်းရှိ/မရှိ သိလိုပါကြောင်း မေးမြန်းပါသည်။

ငှက်မျိုးစိတ်များထိန်းသိမ်းကာကွယ်ရေးအတွက် မူဝါဒနှင့် ဥပဒေများကို ပြင်ဆင်ရေးဆွဲ ကျင့်သုံးခြင်း၊ နိုင်ငံ၊ ဒေသနှင့် နိုင်ငံတကာအသိအမှတ်ပြုထိန်းသိမ်းရေးနယ်မြေများသတ်မှတ်ခြင်း၊ ထိန်းသိမ်းကာကွယ်မှုအစီအမံများရေးဆွဲခြင်းနှင့် ထိန်းသိမ်းကာကွယ်မှုမြှင့်တင်ခြင်းတို့ဆောင်ရွက် လျက်ရှိပါကြောင်း၊

၂၀၁၈ ခုနှစ် နိုဝင်ဘာလတွင်ကျင်းပသော ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ် (၂၁/၂၀၁၈) တွင် အတည်ပြုခဲ့သော အမျိုးသားရေဝပ်ဒေသမူဝါဒမဟာဗျူဟာလုပ်ငန်းများတွင် ဆောင်းခိုငှက်များနှင့်ပတ်သက်၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများနှင့် ၎င်းတို့၏အဓိက ကျက်စားရာဒေသများဖြစ်သည့်ရေဝပ်ဒေသများအပေါ် ပတ်ဝန်းကျင်ညစ်ညမ်းမှုမရှိစေရေးအတွက် မူဝါဒရည်မှန်းချက်များနှင့် လုပ်ငန်းများကို ထည့်သွင်းထားပြီးဖြစ်ပါကြောင်း၊

ငှက်များအဓိကကျက်စားရာနယ်မြေဖြစ်သော ရေဝပ်ဒေသများတွင် ထိန်းသိမ်းကာကွယ်ခြင်း၊ စီမံ အုပ်ချုပ်ခြင်းနှင့် အကျိုးရှိစွာအသုံးချခြင်းတို့ကိုမြှင့်တင်နိုင်ခြင်းအတွက် မိုးယွန်းကြီးအင်း ဘေးမဲ့ တော၊ အင်းတော်ကြီးတောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၊ မိန်းမလှကျွန်းတောရိုင်းတိရစ္ဆာန် ဘေးမဲ့ တော၊ မုတ္တမပင်လယ်ကွေ့ဒေသ(မွန်ပြည်နယ်အပိုင်း)နှင့် အင်းလေးကန်စသည့် နယ်မြေငါးခုကို ရမ်ဆာရေဝပ်ဒေသထိန်းသိမ်းရေးနယ်မြေအဖြစ် သတ်မှတ်ထားပြီးဖြစ်ပါကြောင်း၊

ထို့အပြင် ဆောင်းခိုငှက်မျိုးစိတ်များ ထိန်းသိမ်းကာကွယ်ရေးအတွက် ဒေသတွင်းပူးပေါင်း ဆောင်ရွက်မှုမြှင့်တင်နိုင်ရန် ငှက်ပျံသန်းရာလမ်းကြောင်းပေါ်ရှိရေဝပ်ဒေသကျက်စားနယ်မြေများ တွင် ထိန်းသိမ်းကာကွယ်မှုနှင့် သိမြင်နိုးကြားမှုတို့ကိုမြှင့်တင်နိုင်ရန် Flyway Network Site များအဖြစ် မိုးယွန်းကြီးအင်းဘေးမဲ့တော၊ အင်းတော်ကြီးတောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၊ မုတ္တမ ပင်လယ်ကွေ့၊ မိန်းမလှကျွန်းဘေးမဲ့တောနှင့် နံ့သာကျွန်းတို့ကိုသတ်မှတ်ပြီး ဖြစ်ပါကြောင်း၊ ထို့အပြင် နိုင်ငံတကာအဖွဲ့အစည်းများနှင့်ပေါင်းစပ်ပြီး ငှက်ထိန်းသိမ်းရေးလုပ်ငန်းများကို ဆောင် ရွက်လျက်ရှိပါကြောင်း၊

ငှက်များသတ်ဖြတ်ခံရခြင်း၏အဓိကအကြောင်းအရင်းက အခြေခံစားဝတ်နေရေးအတွက် သတ် ဖြတ်ရောင်းချခြင်းဖြစ်ကြောင်း လေ့လာတွေ့ရှိရပြီး ဥပဒေဖြင့်ထိန်းကျောင်းခြင်း တစ်ခုတည်းဖြင့် ဆောင်းခိုငှက်များသတ်ဖြတ်ခံရမှုကို တားဆီးရန်ခက်ခဲမည်ဖြစ်၍ ထိန်းသိမ်းကာကွယ်ခြင်းဖြင့် ဒေသခံပြည်သူများ၏ဝင်ငွေနှင့် အလုပ်အကိုင်တိုးပွားစေမည့် ဒေသခံအခြေပြုသဘာဝအခြေခံ ခရီးသွားလုပ်ငန်းကို မိုးယွန်းကြီးအင်းဘေးမဲ့တော၊ မိန်းမလှကျွန်းနှင့် အင်းတော်ကြီးတောရိုင်း တိရစ္ဆာန်ဘေးမဲ့‌တောတို့တွင် အကောင်အထည်ဖော်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ်ဖြင့် ငှက်အပါအဝင် တောရိုင်းတိရစ္ဆာန်များအား တရားမဝင်သတ်ဖြတ်ခြင်း၊ သယ်ဆောင်ခြင်းနှင့် ရောင်းဝယ်ခြင်းတို့ကို လျော့နည်းပပျောက်စေရေးအတွက် ဆောင်ရွက်လျက်ရှိပါကြောင်း၊

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့နယ် ပုလိပ်အင်းမှ ငှက်များကိုအဆိပ်ချဖမ်းဆီးနေကြောင်း Facebook လူမှုကွန်ရက်မှတွေ့ရှိချက်အရ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလတွင် သစ်တောဦးစီးဌာန၊ Wildlife Mobile Rescue အဖွဲ့မှ ပုလိပ်အင်းသို့သွားရောက်ပြီး သက်ဆိုင်ရာဌာနအဖွဲ့အစည်းများ နှင့်ပူးပေါင်းပြီး အဆိပ်ချမှုများအားကွင်းဆင်းစစ်ဆေးခြင်း၊ တွေ့ရှိရသောအဆိပ်များအား ဖယ်ရှား ခြင်း၊ စောင့်ကြည့်ခြင်း၊ ပညာပေးစည်းရုံးခြင်း၊ အသိပညာပေးပိုစတာများကပ်ခြင်း စသည်တို့ကို ဆောင်ရွက်ခဲ့ပါကြောင်း၊

ကမ္ဘာပေါ်တွင် အရှားပါးဆုံးငှက်မျိုးစိတ်ဖြစ်ပြီး အကောင်ရေ ၁၅၀ နှင့် ၇၀၀ အတွင်းသာ ကျန်တော့သည့် ရုရှားနှင့် တရုတ်နိုင်ငံမြောက်ပိုင်းတွင်သားပေါက်သော ဘဲပို့ချတ်ငှက်များ လာရောက်ဆောင်းခိုကျက်စားပြီး မြန်မာနိုင်ငံရှိနေရာအနည်းငယ်တွင် ပုလိပ်အင်းလည်း အပါအဝင်ဖြစ်ပါကြောင်း၊ ပုလိပ်အင်းတွင်အဆိပ်ချခဲ့မှုကြောင့် သေဆုံးခဲ့ရသည့်ငှက်များထဲတွင် ဘဲပို့ချတ်ငှက်များလည်းပါဝင်သဖြင့် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းကာကွယ်မှုတွင် ကြီးမားသောနစ်နာ ဆုံးရှုံးမှုဖြစ်ပါကြောင်း၊

ပဲခူးတိုင်းဒေသကြီး၊ မိုးယွန်းကြီးအင်းဘေးမဲ့တောတွင် ဘီလားတောင်ပိုက်များကြောင့် ငှက်မျိုး စိတ်များ သေဆုံးခြင်းကြောင့် Wildlife Mobile ကယ်ဆယ်ရေးအဖွဲ့များစေလွှတ်ပြီး ဆက်စပ် အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများနှင့်ပူးပေါင်းပြီး ကင်းလှည့်ခြင်း၊ လူထုအသိ ပညာပေးခြင်းနှင့် ပိုစတာများရိုက်ကပ်ခြင်းတို့ကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလအတွင်းတွင် ဆောင်ရွက်ခဲ့ပါကြောင်း၊ ငှက်မျိုးစိတ်များထိန်းသိမ်းရေးတွင် လူထုအသိအမြင်နှင့်ပူးပေါင်းမှုမြင့်မား လာစေရန် သနားစရာငှက်သတ္တဝါလေးများကို ဖမ်းဆီးသတ်ဖြတ်စားသောက်ခြင်းမပြုပါရန် မေတ္တာ ရပ်ခံအပ်ပါသည်ဆိုသောပိုစတာများ ရိုက်ကပ်စိုက်ထူခြင်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊

၂၀၁၉ ခုနှစ် မတ်လအတွင်းတွင် ရေပျော်ငှက်များ ဖမ်းဆီးသတ်ဖြတ်ခြင်းနှင့် ရောင်းဝယ် ခြင်းမပြုလုပ်ကြရန် အသိပညာပေးဆိုင်းဘုတ်ခြောက်ခုအား မိတ္ထီလာကန်ပေါင်နှင့် မြောက်ကန်ရှိ လူအများဖြတ်သန်းသွားလာသည့်နေရာများတွင် စိုက်ထူခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း၊ ရေပျော်ငှက်များ သတ်ဖြတ်ရောင်းဝယ်မှုမရှိစေရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းနှင့် လူထု ပညာပေးလုပ်ငန်းများကို ပဲခူးတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတွင် ဆောင်ရွက် ခဲ့ပါကြောင်း၊

တရားမဝင်ရွှေထုတ်လုပ်မှုကြောင့် အင်းတော်ကြီးကန်အတွင်း ပတ်ဝန်းကျင်ညစ်ညမ်းမှု အခြေအနေကို ကွင်းဆင်းလေ့လာမှုများပြုထားပြီးဖြစ်ပြီး တရားမဝင်ရွှေတူးဖော်မှုများ ပပျောက် ရေးအတွက် ဆောင်ရွက်လျက်ရှိသည့်အပြင် အနည်အနှစ်များကန်အတွင်းသို့စီးဝင်မှုတားဆီး နိုင်ရေးအတွက်လည်း နုန်းတားဆည်များ တည်ဆောက်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ငှက်မျိုး စိတ်များကျက်စားသည့်အဓိကနေရာဖြစ်သည့် အင်းလေးကန်နှင့် အင်းတော်ကြီးကန်တို့မှ ရေ နမူနာများကိုလည်းစုဆောင်း၍ သစ်တောဦးစီးဌာနအောက်ရှိရေဓာတ်ခွဲခန်းတွင် ဓာတ်ခွဲစမ်း သပ်စစ်ဆေးမှုကို ပြုလုပ်လျက်ရှိသည့်အပြင် ပတ်ဝန်းကျင်ညစ်ညမ်းမှုကြောင့် ရေဝပ်ဒေသများ၏ အဆင့်အတန်းမကျဆင်းစေရေးအတွက် ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းဆိုင်ရာ လုပ်ထုံး လုပ်နည်းများနှင့် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုကို အမျိုးသားပတ်ဝန်းကျင်ဆိုင်ရာအရည်အသွေးထုတ် လွှတ်မှုလမ်းညွှန်ချက်တို့ကို လိုက်နာဆောင်ရွက်ရေးကြပ်မတ်လျက်ရှိပါကြောင်း၊ ဌာနေငှက်များနှင့် ဆောင်းခိုငှက်များသည် သစ်တောဦးစီးဌာနမှ စီမံခန့်ခွဲခွင့်ရှိသည့် သဘာဝထိန်းသိမ်းရေး နယ်မြေ များအပြင် နေရာအနှံ့ကျရောက်ခြင်းဖြစ်၍ ဆောင်းခိုငှက်ထိန်းသိမ်းကာကွယ်ရေးတွင် ပြည်သူ အားလုံးမှ ပူးပေါင်းပါဝင်ဆောင်ရွက်ရန်လိုပါကြောင်း၊

သို့ဖြစ်ပါ၍ လွှတ်တော်ကိုယ်စားလှယ်ကြီး၏မေးခွန်းနှင့်ပတ်သက်ပြီး သုတေသနပြုဆန်းစစ်မှု များကို လက်ရှိဝန်ထမ်းများ၏ကျွမ်းကျင်မှုအခြေအနေ၊ ဝန်ထမ်းအင်အားနှင့် ရန်ပုံငွေအခြေအနေ အရ ဌာနမှကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်နိုင်ခြင်းမရှိသေးသော်လည်း သက်ဆိုင်ရာဝန်ကြီးဌာန များ၊ တက္ကသိုလ်များ၊ သုတေသနအဖွဲ့အစည်းများနှင့် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး သုတေသနလုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ထိန်းသိမ်းကာကွယ်မှု အစီအမံများရေးဆွဲခြင်းနှင့် ထိန်းသိမ်းကာကွယ်မှုမြှင့်တင်ခြင်းတို့ဖြင့် ငှက်မျိုးစိတ်ထိန်းသိမ်းရေးကို ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ဆောင်းခိုငှက်များ၎င်းတို့၏မူလနေရာသို့ ဘေးကင်းစွာပြန်သွား နိုင်ရေးအတွက် ပြည်သူတစ်ရပ်လုံးမှ ပူးပေါင်းပါဝင်ဆောင်ရွက်မည်ဆိုပါက ပိုမိုအောင်မြင်မည် ဖြစ်ပါကြောင်း ဖြေကြားပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ ရဲမြင့်ဆွေ
သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေး