နိုင်ငံတစ်ဝန်းရှိ ပြည်သူများအတွက် အမှန်တကယ်လိုအပ်နေသော သစ်အသုံးပြုခွင့်ရရှိရေးအား မည်သို့စီမံ ဆောင်ရွက်ပေးမည်ကို သိလိုပါကြောင်း မေးမြန်း

နိုင်ငံတော်မှ ၂၀၁၆ ခုနှစ်တွင် တစ်နိုင်ငံလုံး သစ်ထုတ်လုပ်ခွင့်အား ပိတ်ပင်ခဲ့ပြီး ၂၀၁၇ တွင် အကန့် အသတ်ဖြင့် ထုတ်လုပ်ခွင့်ပေးခဲ့ပါကြောင်း၊ နိုင်ငံတော်မှ သစ်ထုတ်လုပ်ခွင့်အား ရာသီဥတုဖောက်ပြန်မှု၊ သစ်အလွန်အကျွံထုတ်လုပ်မှု၊ ကိုယ်ကျိုးစီးပွားရှာမှုတို့ကြောင့် ပိတ်ပင်ခဲ့ခြင်းဖြစ်သည့်အတွက် ကြိုဆိုရမည်ဖြစ် သော်လည်း အကျိုးဆက်အဖြစ် သစ်၊ ဝါးများကို အဓိကအားထားနေရသည့် ပြည်သူအများစုသည် အခက်အခဲများနှင့် ရင်ဆိုင်ရပါကြောင်း၊ အစိုးရတည်ဆောက်ရေးလုပ်ငန်းများ၊ စာသင်ကျောင်းများ၊ ဘာသာရေးအဆောက်အအုံများ၊ အိမ်ရာဆောက်လုပ်ခြင်းများ၊ လူနေမှုစရိုက် သဘာဝအရ၊ လူနေမှုအဆင့်အတန်းအရ သစ်အသုံးပြုမှုများသည် မြန်မာနိုင်ငံသားတွေအတွက် အလွန် လိုအပ်လျက်ရှိပါကြောင်း၊

ထို့ကြောင့် နိုင်ငံတစ်ဝန်းရှိ ပြည်သူများအတွက် အမှန်တကယ်လိုအပ်နေသော သစ်အသုံးပြုခွင့်ရရှိရေးအား မည်သို့စီမံ ဆောင်ရွက်ပေးမည်ကို သိလိုပါကြောင်း မေးမြန်းပါသည်။

၁၉၉၂ ခုနှစ်၊ သစ်တောဥပဒေပုဒ်မ ၁၇ အရ သစ်တောထွက်ပစ္စည်းများကို ခွင့်ပြုမိန့်ရရှိမှသာ ထုတ်ယူခွင့်ရှိပြီး စီးပွားဖြစ်မဟုတ်ပါက သတ်မှတ်အရေအတွက်ထက် ကျော်လွန်ခြင်းမရှိပါက ခွင့်ပြုမိန့်ရယူရန်မလိုအပ်ဘဲ ထုတ်ယူနိုင်ပါကြောင်း၊

သစ်တောနည်းဥပဒေ ၃၀ နည်းဥပဒေခွဲ(က)အရ သုတေသနနှင့် ပညာရေးလုပ်ငန်း၊ နိုင်ငံအကျိုးပြု သို့မဟုတ် ဘာသာရေးလုပ်ငန်းများတွင် သုံးစွဲရန်ဖြစ်သော သစ်တောထွက်ပစ္စည်းများနှင့် စီးပွားဖြစ်မဟုတ်သည့် မိမိသုံး၊ လယ်ယာလုပ်ငန်းသုံး သို့မဟုတ် ငါးဖမ်းလုပ်ငန်းသုံးအတွက် ထုတ်ယူသော သစ်တောထွက်ပစ္စည်းများကို ထုတ်ယူသည့်နေ့မှ တစ်နှစ်အတွင်း ထုတ်ယူသည့် နေရာနှင့် မိုင် ၂၀ အတွင်း သုံးစွဲခြင်းနှင့် သစ်တောနည်းဥပဒေ ၃၀ နည်းဥပဒေခွဲ(ခ)အရ မိမိသုံး၊ လယ်ယာလုပ်ငန်းသုံး၊ ငါးဖမ်းလုပ်ငန်းသုံးအတွက် သတ်မှတ်အရေအတွက် ထက်မကျော်လွန်သော ထုတ်ယူခြင်းများကို ခွင့်ပြုပေးထားပါကြောင်း၊

၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၂၀ ရက်နေ့တွင် အတည်ပြုပြဋ္ဌာန်းခဲ့သည့် သစ်တောဥပဒေပုဒ်မ ၁၇ အရ သစ်တောထွက်ပစ္စည်းများကို ခွင့်ပြုမိန့်ရရှိပြီးမှသာ ထုတ်ယူသုံးစွဲခွင့်ရှိသည်မှာ မှန်သော်လည်း စီးပွားဖြစ် မဟုတ်ဘဲ မိမိသုံးဖြစ်လျှင် ဝန်ကြီးဌာနက သတ်မှတ်ထားသည့် အရေအတွက်ထက်မကျော်လွန်ပါက ခွင့်ပြုမိန့် ရယူရန်မလိုဘဲ ထုတ်ယူနိုင်သည်ဟု ဖော်ပြထားပါကြောင်း၊ အသစ်ပြဋ္ဌာန်းထားသော သစ်တော ဥပဒေ အသစ်တွင်လည်း နည်းဥပဒေကို ရေးဆွဲလျှက်ရှိပါကြောင်း၊

ဒေသခံပြည်သူများအတွက် သစ်လိုအပ်ချက်ဖြည့်ဆည်းပေးရန် မြန်မာ့သစ်လုပ်ငန်းအောက်ရှိ သစ်ဆိုင်၊ သစ်စက်များမှတစ်ဆင့် ဖြန့်ဖြူးရောင်းချပေးလျက်ရှိပြီး သွားလာရေးခက်ခဲသည့် ဒေသများအတွက် မိမိသုံးသစ် ထုတ်ခြင်းကို စနစ်တကျ ခွင့်ပြုဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ထုတ်လုပ်ခွင့်ပြုရာတွင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးအမြင်ဖြင့် ခွင့်ပြုသင့်သည့်နေရာ၊ ခွင့်ပြုသင့်သည့် သစ်မျိုး၊ ခွင့်ပြုသင့်သည့် ပမာဏတို့ကိုစိစစ်ပြီး ဒေသအုပ်ချုပ်ရေးအဖွဲ့များ၏ ထောက်ခံတင်ပြမှုများ ရယူ၍ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊

၂၀၀၂-၂၀၀၃ ခုနှစ်ကမှ စတင်၍ ၂၀၁၅-၂၀၁၆ ခုနှစ်အထိ ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်တွင် ၂၇၅၀ တန်၊ ချင်းပြည်နယ်တွင် ၇၀ တန်၊ ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်း၊ မြန်အောင်၊ ပုသိမ်၊ သာပေါင်း၊ ငပုတော၊ ရေကြည်မြို့နယ်များတွင် ၆၆၉၅ တန်၊ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်၊ မောင်တော မြို့နယ်များတွင် ၁၅၀၀ တန် စုစုပေါင်း ၁၁၀၁၅ တန်ကို မိမိသုံးသစ်အဖြစ် ခွင့်ပြုပေးခဲ့ပြီးဖြစ်ပါကြောင်းနှင့် ထိုသို့ခွင့်ပြုရာတွင်လည်း သစ်တောဦးစီးဌာနက သတ်မှတ်အခွန်တော်နှုန်းထားများအတိုင်း ဆောင်ရွက်စေပြီး ခွင့်ပြုပေးခြင်းဖြစ်ပါသော ကြောင့် နိုင်ငံတော်အတွက် အခွန်ဘဏ္ဍာငွေများ ကောက်ခံ ရရှိခဲ့ပါကြောင်း၊

ပြည်သူများ တစ်နိုင်တစ်ပိုင်အိမ်သုံးနှင့် လယ်ယာလုပ်ငန်းသုံး ထုတ်လုပ်သုံးစွဲမှုများ အဟန့်အတား ပြုလုပ်ခြင်း မရှိဘဲ ကြိုးဝိုင်းတောနှင့် ကြိုးပြင်ကာကွယ်တောများအဖြစ် စတင်ဖွဲ့စည်းစဉ်ကပင် ဒေသခံပြည်သူများ၏ တင်ပြလျှောက်ထားချက်များကို စိစစ်၍ ဆိုင်ရာဆိုင်ခွင့်များ ခွင့်ပြုပေးခြင်း၊ ချန်လှပ်လုပ်ကွက်များထားရှိ ပေးခြင်းကို ကြေးတိုင်လုပ်ငန်းစဉ်များအတိုင်း ဆောင်ရွက် ထားရှိပေးခဲ့ပါကြောင်း၊ ကျေးလက်နေပြည်သူများ သည် စီးပွားဖြစ်မဟုတ်ဘဲ မိမိသုံးအိမ်ထောင်စု အလိုက် သစ်မဟုတ်သည့် အခြား သစ်တောထွက် ပစ္စည်း များအား နီးစပ်ရာ ကြိုးဝိုင်းတော၊ ကြိုးပြင်ကာကွယ်တော၊ သစ်တော ဖုံးလွှမ်းလျက်ရှိသော အစိုးရစီမံခန့်ခွဲခွင့် ရှိသည့် မြေများမှ သစ်တောဦးစီးဌာန၏ ခွင့်ပြုချက်ရယူရန် မလိုဘဲ ထုတ်ယူသုံးစွဲနိုင်ကြောင်း ၁၉၉၂ ခုနှစ်၊ သစ်တောဥပဒေပုဒ်မ ၁၇၊ နည်းဥပဒေ ၃၀ နည်းဥပဒေခွဲ(က)နှင့် (ခ) တို့တွင်လည်းကောင်း၊ ၂၀၁၈ ခုနှစ် သစ်တောဥပဒေပုဒ်မ ၁၇ တွင် လည်းကောင်း ပြဋ္ဌာန်းထားပြီး ဒေသခံများအနေဖြင့် အမှန်တကယ် ထုတ်ယူသုံးစွဲလျက်ရှိပါကြောင်း၊

အဆိုပါ အိမ်ထောင်စုအတွက် ထုတ်ယူသုံးစွဲမှုများအပေါ် အခွန်ကောက်ခံခြင်းမပြုသော်လည်း ၁၉၉၂ ခုနှစ်၊ သစ်တောဥပဒေပုဒ်မ ၁၈ နည်းဥပဒေခွဲ(ဂ) အရ ကျေးရွာအတွင်း သို့မဟုတ် မြို့နယ်တွင်း သယ်ယူရန်၊ ရောင်းချရန် အိမ်ထောင်စုအသုံးပြုရန်ပမာဏထက် ပိုမိုထုတ်လုပ်ခဲ့သည့် စီးပွားဖြစ် အသေးစား သစ်တောထွက်ပစ္စည်းများအတွက် သစ်တောဦးစီးဌာနမှ ဝါးလက်မှတ်၊ ထင်းလက်မှတ်၊ အခြားအသေးအဖွဲ သစ်တောထွက်ပစ္စည်း တန်ဖိုးဖြတ်လက်မှတ်များဖြင့် အခွန်တော်ကောက်ခံ၍ ဆောင်ရွက်ခွင့်ပေးခဲ့ပါကြောင်း၊ ၂၀၁၈ ခုနှစ်၊ သစ်တောဥပဒေ ပုဒ်မ ၁၈ ပုဒ်မခွဲ(င)အရလည်း သစ်တော ဦးစီးဌာနမှ သီးခြားကန့်သတ် ထားသောကိစ္စမှအပ သစ်မဟုတ်သည့် သစ်တောထွက်ပစ္စည်းများ စီးပွားဖြစ်ထုတ်ယူသည့်ကိစ္စနှင့်ပတ်သက်၍ ဈေးပြိုင်စနစ်ကျင့်သုံးခြင်းမပြုဘဲ ထုတ်လုပ်ခွင့်ပြုနိုင်သည်ဟု ဖော်ပြထားပါကြောင်းနှင့် နည်းဥပဒေရေးဆွဲပြီး ပါက အကောင်အထည်ဖော်ဆောင်ရွက်သွားနိုင်မည်ဖြစ်ပါကြောင်း၊

ထို့ပြင် ဖမ်းဆီးရမိသစ်များကို ပုံစံ(၈)စာရင်း ရေးသွင်းပြီး မြန်မာ့သစ်လုပ်ငန်းသို့ လွှဲပြောင်းပေးပါကြောင်း၊ ၎င်းပုံစံ(၈)ဝင်သစ်များကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်များမှ လေလံ စီမံချက်များရေးဆွဲပြီး တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများမှတစ်ဆင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်နိုင်ရန်၊ ပြည်သူများသုံးစွဲနိုင်ရန် ကန့်သတ်ချက်နှင့် လေလံတင်ရောင်းချခြင်းကို ၂၀၁၃-၂၀၁၄ ခုနှစ်မှ ၂၀၁၇-၂၀၁၈ ခုနှစ်အထိ ကျွန်း၊ သစ်မာ၊ အခြားစုစုပေါင်း ၅၅၁၂၈.၅၁ တန် ရောင်းချပြီး ဖြစ်ပါကြောင်း၊

သစ်တောဦးစီးဌာနအနေဖြင့်လည်း တရားမဝင်ဖမ်းဆီးရမိသည့် ပုံစံ(၈)သစ်များကို လေလံတင်ခြင်းအပြင် နေပြည်တော်ကောင်စီနယ်မြေ/တိုင်းဒေသကြီး/ပြည်နယ်များအတွင်း ဒေသဖွံ့ဖြိုးရေးနှင့် ပြည်သူ့ လိုအပ်ချက် ကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များသို့ တစ်ကြိမ်လျှင် ခွဲသားတန် ၂၀၀ နှုန်းဖြင့် ၂၀၁၆-၂၀၁၇ ခုနှစ်မှစ၍ ရောင်းချပေးခဲ့ရာ ၂၀၁၆-၂၀၁၇ ခုနှစ်တွင် စုစုပေါင်း ၂၀၉၇.၃၆ တန်၊ ၂၀၁၇-၂၀၁၈ ခုနှစ်တွင် (သစ်လုံး၊ ခွဲသား) ၅၇၀၄.၇၈ တန် ရောင်းချပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ တိုင်း ဒေသကြီး/ပြည်နယ်များရှိ ဘုန်းကြီးကျောင်း/စာသင်ကျောင်း/ ဆေးရုံ/ဆေးပေးခန်းများနှင့် ပြုပြင်ဆောက် လုပ်ခြင်းအတွက် ၂၀၁၆-၂၀၁၇ ခုနှစ်အတွင်း(ကျွန်း၊ သစ်မာ၊ အခြား) ၃၄၁.၈၀ တန်နှင့် ၂၀၁၇-၂၀၁၈ ခုနှစ် (ကျွန်း၊ သစ်မာ၊ အခြား)၊ (သစ်လုံး၊ ခွဲသား) ၁၈၂.၈၅ တန် ရောင်းချပေးခဲ့ပြီးဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ လှဖိုးခေါင်ကြား စခန်းတည်ဆောက်ရေးအတွက်လည်း ပုံစံ(၈)ဝင်အုပ်စု (သစ်လုံး၊ ခွဲသား) ၅၀၂.၄၂၆၁ တန်နှင့် ကျွန်းပင်ကျပ်တိုင် ၁၀၉၀၈ လုံး၊ ကျွန်း/ပျဉ်းကတိုးပုံစံ(၈)တိုင် ၁၇၀ လုံးကို ရောင်းချခဲ့ပြီး ဖြစ်ပါကြောင်း၊

သို့ဖြစ်ပါ၍ သစ်တောဥပဒေပုဒ်မ ၁၇ တွင် ပြဋ္ဌာန်းဖော်ပြထားသည့် မိမိသုံး သစ်အသုံးပြုခွင့်ရရှိရေးအတွက် ကိုယ်ကျိုးစီးပွား အလွဲသုံးစားမှုနှင့် စီးပွားဖြစ် ခွင့်ပြုချက်မဲ့ တရားမဝင်ထုတ်လုပ်မှုများအား တားမြစ် ထားသော ကန့်သတ်ချက်များမှအပ ဒေသခံပြည်သူများရဲ့ အခြေခံစားဝတ်နေရေး လိုအပ်ချက်များ အပေါ်မူတည်၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအမြင်၊ ဒေသဆိုင်ရာအုပ်ချုပ်ရေးအမြင်၊ လူမှုစီးပွားရေး အမြင်တို့ဖြင့် ခွင့်ပြုသင့်သည့်နေရာ၊ ခွင့်ပြုသင့်သည့်သစ်မျိုး၊ ခွင့်ပြုသငသည့်တန်ချိန်ပမာဏတို့ကိုစိစစ်ပြီး ခွင့်ပြုဆောင်ရွက် ပေးလျက် ရှိပါကြောင်း၊ ဒေသခံပြည်သူများကလည်း ဥပဒေပါပြဋ္ဌာန်းချက်များကို လေးစားစွာလိုက်နာ ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်းနှင့် ဒေသဖွံ့ဖြိုးရေးနှင့် ပြည်သူများနှင့် လိုအပ်ချက်ဖြည့်ဆည်းနိုင်ရန် လေလံတင်ရောင်းချခြင်း၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များသို့ လိုအပ်ချက်ပေါ်မူတည်၍ ရောင်းချပေးခြင်း၊ ဒေသဖွံ့ဖြိုးရေးများဖြစ်သည့် ဘုန်းကြီးကျောင်း၊ စာသင်ကျောင်း၊ ဆေးရုံ၊ ဆေးပေးခန်း များအတွက် ဖြည့်ဆည်းရောင်းချပေးခြင်းများကို ဆောင်ရွက်လျက် ရှိပါကြောင်း ပြန်လည်ဖြေကြားပါသည်။

ဦးနိုင်နိုင်ဝင်း(တမူးမဲဆန္ဒနယ်)က ဆက်စပ်မေးခွန်းမေးမြန်းပါသည်။

တမူးဒေသတွင် နိုင်ငံတော်ပိုင်သစ်စက်မရှိသည့်အတွက် တရားဝင်ဝယ်ယူ၍ မရနိုင်ပါကြောင်း၊ ပြီးခဲ့သည့် လက ကျေးရွာလေးတစ်ရွာတွင် ဆရာဆရာမ ဝန်ထမ်းအိမ်ရာအတွက် ဝန်ထမ်းအိမ်ရာ ဆောက်လုပ်ရန် တောထဲမှ တစ်တန်မပြညသည့်အင်သားကို သယ်ယူရာ အဖမ်းခံရပါကြောင်း၊ ဝန်ကြီးက မိမိသုံးနှင့် ပတ်သက် ပြီးမှ ခွင့်ပြုထားပါကြောင်း ဖြေကြားခဲ့သော်လည်း မိမိတို့ဒေသတွင် လုံးဝမရပါကြောင်း၊ သစ်တော ဦးစီး အရာရှိကို မေးမြန်းရာတွင်လည်း မိမိသုံးနှင့်ပတ်သက်ပြီး ၎င်းတို့မှ ခွင့်ပြု ပေးနိုင်ခြင်းမရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါကြောင်း၊ ထို့ကြောင့် မိမိသုံးခွင့်ကို ခွင့်ပြုနိုင်သည့် မည်သည့်တာဝန်ရှိပုဂ္ဂိုလ်၊ မည်သည့်အဆင့်ရှိပုဂ္ဂိုလ်က ခွင့်ပြုပေးနိုင်ပါသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ

ဆက်စပ်မေးခွန်းနှင့် ပတ်သက်၍ ယခုအချိန်တွင် ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့များ ပေါင်းစပ် ဆောင်ရွက်ပေး လျက်ရှိပါကြောင်းနှင့် ပေါင်းစပ်ဆောင်ရွက်ပေးနိုင်မှုအခြေအနေကို မိမိတို့ဝန်ကြီးဌာနတွင် စိစစ်ပြီးမှ ပြန်လည်ဖြေကြားနိုင်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ
သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေး