ခေါနူးစုမ် အမျိုးသား ဥယျာဉ် ခေါနူးစုမ်တောင်တွင် လာရောက် လည်ပတ်ကြသည့် ပြည်တွင်းပြည်ပ ခရီးသွားများ စည်းကမ်းတကျ အပန်းဖြေလာနိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနမှ မည်သို့အစီအမံများ စီမံဆောင်ရွက်ထားသည်ကို သိရှိလိုသည့်အတွက် မေးခွန်းမေးမြန်း

ဦးညွန့်ဝင်း (ကန်ပက်လက်မဲဆန္ဒနယ်)
ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်ရှိ ခေါနူးစုမ် အမျိုးသား ဥယျာဉ် ခေါနူးစုမ်တောင်တွင် လာရောက် လည်ပတ်ကြသည့် ပြည်တွင်းပြည်ပ ခရီးသွားများ စည်းကမ်းတကျ အပန်းဖြေလာနိုင်ရေးအတွက် တောင် ဇလပ်ပန်းများ၊ ချယ်ရီပန်းများနှင့် အခြားပန်းမျိုးစိတ်များ စည်းကမ်းမဲ့ခူးယူ သယ်ဆောင်သွားခြင်း၊ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်ခြင်း ပြဿနာများကို ထိထိရောက်ရောက် အရေးယူကာကွယ်နိုင်ရန် သက်ဆိုင်ရာဝန်ကြီးဌာနမှ မည်သို့အစီအမံများ စီမံဆောင်ရွက်ထားသည်ကို သိရှိလိုသည့်အတွက် မေးခွန်းမေးမြန်းသွားမည် ဖြစ်ကြောင်း၊

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်တွင် တည်ရှိသည့် ခေါနူးစုမ် (ဝိတိုရိယ) တောင်သည် ပင်လယ်ရေ မျက်နှာပြင်အထက် အမြင့်ပေ ၁၀၂၀၀ တွင် ရှိပြီး အရှေ့တောင်အာရှတွင် အမြင့်ဆုံး မြေသားတောင် တစ်တောင် ဖြစ်ကြောင်း၊ သစ်တော ဖုံးလွှမ်းသည့်တောင်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ တတိယအမြင့်ဆုံး တောင် ဆာဆီယံ အမွေအနှစ် စာရင်းဝင်ဖြစ်ပြီး ကမ္ဘာ့အမွေအနှစ် စာရင်းဝင်နိုင်ရန်အတွက် UNESCO က စောင့်ကြည့် လေ့လာနေသည့် တောင် ဖြစ်ကြောင်း၊ သဘာဝ ရှားပါးမျိုးစိတ်များနှင့်တကွ ကမ္ဘာတွင် မျိုးသုဉ်း ပျောက်ကွယ်သွားပြီဟု ထင်ကြသည့် မျက်ခုံးဖြူ ငှက်ပြာခြောက်ကို တစ်ကမ္ဘာလုံးတွင် ခေါနူးစုမ် အမျိုးသားဥယျာဉ်အတွင်း တစ်နေရာတည်းတွင်သာ နောက်ဆုံး တွေ့မြင်ကြရမည် ဖြစ်ကြောင်း၊ ခေါနူးစုမ် တောင်၏ ထူးခြားချက်သည့် တစ်နှစ်ပတ်လုံး ရာသီမရွေး သဘာဝတောပန်း၊ တောင်ပန်းများနှင့် မပျက် အလှဆင် ဖူးပွင့်လျက်ရှိပြီး တိမ်ပင်လယ်၊ တိမ်တိုက်များ၏ အဘက်ဘက်တွင် ကောင်းကင်ဘုံက မ ဉ္ဇူသက္က နတ်ပန်းများ ပွင့်လန်းရာ နန္ဒဝင်ဥယျာဉ်ကြီးဟု တင်စားရအောင် လှပလွန်းသည့် ခေါနူးစုမ် တောင်ထိပ်ကြီး ဖြစ်ကြောင်း၊

နှစ်စဉ် ပွင့်လင်းရာသီရောက်သည့်အချိန်တွင် သဘာဝရှုခင်းများ၊ သဘာဝအလှတရားများကို ကြည်နူး ခံစားရန်၊ အပန်းဖြေရန် ပြည်တွင်း ခရီးသွား၊ ပြည်ပခရီးသွားများ အများအပြားလာရောက်လည်ပတ်လေ့ ရှိကြောင်း၊ မိမိတို့ ချင်းတိုင်းရင်းသားများသည် ပြည်တွင်း၊ ပြည်ပခရီးသွားများ စိတ်ပါဝင်စားစွာ လာရောက် လည်ပတ်ကြသည်ကို ဝမ်းသာကြိုဆိုရမည် ဖြစ်ကြောင်း၊ ပြည်တွင်း/ပြည်ပခရီးသွားများ နှစ်စဉ် လာရောက်ခြင်းအတွက် လူဦးရေများ လာသည်နှင့်အမျှ တာဝန်မဲ့၊ စည်းကမ်းမဲ့ ခရီးသွားများ၏ အမှိုက် စွန့်ပစ်မှုများ၊ ရှားပါး တောင်ဇလပ်ပန်းနှင့် ချယ်ရီပန်းများ၊ သစ်ခွပန်းများကို ခူးယူသယ်ဆောင် သွားကြခြင်း ကြောင့် ခေါနူးစုမ်တောင်ထိပ်၏ အလှတရားကို ခြိမ်းခြောက်ခံနေရကြောင်း၊ စည်းကမ်းမဲ့ တောင်ထိပ်အထိ မော်တော်ယာဉ်များနှင့် တက်ရောက်မှုကြောင့် ဖုန်ထခြင်းများ၊ ယာဉ်မတော်တဆဖြစ်ခြင်းများ ကြုံကြိုက် နေရပြီး ပြည်ပခရီးသွားများ၊ လာရောက်လည်ပတ်သူများအတွက် စိတ်အနှောင့်အယှက်များစွာ ဖြစ်ပေါ်နေ ရကြောင်း၊ အမြင့်ပေ ၁၀၀၀၀ အထက်တွင် ပေါက်ရောက်သည့် တောင်ဇလပ်ပန်းနှင့် အခြားအပင်မျိုးစိတ် များသည် တစ်ကြိမ် ချိုးယူဖျက်စီးပါက ပြန်ပြီးစည်ပင်ဖွင့်ထွားရန် ၁၀ စုနှစ်အထိ ပြန်လည်ဝေဆာလာရန် မသေချာကြောင်း၊ ပြည်တွင်း/ပြည်ပခရီးသွားများ တစ်နှစ်ပြီး တစ်နှစ် တိုးလာသည်နှင့်အမျှ ကောင်းမွန် သည့် အမှိုက်စွန့်ပစ်မှုစနစ်များ သဘာဝ ပန်းမန်မျိုးစိတ်များကို ထိရောက်စွာ ကာကွယ်ထိန်းသိမ်းရေး လုပ်ငန်းများကို စနစ်တကျအချိန်မီ စီမံဆောင်ရွက်ရန် လိုအပ်နေကြောင်း၊

ထိုကဲ့သို့ မလိုလားအပ်သည့် ပြဿနာများကို ကြိုတင်ကာကွယ်နိုင်ရန်အတွက် TV Channel များ ခရီးသွား များ သွားလိုက်နာရမည့် စည်းကမ်း၊ သတ်မှတ်ချက်များကို ပညာပေးအစီအစဉ်များ ခရီးသွား ရာသီကာလ အတွင်း အချိန်နှင့်တစ်ပြေးညီ ထုတ်လွှင့်ပေးရန်လိုအပ်မည် ဖြစ်ကြောင်း၊ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်သူများ တာဝန်ခံ၊ တာဝန်ယူမှု မရှိသည့် ခရီးသွားများ၊ သဘာဝပတ်ဝန်းကျင်နှင့် အပင်မျိုးစိတ်များ၊ စည်းကမ်းမဲ့ သယ်ဆောင်သွားမှုများကို တွေ့ရှိရင် ဒဏ်ကြေးပေးဆောင်စေခြင်းမျိုး၊ သစ်တောဥပဒေအရ အရေးယူခြင်း မျိုး ဆောင်ရွက်ရန် လိုအပ်မည် ဖြစ်ကြောင်း၊ ခရီးသွား ရာသီကာလအတွင်း ခေါနူးစုမ် အမျိုးသား ဥယျာဉ် ဝန်ထမ်းများ၊ အရပ်ဘက် အဖွဲ့အစည်းများနှင့် ချိတ်ဆက်ပူးပေါင်းပြီး စောင့်ကြည့်ရေး လုပ်ငန်းများကို လုပ်ဆောင်ကြရမည် ဖြစ်ကြောင်း၊ ပြည်တွင်း/ ပြည်ပခရီးသွားများ စိတ်ချမ်းမြေ့ ပျော်ရွှင်စွာ အဆင်ပြေပြေ အပန်းဖြေ ခရီးသွားနိုင်ရန် တောင်ပတ်ဝန်းကျင် သင့်တော်သည့် နေရာများတွင် သန့်ရှင်းသပ်ရပ်သည့် သန့်စင်ခန်းနှင့် ရေမိလ္လာဝန်ဆောင်မှုများ စနစ်တကျ တည်ဆောက်ပေးရန် လိုအပ်မည် ဖြစ်ကြောင်း၊ ထို့ကြောင့် ကန်ပက်လက်မြို့နယ်ရှိ ခေါနူးစုမ် အမျိုးသားဥယျာဉ်သို့ လာရောက်လည်ပတ်ကြသော ပြည်တွင်း/ပြည်ပမှ ခရီးသွားများ စည်းကမ်းတကျ အပန်းဖြေသွားလာရေးအတွက် မည်သို့စီမံဆောင်ရွက် ထားသည်ကို သိလိုရှိလိုပါကြောင်း မေးခွန်းမေးမြန်းပါသည်။

ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ မင်းတပ်နှင့် ကန်ပက်လက်မြို့နယ်တွင် ရှိသည့် နတ်မတောင် (ခေါ်) ခေါနူးစုမ် အမျိုးသားဥယျာဉ်သည် ၁၇၆၃၀၀ ဧကကျယ်ဝန်းပြီး ၂၀၁၀ ခုနှစ်တွင် သစ်တောရေးရာ ဝန်ကြီး ဌာန၊ ဝန်ကြီးရုံး၏ ရုံးအမိန့်ကြော်ငြာစာ အမှတ်(၁၆၄/၂၀၁၀)နှင့် သတ်မှတ်ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း၊ တောင်ပေါ် အမြဲစိမ်းသစ်တော၊ အမြဲစိမ်းတော၊ ထင်းရှူးတော၊ တောင်ပေါ်မြက်ခင်းတောများ ပေါက်ရောက် လျက် ရှိပြီး နို့တိုက်သတ္တဝါ ၃၅ မျိုး၊ ငှက် ၃၄၅ မျိုး၊ ကုန်းနေ ရေနေနှင့် တွားသွားသတ္တဝါ ၁၀၅ မျိုး၊ လိပ်ပြာ ၉၉ မျိုး၊ အခွံမာ ပိုးကောင် ၃၅ မျိုး၊ အပင် ၁၀၂၄ မျိုး၊ သစ်ခွ ၉၁ မျိုးနှင့် ဆေးဖက်ဝင် အပင် ၇၁ မျိုးတို့ကို မှတ်တမ်းတင်ထားရှိပြီး ဖြစ်ကြောင်း၊ ဒေသရင်းငှက်မျိုးစိတ်များ ဖြစ်သည့် မျက်ခုံးဖြူ ငှက်ပြာ ခြောက်နှင့် ရှားပါးမျိုးစိတ်များ ဖြစ်သည့် ဝိတိုရိယ ဗားဘက်ငှက်၊ ချင်းတောင်ပုတ်သင်၊ တောင်ဇလပ်ဖြူနှင့် တောင်ဇလပ်ဝါများသည် အမျိုးသားဥယျာဉ်မှ ထိန်းသိမ်းကာကွယ်ထားသည့် အဓိက မျိုးစိတ်များ ဖြစ်ကြောင်း၊ ၂၀၁၂ ခုနှစ်တွင် အာဆီယံ အမွေအနှစ် ဥယျာဉ်အဖြစ် သတ်မှတ်ခံခဲ့ရပြီး ၂၀၁၃ ခုနှစ်တွင် မြန်မာနိုင်ငံမှ UNESCO ကို တင်သွင်းသည့် ကမ္ဘာ့သဘာဝ အမွေအနှစ် (Natural World Heritage) လျာထားချက် ခုနစ် နေရာတွင် ထည့်သွင်းခဲ့ကြောင်း၊

မြန်မာနိုင်ငံ၏ ကမ္ဘာ့လှည့်ခရီးသည် အများဆုံး လာရောက်သည့် ပုဂံဒေသမှ လာရောက်ရန် လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန်ခြင်း၊ ခရီးသွားများကို ဆွဲဆောင်နိုင်သည့် သဘာဝ အလှအပများနှင့် ရှားပါးမျိုးစိတ်များ ရှိခြင်း၊ အမြင့်ပေ ၁၀၅၀၀ ခန့်ရှိ တောင်ပေါ်သို့ ခြေလျင်ဖြင့် အလွယ်တကူ တက်ရောက်နိုင်ခြင်းတို့ကြောင့် ခရီးသွားများ ဝင်ရောက်မှုသည် တစ်နှစ်ထက် တစ်နှစ် များပြားလျက် ရှိကြောင်း၊ ခရီးသွားဧည့်သည် ဝင်ရောက်မှုများပြားလာသည့်နှင့်အမျှ ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်ကြီး၏ မေးခွန်းတွင် ပါရှိသည့်အတိုင်း တောင်ဇလပ်ပန်းများ၊ ချယ်ရီပန်းများနှင့် အခြားပန်းများ၊ သဘာဝအပင်များ ခူးယူသွားခြင်း၊ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်ခြင်းနှင့် တောင်ထိပ်တွင် ညအိပ် စခန်းချပြီး မီးဖိုခြင်း၊ အပင်များကို ချိုးဖဲ့၍ ထင်းသုံးခြင်းစသည့် သဘာဝ ပတ်ဝန်းကျင်အပေါ် ထိခိုက်သည့် ပြဿနာများ ကြုံတွေ့လာခဲ့ရကြောင်း၊

ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးလာမှုကြောင့် သဘာဝ ပတ်ဝန်းကျင်အပေါ် ထိခိုက်မှု မရှိစေရေးအတွက် အမျိုးသားဉယျာဉ်မှ အောက်ဖော်ပြပါ အချက်အလက်များကို မိမိတို့ ဆောင်ရွက်လျက် ရှိကြောင်း၊ အမှိုက်များ စည်းကမ်းမဲ့ စွန့်ပစ်ခြင်း မပြုလုပ်ရန်နှင့် တောင်ဇလပ်ပန်း၊ ချယ်ရီပန်းနှင့် အခြားပန်းများကို ခူးဆွတ်ခြင်း မပြုလုပ်ကြရန် တောင်ထိပ်သို့ သွားရောက်သည့် လမ်းကြောင်းတစ်လျှောက်တွင် သတိပေးဆိုင်းဘုတ်များ တပ်ဆင်ထား ရှိကြောင်း၊ ထို့အပြင် ဝန်ထမ်းများနှင့် ဒေသခံ လူငယ်များ စုပေါင်းပြီး အမှိုက်သိမ်းဆည်းခြင်း၊ ပညာပေး ဟောပြောခြင်းနှင့် ပန်းများ ခူးခြင်းအား တားဆီးခြင်း၊ ခရီးသွားဧည့်သည်များမှ အမှိုက်များ စည်းကမ်းမဲ့ စွန့်ပစ်ခြင်း မပြုလုပ်ရေးအတွက် အမှိုက် စွန့်ပစ်ရန် နေရာများ သတ်မှတ်ပြီးအမှိုက်ပုံးကြီး ၁၀ ပုံး ထားရှိပေးခြင်း၊ နှစ်ခန်းတွဲ ယင်လုံအိမ်သာ သုံးလုံး ဆောက် လုပ်ပေးခြင်း၊ တောင်ခြေရှိ ၁၀ မိုင်ခွဲစခန်းတွင် မောင်းတံဂိတ် တပ်ဆင်ပြီး ဝန်ထမ်းများ တာဝန်ချထားပြီး စစ်ဆေးခြင်းနှင့် တားမြစ်ထားသည့် မြေနေရာများတွင် မီးမွှေးခြင်း ပြုလုပ်သည့် ခရီးသွားအဖွဲ့များကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာလအတွင်းတွင် ဥပဒေအရ အရေးယူခြင်းများ ဆောင်ရွက်ခဲ့ခြင်း ရှိကြောင်း၊

ခရီးသွားလုပ်ငန်းကြောင့် သဘာဝ ပတ်ဝန်းကျင်အပေါ် ထိခိုက်မှု နည်းပါးနိုင်သမျှ နည်းစေရန် ခရီးသွား ဧည့်သည်များအား တောင်ထိပ်သို့ ကားဖြင့်လည်းကောင်း၊ ဆိုင်ကယ်ဖြင့်လည်းကောင်း တက်ရောက် ခြင်းကို ပိတ်ပင်ထားပြီး ဖြစ်ကြောင်း၊ ခရီးသွားဧည့်သည်များ အဆင်ပြေရေးနှင့် ဒေသခံများ ခရီးသွား လုပ်ငန်းမှ ဝင်ငွေ ရရှိရေးတို့အတွက် ဆိုင်ကယ်ကယ်ရီနှင့် တောင်ထိပ်သို့ ခရီးသည်များ ပို့ဆောင်ခြင်းကို ခွင့်ပြုပေးထားကြောင်း၊ အမျိုးသားဥယျာဉ်စီမံအုပ်ချုပ်ခြင်းနှင့် ထိန်းသိမ်းကာကွယ်ခြင်းကို အထောက်အကူ ပြုရန်နှင့် ဆက်စပ်ဌာနများအကြား ပေါင်းစပ်ညှိနှိုင်းနိုင်ရန် ချင်းပြည်နယ် အစိုးရအဖွဲ့မှ ဖွဲ့စည်းထားသည့် ကန်ပက်လက်နှင့် မတူပီမြို့နယ်အဆင့် တောရိုင်း တိရစ္ဆာန်နှင့် သဘာဝအပင်များ ကာကွယ်ရေးနှင့် သဘာဝနယ်မြေများ ထိန်းသိမ်းရေး၊ ကြီးကြပ်မှု ကော်မတီများသည် အစည်းအဝေးများ ခေါ်ယူပြီး တောင်တက်လမ်းကြောင်း တစ်လျှောက်နှင့် တောင်ထိပ်ဝန်းကျင်တွင် ကြုံတွေ့နေရသည့် အမှိုက်ပြဿ နာများကို ဖြေရှင်းနိုင်ရေးနှင့် ဆိုင်ကယ်ကယ်ရီ အသင်းများကို စနစ်တကျ ဖြစ်စေရေးတို့ကို အမြဲတမ်း ဆွေးနွေး ဆောင်ရွက်လျက် ရှိကြောင်း၊

၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် စတင်ပြီး အမျိုးသား ဉယျာဉ်မြို့နယ် သစ်တော ဦးစီးဌာန၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ ခရီးသွားရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့များပါဝင်သည့် ဌာနပေါင်းစုံ အဖွဲ့များသည် တောင်ခြေရှိ စခန်းတွင် အခြေချပြီး ခရီးသွားများ စွန့်ပစ်ခဲ့သည့် အမှိုက်များကို စနစ်တကျ သိမ်းဆည်းရေးနှင့် ဆိုက်ကယ်ကယ်ရီများ စနစ်တကျ ဖြစ်စေရေးတို့အတွက် ကြီးကြပ် ဆောင်ရွက်လျက် ရှိကြောင်း၊ ထို့ကြောင့် ခရီးသွားလုပ်ငန်းကြောင့် အမျိုးသားဥယျာဉ်အတွင်း တောင်ဇလပ်ပန်းများ၊ ချယ်ရီ ပန်းများ၊ အခြားပန်းပန်များနှင့် သဘာဝအပင်များ ခူးယူသွားခြင်း၊ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်ခြင်းတို့ကို လျော့နည်းစေရန် သက်ဆိုင်ရာဌာနများ ပူးပေါင်းပြီးပညာပေး၊ အသိပေးနှင့် သတိပေးဆိုင်းဘုတ်များ စိုက်ထူခြင်းဥပဒေနှင့်အညီ အရေးယူခြင်း၊ အမှိုက်စွန့်ပစ်မည့်နေရာများ သတ်မှတ်ပြီး အမှိုက်ပုံးများထား ရှိခြင်းနှင့် ၎င်းတို့၏ အမှိုက်များကို သိမ်းဆည်းဖျက်စီးခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါကြောင်း ဖြေကြား ပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ
သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေး