ကွမ်းခြံကုန်း၊ ကျောက်တန်း၊ သုံးခွနှင့် ခရမ်းမြို့နယ်များတွင် ကုန်းတက်မြေ ၂၇၇၃၈ ဧကအား ဒီရေတောကြိုးပြင် ကာကွယ်တောများအဖြစ် အမြန်ဆုံး ဖွဲ့စည်းပေးနိုင်ပါရန်နှင့် ဖွဲ့စည်းပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်း

ရန်ကုန်တိုင်းဒေသကြီး၊ ကွမ်းခြံကုန်း၊ ကျောက်တန်း၊ သုံးခွနှင့် ခရမ်းမြို့နယ်များတွင်ရှိသည့် ကပ္ပလီပင်လယ်ပြင်နှင့် ထိစပ်လျက်ရှိသော မုတ္တမကွေ့ ပင်လယ်ကမ်းရိုးတန်းတစ်လျှောက်တွင် လွန်ခဲ့သော ၁၅ နှစ်ခန့်ကစပြီး ကုန်းတက်မြေများ ပေါ်ထွန်းလာရာ ၂၀၀၈ ခုနှစ်နောက်ပိုင်း ဒီရေတောများ သဘာဝအလျောက် ဖြစ်ထွန်းလျက်ရှိသည်မှာ ယခုဆိုလျှင် စုစုပေါင်းအကျယ်အဝန်း ၄၃.၃၄ စတုရန်းမိုင်၊ အလျား ၃၅.၆၉ မိုင်၊ အနံ ၁.၄၈၇ မိုင်၊ ဧကအားဖြင့် ၂၇၇၃၈ ဧက ရှိနေပြီ ဖြစ်ပါကြောင်း၊ ယခင်ကာလက ၎င်းကုန်းတက် မြေအချို့တွင် စီးပွားရေးလုပ်ငန်းရှင်များအတွက် ငါး၊ ပုစွန်ကန်များ၊ လယ်ယာမြေများ ချထားပေးခဲ့ပါကြောင်း၊ ၎င်းငါး၊ ပုစွန်ကန်များကြောင့် ဒီရေတောများမဖြစ်ထွန်းနိုင်ဘဲ ဒေသခံများအတွက်လည်း ငါး၊ ပုစွန်များရှာဖွေရာ အကန့်အသတ်များ ရှိခဲ့ပါကြောင်း၊ ငါး၊ ပုစွန်ကန်များအဖြစ် ဆက်လက်၍တိုးချဲ့နိုင်ရေးလည်း ကြိုးပမ်းလျက် ရှိနေပါကြောင်း၊

၂၀၀၈ ခုနှစ် မြန်မာ့သမိုင်းတစ်လျှောက် အဆိုးရွားဆုံး သဘာဝဘေးအန္တရာယ်ဖြစ်သည့် နာဂစ်မုန်တိုင်းကြီးကြောင့် မြန်မာနိုင်ငံသားများ သိန်းချီအသက်ဆုံးရှုံးခဲ့ရသည်ကို မမေ့နိုင်သေးပါကြောင်း၊ ထို့အတူ ဒီရေတောများကြောင့် လူ့အသက်ပေါင်းများစွာကို ကယ်တင်နိုင်ခဲ့ကြရသည်ကိုလည်း သင်ခန်းစာယူကြရမည် ဖြစ်ပါကြောင်း၊ ဒီရေတောများ၏ တန်ဖိုးကိုလည်း လူတိုင်းက သိရှိပြီးဖြစ်သဖြင့် ရာသီဥတုပြောင်းလဲမှု လျော့ကျရေးနှင့် ဒေသခံပြည်သူများ သဘာဝဘေးအန္တရာယ် ထိခိုက်မှုလျော့နည်းသက်သာစေရေး၊ ဇီဝမျိုးစုံမျိုးကွဲများနှင့် ဂေဟစနစ်များ ရေရှည်တည်တံ့စေရေး၊ ဒေသခံပြည်သူများ သား၊ ငါး၊ ပုစွန် စဉ်ဆက်မပြတ် ထုတ်ယူသုံးစွဲနိုင်ရေး၊ ကွမ်းခြံကုန်း၊ ကျောက်တန်း၊ သုံးခွနှင့် ခရမ်းမြို့နယ်များတွင် ကုန်းတက်မြေ ၂၇၇၃၈ ဧကအား ဒီရေတောကြိုးပြင် ကာကွယ်တောများအဖြစ် အမြန်ဆုံး ဖွဲ့စည်းပေးနိုင်ပါရန်နှင့် ဖွဲ့စည်းပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ‌ကျောက်တန်းနှင့် ကွမ်းခြံကုန်းမြို့နယ်များတွင် ဒီရေတော ကြိုးပြင်ကာကွယ် တောသုံးခု ၂၂၈၂ ဧက သတ်မှတ်ခဲ့ပြီး ဖြစ်ပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ ခရမ်း၊ သုံးခွ၊ ကျောက်တန်းနှင့် ကွမ်းခြံကုန်းမြို့နယ်များရှိ မုတ္တမပင်လယ်ကမ်းရိုးတန်း ကမ်းတက်မြေ ၂၇၇၃၈ ဧကအား ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် ဒီရေတောကြိုးပြင်ကာကွယ်တော ခြောက်ခု သတ်မှတ်နိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဒီရေတောကြိုးပြင် ကာကွယ်တော ဖွဲ့စည်းမည့် ရွှေပြည်အေးချမ်းဘို့ ဒီရေတော ကြိုးပြင်ကာကွယ်တော ၄၉၀၈ ဧကနှင့် အောင်ချမ်းသာ တိုးချဲ့ ဒီရေတော ကြိုးပြင်ကာကွယ်တော ၇၉၇၀ ဧက စုစုပေါင်း ၁၂၈၇၈ ဧကကို ကြေးတိုင်ပုံစံ (၁) မှ (၅) အထိ ဆောင်ရွက်ပြီးဖြစ်ပါကြောင်း၊ ဒီရေတော ကြိုးပြင်ကာကွယ်တော ဖွဲ့စည်းမည့် ကန်လျားရှည် တိုးချဲ့ကြိုးပြင် ကာကွယ်တော ၁၅၀၇ ဧကနှင့် ရေကျော်-ဘိုကလေး ကြိုးပြင်ကာကွယ်တော ၂၃၀၀ ဧက စုစုပေါင်း ၃၈၀၇ ဧက၏ ကြေးတိုင်ပုံစံ (၁) မှ (၅) အထိအား စိစစ်လျက်ရှိပါကြောင်း၊

ဒီရေတောကြိုးပြင် ကာကွယ်တောဖွဲ့စည်းမည့် မင်းရွာအသင်း ဒီရေတောကြိုးပြင်ကာကွယ်တော ၅၅၈၃ ဧကကို ဤဝန်ကြီးဌာန၏ ၁၇-၈-၂၀၁၈ ရက်စွဲပါ အမိန့်ကြော်ငြာစာဖြင့်လည်းကောင်း၊ ဘိတ်သိတ်-မဟာ-သာသာ ဒီရေတောကြိုးပြင်ကာကွယ်တော ၅၄၇၀ ဧကကို ဝန်ကြီးဌာန၏ ၁၇-၈-၂၀၁၈ ရက်စွဲပါစာ အမိန့်ကြော်ငြာစာဖြင့်လည်းကောင်း စုစုပေါင်း ၁၁၀၅၃ ဧကကို ကြိုးပြင်ကာကွယ် တော သတ်မှတ်ရန် ရည်ရွယ်ကြောင်း အမိန့်ကြော်ငြာစာ ထုတ်ပြန်ကြေညာပြီး ဖြစ်ပါကြောင်း၊ ဒီရေတော ကြိုးပြင်ကာကွယ်တော ဖွဲ့စည်းမည့် ၂၇၇၃၈ ဧက၌ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ လုပ်ပိုင်ခွင့်ပြုချထားသော အငှားပတ္တာမြေဧရိယာ ၂၈၀၀ ဧက၊ မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲမှု ဗဟိုကော်မတီမှ လုပ်ပိုင်ခွင့်ပြုထားသော မြေဧရိယာ ၅၄၅၇ ဧကနှင့် လုပ်ပိုင်ခွင့်ပြု ပေးထားခြင်းမရှိသော မြေဧရိယာ ၁၉၄၈၁ ဧကတို့ ပါဝင်ပါကြောင်း၊ အငှားပတ္တာမြေဧရိယာ ၂၈၀၀ ဧကကို တစ်နှစ်သက်တမ်းဖြင့် လုပ်ပိုင်ခွင့် ငှားရမ်းထားခြင်းဖြစ်ပြီး ဆက်လက်သက်တမ်းတိုး လုပ်ပိုင်ခွင့်မပြုဘဲ ဒီရေတောကြိုးပြင် ကာကွယ်တောများအဖြစ် သတ်မှတ်ရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဆုံးဖြတ်ပြီးဖြစ်ပါကြောင်း၊

မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများစီမံခန့်ခွဲမှု ဗဟိုကော်မတီမှ ခွင့်ပြုမြေ ၅၄၅၇ ဧကနှင့်ပတ်သက်ပြီး လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကော်မတီမှ အစည်းအဝေး အမှတ်စဉ်(၉/၂၀၁၈)မှာ ဒီရေတော သတ်မှတ်နိုင်ရေးနှင့် ဒီရေတောအတွင်း ပုစွန်မွေးမြူနိုင်ရေး အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တို့မှ ဆက်လက်ညှိနှိုင်းပြီး အကောင်းဆုံး အကျိုးရလဒ်ရရှိစေရေး ပေါင်းစပ်ဆောင်ရွက်သွားရန် ဆုံးဖြတ်ပါကြောင်း၊ ၁၄-၈-၂၀၁၈ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဆောင်သော တိုင်းဒေသကြီးအစိုးရအဖွဲ့၊ သစ်တော ဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ ဒီရေတောဆိုင်ရာ ပညာရှင်များ၊ ဒေသခံမွေးမြူရေး လုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေး ဆုံးဖြတ်ချက်အရ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကဦးဆောင်ပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ သစ်တောဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနတို့ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ပွင့်လင်းရာသီတွင် ကွင်းဆင်းစစ်ဆေးပြီး ဒီရေတောသတ်မှတ်နိုင်ရေး၊ ဒီရေတောအတွင်း ပုစွန်မွေးမြူနိုင်ရေးအတွက် အကောင်းဆုံးအကျိုးရလဒ်ရရှိစေရေး ပေါင်းစပ်ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ
သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေး