ဦးမင်းသိန်း(တောင်တွင်းကြီးမဲဆန္ဒနယ်) ၏ ဆင်များနှင့်ပတ်သက်သည့်မေးခွန်း

မြန်မာ့မြေပေါ်တွင် အာရှဆင်မျိုးစိတ်များသည် ရှေးနှစ်သန်းပေါင်းများစွာကတည်းက ကျက်စား နေထိုင်ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံတွင် တွေ့ရှိရသော ဆင်များသည် အိန္ဒိယဆင် မျိုးစိတ်တွင် ပါဝင်ပြီး တိရစ္ဆာန်များထဲတွင် လေ့ကျင့်သင်ကြားရန် အလွယ်ဆုံးဖြစ်ပါကြောင်း၊ ကမ္ဘာပေါ်တွင် ဆင်မျိုးစိတ်များစွာရှိခဲ့သော်လည်း အာဖရိကဆင်နှင့် အာရှဆင်နှစ်မျိုးသာ ကျန်ရှိသည့်အတွက် ကမ္ဘာ့နိုင်ငံများ၊ အစိုးရများ၊ ပညာရပ်ဆိုင်ရာအဖွဲ့အစည်းများက ဆင်ထိန်းသိမ်းရေးလုပ်ငန်းများကို ဆောင်ရွက်လာကြပြီး ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးက သြဂုတ်လ ၁၂ ရက်နေ့ကို ကမ္ဘာ့ဆင်များနေ့ဟူ၍ သတ်မှတ်ထားရှိပါကြောင်း၊မြန်မာနိုင်ငံတွင် ဆင်မုဆိုးများသတ်ဖြတ်နေမှုကြောင့် မကြာမီမျိုးသုဉ်းပျောက်ကွယ်သွားမည်ကို စိုးရိမ်ရပါကြောင်း၊ ဆင်များကိုအရေးတကြီးကာကွယ် စောင့်ရှောက်ဖို့လိုနေပြီဖြစ်သည့်အတွက် သက်ဆိုင်ရာဝန်ကြီး ဌာနမှမည်ကဲ့သို့သောအစီအစဉ် များ စီစဉ်ဆောင်ရွက်ထားရှိသည်ကို သိလိုပါသောကြောင့် မေးမြန်းပါသည်။

ဦးမင်းသိန်း ( တောင်တွင်းကြီးမဲဆန္ဒနယ်)

ဆင်များသည် သဘာဝအတိုင်းကျက်စားသည့် ဧရိယာသည် အခြားမြေအဖြစ်ကို ပြောင်းလဲသွားသည့်အတွက် ဆင်နှင့်လူများ ပြဿနာဖြစ်ပါကြောင်း၊ ၂၀၁၆ ခုနှစ်တွင် ၂၃မှု ဖြစ်ပွားခဲ့သည့်အတွက် လူခြောက်ဦးသေဆုံးပါကြောင်း၊ ၂၀၁၇ ခုနှစ်မှာ ၁၂ မှု ဖြစ်ပွားခဲ့သည့်အတွက် လူကိုးဦးသေဆုံးပါကြောင်း၊ ၂၀၁၈ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့်အတွက် လူနှစ်ဦးသေဆုံးပါကြောင်၊ ထို့ကြောင့် ဒေသခံများကိုလည်း တောဆင်ရိုင်းများ ခြောက်လှန့် မောင်းနှင်နိုင်မည့် နည်းလမ်းများ၊ ဆင်များနှစ်သက်မှုမရှိသည့် သီးနှံများ၊ စိုက်ပျိုးရေး၊ ဆောင်ရန်/ရှောင်ရန်တို့ကို ဌာနဝန်ထမ်းများ၊ ဒေသခံများနှင့် ပညာပေးဟောပြောရှင်းလင်းလျက် ရှိပါကြောင်း၊ တောဆင်ရိုင်းများ၏ ရာသီအလိုက် ရွေ့လျားမှုကိုသိရှိရန်အတွက် ဆင်နှင့် လူပဋိပက္ခလျှော့ချရေးလုပ်ငန်းများ ဆောင်ရွက်ရန် အထောက်အကူပြုရန်ရည်ရွယ်ပြီး သစ်တောဦးစီးဌာန၊ မြန်မာ့သစ်လုပ်ငန်း၊ အမေရိကန်ပြည်ထောင်စု၊ Smithsonian Conversation Biology Institute (SCBI)တို့ပူးပေါင်းပြီး ပြည်နယ်/တိုင်းဒေသကြီးရှိ ဆင်နှင့် လူပဋိပက္ခဖြစ်ပွားမှု များသော ရန်ကုန်တိုင်းဒေသကြီးတွင် တောဆင်ရိုင်း ၁၃ ကောင်၊ ပဲခူးတိုင်းဒေသကြီးတွင် တောဆင်ရိုင်းငါးကောင်၊ တနင်္သာရီတိုင်းဒေသကြီးတွင် တောဆင်ရိုင်းငါးကောင်နှင့် ဧရာဝတီတိုင်းဒေသကြီးတွင် တောဆင်ရိုင်းငါးကောင် စုစုပေါင်း တောဆင်ရိုင်း ၂၈ ကောင်တို့ကို ရေဒီယိုကော်လာတပ်ဆင်ပေးပြီး ရာသီအလိုက် ၎င်းတောဆင်ရိုင်းများ၏ ရွှေ့ပြောင်းမှုဆိုင်ရာအချက်အလက်များကိုအခြေခံပြီး တောဆင်ရိုင်းများ ကျေးရွာများ၊ စိုက်ခင်းများသို့ ဝင်ရောက်လာသည့် လမ်းကြောင်းကို နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ် ခြံစည်းရိုးများပြုလုပ်ကာ လူနှင့်ဆင်ပဋိပက္ခဖြစ်ပွားမှုများ လျှော့ချနိုင်ရေးကိုလည်း ဆောင်ရွက် လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံရှိ တောဆင်ရိုင်းများနှင့် အိမ်မွေးတိရစ္ဆာန်များကို ထိရောက်စွာကာကွယ်နိုင်ရေးအတွက် သစ်တောဦးစီးဌာနနှင့်(WCS)တို့ ပေါင်းစည်းကာ ၂၀၁၈-၂၀၂၇ မြန်မာနိုင်ငံ ဆင်ထိန်းသိမ်းရေးလုပ်ငန်း စီမံချက် (Myanmar Elephant Conversation Action Plan-MECAP) ကို ရေးဆွဲပြီး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယင်းသို့ပြုလုပ်ရခြင်း၏ ရည်မှန်းချက်သည် ဆင်၏ပျမ်းမျှသက်တမ်းကို နှစ်ဆဖြစ်စေပြီး နှစ်ပေါင်း ၁၀၀ ပြည့်ဖြစ်အောင်‌ အဓိကစီမံချက်လေးခုဖြစ်သည့် တောဆင်ရိုင်းများနှင့် ၎င်းတို့၏ ကျက်စားနယ်မြေများကို ကာကွယ်ခြင်း၊ လူနှင့်ဆင်ပဋိပက္ခများကို ဖြေရှင်းခြင်း၊ ဆင်နှင့်ဆင် အစိတ်အပိုင်းများအား တရားမဝင်ရောင်းဝယ်မှုကို တားဆီးခြင်း၊ အိမ်မွေးဆင်များကို စီမံခန့်ခွဲခြင်းများပါဝင်ပါကြောင်း၊ သို့ဖြစ်ပါ၍ တောဆင်ရိုင်းများ၏ နေရင်းဒေသများ တည်ငြိမ်ကောင်းမွန်ရေးနှင့် တောဆင်ရိုင်းများကြောင့် လူသားတို့အတွက် အန္တရာယ် မရှိစေရေးတို့အတွက် မြန်မာနိုင်ငံဆင်ထိန်းသိမ်းရေးလုပ်ငန်းစီမံချက်ကို ဆက်စပ်အဖွဲ့အစည်းများ၊ မိတ်ဘက် INGO များနှင့် လူမှုအဖွဲ့အစည်းများ၊ ဒေသခံပြည်သူများနှင့်ပူးပေါင်းပြီး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်းပြန်လည်ဖြေကြားပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း