နိုင်ငံအဝန်း သစ်တောပြုန်းတီးမှုကို ကာကွယ်ရန်နှင့် ကာဗွန်ထုတ်လုပ်မှုကို လျော့ချနိုင်စေရန် ထင်းအစားထိုး အခြားလောင်စာသုံးစွဲခြင်းနှင့် အသိပညာပေးခြင်းလုပ်ငန်းများကို ကျယ်ပြန့်စွာဆောင်ရွက်သွားရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်း

ဦးနေထက်ဝင်း (ဆင်ပေါင်ဝဲ မဲဆန္ဒနယ်)
ယနေ့ မိမိတို့နိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံတိုင်းလိုလိုတါင် ရာသီဥတု ပြောင်းလဲလာမှုနှင့်အတူ ပတ်ဝန်းကျင် ဆိုင်ရာ ပြဿနာတွေကို ခံစားနေကြရခြင်းများကို ကုစားနိုင်ရန် နိုင်ငံတိုင်းလိုလိုပင် ဂရုတစိုက်ပြင်ဆင် ဆောင်ရွက်လာကြပါကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့်လည်း ရာသီဥတုအခြေအနေ ချိန်ခွင်လျှာညှိနိုင်ရန်အတွက် ပဲခူးရိုးမသစ်ထုတ်လုပ်မှု ၁၀ နှစ်ရပ်ဆိုင်းခြင်း၊ မြန်မာနိုင်ငံသစ်တောများ ပြန်လည်တည်ထောင်ခြင်းစီမံကိန်းကို ချမှတ်အကောင် အထည်ဖော်ဆောင်ရွက်နေခြင်းများ ဆောင်ရွက်နေသကဲ့သို့ တရားမဝင်သစ်ခိုး ထုတ်ယူခြင်း များကို ဖမ်းဆီးအရေးယူဆောင်ရွက်ခြင်းများ ပြုလုပ်လျက်ရှိပါကြောင်း၊ ထို့အပြင် သစ်တောပြုန်းတီးမှုကို ဖြစ်စေနိုင်သည့်အရာများကိုလည်း လျှော့ချသွားရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ယနေ့ ကမ္ဘာ့လူဦးရေ၏ ၂.၄ ဘီလီယံခန့်သည် အစားအစာချက်ပြုတ်သုံးစွဲရာတွင် ထင်းနှင့် အခြားဇီဝလောင်စာများကို အသုံးပြုနေကြရပြီး ချက်ပြုတသည့် နေရာများတွင်လည်း ရိုးရာဖိုခုံလောက်မီးဖိုများကိုသာ အသုံးပြုနေကြဆဲဖြစ်ပါကြောင်း၊

ကျေးလက်နေ အိမ်ထောင်စုတစ်စု၏ တစ်နှစ်ထင်းသုံးစွဲမှုသည် ၂ ကုဗတန်ရှိပြီး ကာဗွန်ဒိုင် အောက်ဆိုဒ် ထုတ် လုပ်မှုသည် တစ်နှစ်လျှင် ၁.၂ မက်ထရစ်တန်ရှိသည်ဟု မှတ်သားထားဖူးပါကြောင်း၊ ယင်းကဲ့သို့ သုံးစွဲမှုကို အထိုက်အလျောက်လျှော့ချနိုင်ခဲ့မည်ဆိုပါက သစ်တောပြုန်းတီးမှုများ လျှော့နည်းသွားမည်ဖြစ်ပြီး ကာဗွန် ထုတ်လုပ်မှုကို လျော့ချနိုင်မည်ဖြစ်သည့်အပြင် ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ရေးအတွက်ပါ အထောက် အကူပြုစေမည်ဖြစ်ပါကြောင်း၊ ယနေ့ မြန်မာနိုင်ငံအလယ်ပိုင်းဒေသ၊ အပူပိုင်းဒေသများဖြစ်သည့် စစ်ကိုင်းတိုင်း ဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးစသည့် တိုင်းဒေသကြီးများတွင် တောင်ကိုရီးယား နိုင်ငံ Climate Change Center (CCC)အစီအစဉ်ဖြင့် စွမ်းအားမြှင်‌့မီးဖိုများ ဖြန့်ဝေပေးခြင်း အစီအစဉ်ကို ငါးနှစ်ဆက်တိုက်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ဆောင်ရွက်လျက်ရှိရာတွင် ၂၀၁၈ ခုနှစ်က ၂၀၂၃ အထိ ခြောက်နှစ်စီမံကိန်းဖြစ်ပြီး အမေရိကန်ဒေါ်လာ ၇.၂ သန်းထောက်ပံ့ကာ စွမ်းအားမြှင်‌့မီးဖို ၅၄၀၀၀၀ ကျော်ဖြန့် ဝေပေးသွားမည်ဟု သိရှိရပါကြောင်း၊ ရရှိလာမည့် Carbon Credit ၏ ၁၀ ရာခိုင်နှုန်း ကို ဝန်ကြီးဌာနကနေ ရရှိမည်ဖြစ်သည့်အတွက် အဆိုပါစီမံကိန်းသည် မိမိတို့နိုင်ငံအတွက် ကာဗွန်ရောင်းချနိုင်မည့် ပထမဆုံးသော စီမံကိန်းလည်းဖြစ်ပါကြောင်း၊ ထို့ကြောင့် ယင်းအစီအစဉ်ကို ထောက်ခံကြိုဆိုသကဲ့သို့ ယခုအချိန်တွင် လျှပ်စစ် မီးမရရှိနိုင်သေးသည့် ဒေသများအထိ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားစေလိုပါကြောင်း၊ အိန္ဒိယနိုင်ငံတွင် တစ်နှစ်ကို စွမ်းအားမြှင်‌့မီးဖို ၁၅ သန်းဖြန့်ဝေပေးပြီး ၁၀ နှစ်အတွင်း အိမ်ထောင်စု၏ ၈၇ ရာခိုင်နှုန်းအထိ ဖြန့်ဝေပေးသွားရန် အစီအမံတွေ ချမှတ်ထားပါကြောင်း၊ ယင်းသို့ဆောင်ရွက်ခြင်းဖြင့် ကာဗွန်ထုတ်လုပ်မှုကို လျော့နည်းသွားစေမည်ဖြစ်သည့်အပြင် မိမိတို့နိုင်ငံအနေဖြင့်လည်း အပြည်ပြည်ဆိုင်ရာ စံသတ်မှတ်ချက်နှင့် ကမ္ဘာ့ကုလသမဂ္ဂ ရာသီဥတုနှင့်ပတ်သက်သော ဗဟိုဌာနက အသိအမှတ်ပြုထားသည့် စွမ်းအားမြှင့်မီးဖိုများ ဖြန့်ဝေပေးခြင်း၊ ပြည်သူသုံးစွဲရန် အသိပညာပေးခြင်းများ ကျယ်ပြန့်စွာဆောင်ရွက်သွားနိုင်မည်ဆိုပါက ထင်း သုံးစွဲမှုများ လျော့နည်းလာမည်ဖြစ်ပါကြောင်းနှင့် ကျေးရွာပိုင်သစ်တော၊ မိမိပိုင်သစ်တောများ ရေရှည်တည်တံ့ လာနိုင်မည်ဖြစ်သည့်အပြင် ကာဗွန်ထုတ်လုပ်မှုကိုလည်း လျော့ချသွားနိုင်မည် ဖြစ်ပါကြောင်း၊ ကာဗွန် ထုတ်လုပ်မှုကို လျော့ချစေသည်ဖြစ်သည့်အတွက် ပါရီသဘောတူညီချက်ကိုလည်း လိုက်နာအကောင် အထည်ဖော်ရာတွင် အထောက်အကူ ဖြစ်စေပါကြောင်း၊ သို့ပါ၍ နိုင်ငံအဝန်း သစ်တောပြုန်းတီးမှုကို ကာကွယ်ရန်နှင်‌့ ကာဗွန်ထုတ်လုပ်မှုကို လျော့ချနိုင်စေရန် ထင်းအစားထိုး အခြားလောင်စာသုံးစွဲခြင်းနှင်‌့ အသိပညာပေးခြင်းလုပ်ငန်းများကို လျှပ်စစ်မီးမရရှိနိုင်သေးသည့် ဒေသများအထိ ကျယ်ပြန့်စွာဆောင်ရွက်သွားရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။

သစ်တောဦးစီးဌာန၊ သစ်တောသုတေသနဌာနမှ အေဝမ်းစွမ်းအားမြှင်‌့ မီးဖိုထုတ်လုပ်သည့် စက်ရုံတစ်ရုံကို ၁၉၉၄ ခုနှစ်၊ အောက်တိုဘာလတွင် တည်ထောင်ခဲ့ပြီး စတင်ထုတ်လုပ် ရောင်းချခဲ့ပါပြီး တစ်ချိန်တည်းမှာပင် အေဝမ်းစွမ်းအားမြှင်‌့မီးဖို အမြောက်အမြားကို၊ နေရာအနှံ့အပြားတွင် ထုတ်လုပ်ဖြန့်ဝေနိုင်ရန် ကျေးလက် ဒေသခံ ပြည်သူများအလုပ်အကိုင် အခွင့်အလမ်းတိုးပွားစေရန် ရည်ရွယ်ပြီး အေဝမ်းစွမ်းအား မြှင်‌့မီးဖို ထုပ်လုပ်သည့်သင်တန်းများကို ၁၉၉၅ ခုနှစ်မှစပြီး ယနေ့ အချိန်အထိအကြိမ်ကြိမ် ဖွင့်လှစ်ပို့ချနိုင်ခဲ့ပါကြောင်း၊

ယခုအချိန်အထိ သစ်တောသုတေသနဌာနမှ စုစုပေါင်းအေဝမ်းစွမ်းအားမြှင့်မီဖိုး ၅ သောင်းခန့် ဖြန့်ဖြူး ရောင်းချခဲ့ပြီး ဖြစ်ပါကြောင်း၊ မီးဖို၏ တန်ဖိုးသည် လက်ရှိအနေအားဖြင့် ၁၅၀၀ ကျပ် ဖြစ်ပါကြောင်း၊ သစ်တော သုတေသနဌာနမှ ကျေးလက်နေပြည်သူများ၏ အသက်မွေးဝမ်းကျောင်း ဖွံ့ဖြိုးတိုးတက်ရေးနှင်‌့ ဖန်တီး တီထွင်ထားသည့် စွမ်းအားမြှင့်မီးဖိုများဆိုသည့် ခေါင်းစဉ်ဖြင့် အမျိုးသားအဆင်‌့ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်ဆု အတွက် ပေးပို့ယှဉ်ပြိုင်ခဲ့ရာတွင်လည်း အေဝမ်းစွမ်းအားမြှင်‌့မီးဖိုအနေဖြင့် ၂၀၁၈ ခုနှစ်တွင် ချီးမြှင်‌့သော အမျိုးသားအဆင့် ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်ဆုကို ရရှိခဲ့ပါကြောင်း၊

ထို့အပြင် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနအနေဖြင့်လည်း သစ်တောပြုန်းတီးမှု ကာကွယ်ရန်နှင်‌့ ကာဗွန်ထုတ်လုပ်မှုကို လျှော့ချနိုင်ရန်အတွက် ထင်းအစားထိုးလောင်စာသုံးစွဲခြင်း အသိပညာပေးဟော ပြောပွဲများကို မြို့နယ်တိုင်းတွင် ကျေးရွာအနှံံအပြား လွှမ်းခြုံမှုရှိစေရန် တစ်နှစ်စာ လုပ်ငန်းစီမံချက်များ ကြိုတင် ရေးဆွဲပြီး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ဟောပြောပွဲများတွင်လည်း စွမ်းအားမြှင်‌့ မီးဖိုများကို အခမဲ့ဖြန့်ဝေပေးလျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံ အလယ်ပိုင်းအပူပိုင်းဒေသဖြစ်သည့် စစ်ကိုင်းတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီး အထူးသဖြင့် လျှပ်စစ်မီး မရရှိနိုင်သေးသည့် ဒေသများတွင် ထင်းသုံးစွဲမှုလျှော့ချနိုင်ရန်နှင့် သစ်တောပြုန်းတီးမှုများ ကာကွယ်နိုင်ရန်အတွက် မီးဖိုများနှင့် တွဲဖက်ပြီး အသုံးပြုနိုင်သော ထင်းအစား စိုက်ပျိုးရေးသုံး စွန့်ပစ်ပစ္စည်းများဖြစ်သည့် စပါးခွံ၊ ပဲစင်းငုံရိုးစသည့် စက်စွန့်ပစ္စည်းများနှင့် လောင်စာတောင်‌့များကျယ်ပြန့်စွာ အသုံးပြုနိုင်ရေးအတွက် ပြည်သူလူထုအား ပညာပေး ဆောင်ရွက်လျက်လည်း ရှိပါသည့်အပြင် ထင်းအစား အခြားလောင်စာသုံး စံပြကျေးရွာများကို တစ်မြို့နယ်တွင် တစ်ရွာ ရွေးချယ်ပြီး ၂၀၀၁ ခုနှစ်မှစတင် နှစ်စဉ်တည်ထောင်လျက်ရှိပါကြောင်း၊

ထို့အပြင် ဌာနအနေဖြင့် သစ်တောပြန်းတီးမှုကို ကာကွယ်ရန်နှင်‌့ ကာဗွန်ထုတ်လုပ်မှုကို လျှော့ချ ရန်ရည်ရွယ်ပြီး နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သည့် စီမံကိန်းအား အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ကိုရီးယားသမ္မတနိုင်ငံ Climate Change Center (CCC) ၏ အစီ အစဉ်ဖြင့် တောင်အာရှနှင့် အရှေ့တောင်အာရှ ဖွံ့ဖြိုးဆဲနိုင်ငံများနှင်‌့ မြန်မာနိုင်ငံတွင် စွမ်းအင်မြှင်‌့မီးဖိုများ ဖြန့်ဝေရေးစီမံကိန်းကို ၂၀၁၈ ခုနှစ်၊ ဧပြီလမှ စတင်ပြီး ၂၀၂၃ ခုနှစ်အထိ ၆ နှစ်ကြာ အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် စီမံကိန်းတစ်ခုဖြစ်ပါကြောင်း၊ အဆိုပါစီမံကိန်းမှ မြန်မာနိုင်ငံအလယ်ပိုင်း စစ်ကိုင်းတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး သုံးခု မှာရှိ ခရိုင်ခြောက်ခု မြို့နယ် ၂၇ မြို့နယ်တို့တွင် စီမံကိန်းကာလအတွင်း စွမ်းအားမြှင်‌့မီးဖို စုစုပေါင်း ၅၄၀၀၀၀ လုံးကို အခမဲ့ဖြန့်ဝေသွား မည်ဖြစ်ပါကြောင်း၊ စီမံကိန်းကရရှိသည့် ကာဗွန်လျှော့ချထုတ်လွှတ်မှု သက်သေခံချက် (Certified Emission Reduction) အား United Nations Framework Convention On Climate Change-UNFCCC) သို့ လျှောက်ထားရယူပြီး Carbon Credit အနေနှင့် နိုင်ငံတော်မှ အချိုးကျ ခွဲဝေရရှိမည်ဖြစ်ပါကြောင်း၊

အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ၁၉၉၇-၁၉၉၈ ခုနှစ်မှ ၂၀၁၈-၂၀၁၉ ခုနှစ်၊ ဇွန်လကုန် အထိ တိုင်းဒေသကြီး သုံးခုတွင် အေဝမ်းစွမ်းအားမြှင်‌့မီးဖိုဖြန့်ဖြူးခြင်း၊ စိုက်ပျိုးရေးစွန့်ပစ် ပစ္စည်း သုံးစွဲခြင်း၊ လောင်စာတောင့်သုံးစွဲခြင်း၊ အသိပညာပေးဟောပြောပွဲများ ပြုလုပ်ခြင်း၊ စံပြကျေးရွာ ထူထောင်ခြင်း ဆောင်ရွက်ထားနိုင်ခဲ့ပါကြောင်း၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များ အနေဖြင့် လည်း သက်ဆိုင်ရာဒေသများအတွင်း ကာဗွန်ထုတ်လုပ်မှုလျှော့ချနိုင်ရေးအတွက် စွမ်းအားမြှင်‌့မီးဖိုများ ဖြန့်ဝေခြင်း၊ ထင်းအစား ထိုးအခြားလောင်စာသုံးစွဲခြင်းနှင့် အသိပညာပေးလုပ်ငန်းများကို စည်းရုံးဆောင်ရွက် လျက်ရှိပါကြောင်း၊

သို့ဖြစ်ပါ၍ သစ်တောဦးစီးဌာနအနေနဲ့ ထင်းလောင်စာအသုံးပြုမှု လျှော့ချနိုင်ရေးအတွက် ထင်းလောင်စာ အသုံးပြုမှုနည်းပါးပြီး မီးခိုးထွက်ရှိမှု နည်းပါးသည့် စွမ်းအားမြှင့်မီးဖိုများ ထုတ်လုပ်ရောင်းချလျက်ရှိပါ ကြောင်းနှင်‌့ စွမ်းအားမြှင်‌့မီးဖိုများ နေရာအနှံ့အပြားတွင် ထုတ်လုပ်ဖြန့်ဝေနိုင်ခြင်းရှိပါကြောင်း၊ ကျေးလက် ဒေသခံ ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်း တိုးပွားရေးအတွက် အေဝမ်းမီးဖိုထုတ်လုပ်သည့် သင်တန်း များအား ပို့ချဆောင်ရွက်လျက်ရှိပါကြောင်း၊ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနအနေဖြင့်လည်း ထင်းအစားထိုး အခြားလောင်စာသုံးစွဲခြင်းနှင့် အသိပညာပေးလုပ်ငန်းများကို လျှပ်စစ်မီးမရရှိနိုင်သေးသည့် ဒေသများမှ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားရန်အတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် အေဝမ်းစွမ်းအား မြှင်‌့မီးဖိုဖြန့်ဝေခြင်း ၃၈၁၈၂ လုံး၊ စိုက်ပျိုးရေး စွန့်ပစ်ပစ္စည်းသုံးစွဲခြင်း ၁၃၉၀၀၀ တန်၊ လောင်စာ တောင့်သုံးစွဲခြင်း ၃၀၄၈၀၀၀ တုံး၊ အသိပညာပေးဟောပြောပွဲ ၂၁၂၂ ကြိမ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာရဲ့မြင့်ဆွေ
သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေး