ဦးလှထွန်း( ခန္တီး မဲဆန္ဒနယ်)၏ ကျေးရွာမြေ၊ စိုက်ပျိုးမြေများပါဝင်နေသော သစ်တောကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်တော၊ အဆိုပြုကြိုးဝိုင်း၊ ဘေးမဲ့တော၊ အဆိုပြုဘေးမဲ့တော့၌ ဆက်လက်ပြီး ပယ်ဖျက်သွားရန် အစီအစဉ်ရှိ/မရှိ မေးခွန်း

မြန်မာနိုင်ငံဒေသအသီးသီးတွင် သစ်တောကြိုးဝိုင်းများ၊ ဘေးမဲ့တောများ ထိန်းသိမ်းနေခြင်းသည် အင်မတန်ကောင်းမွန်သော လုပ်ဆောင်ချက်ဖြစ်ပြီး တိုးချဲ့ သတ်မှတ်သင့်တဲ့နေရာများကိုလည်း တိုးချဲ့သတ်မှတ်ဖို့လိုပါကြောင်း၊ ထိုကဲ့သို့ တိုးချဲ့ သတ်မှတ်သည့်နေရာများတွင် စိုက်ပျိုးမြေ၊ ရွာမြေများနှင့် လွတ်ကင်းသော ဒေသများကို သတ်မှတ်ရန် ညွှန်ကြားထား မည်ဟုလည်း ယုံကြည်ပါကြောင်း၊ သို့ရာတွင် ဟူကောင်း ဘေးမဲ့အဆိုပြုတော သတ်မှတ်သည့် နေရာတွင် ခန္တီးမြို့နယ်က ကျေးရွာ ၆ ရွာ နှင့် စိုက်ပျိုးမြေများ၊ နန်းယွန်း မြို့နယ်က ကျေးရွာ ၅ ရွာနှင့် စိုက်ပျိုးမြေများ ကချင်ပြည်နယ်၊ ချီဖွေယန်မြို့နယ်ခွဲက ကျေးရွာများနှင့် စိုက်ပျိုးမြေများပါဝင်နေကြောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာနအနေဖြင့် ပထမ အကြိမ် ကျေးရွာပေါင်း ၁၂၁၃ ရွာ၊ စိုက်ပျိုးမြေပေါင်း ၃၄၅၈၈၉.၁၃ ဧက ကြိုးပြင်တော၊ ကာကွယ်တောများမှ ပယ်ဖျက်ပြီးကြောင်းနှင့် ဒုတိယအကြိမ် ထပ်မံပယ်ဖျက်ရန်စီစဉ်ဆောင်ရွက်နေကြောင်း ပြည်ထောင်စု နေ့စဉ်သတင်းစာတွင် ဖော်ပြထားရှိရာ ဟူးကောင်းဘေးမဲ့တော ပါဝင်ခြင်းရှိ/မရှိနှင့် ကျေးရွာမြေ၊ စိုက်ပျိုးမြေများပါဝင်နေသော သစ်တောကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်တော၊ အဆိုပြုကြိုးဝိုင်း၊ ဘေးမဲ့တော၊ အဆိုပြုဘေးမဲ့တော့၌ ဆက်လက်ပြီး ပယ်ဖျက်သွားရန် အစီအစဉ်ရှိ/မရှိ မေးမြန်းပါသည်။

ကြိုးပြင် ကာကွယ်တောတွေကိုတော့ သတ်မှတ်ထားသောလုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ နှစ်ပေါင်း မြောက်များစွာ အချိန်ယူ ဆောင်ရွက်ခဲ့ ပါကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင် အထက်ချင်းတွင်း အနောက်ဘက် ကမ်း နန့်ပုတ်ချောင်းနှင့် ချင်းတွင်းမြစ်အရှေ့ဘက်ကမ်း ပဒူမုန်းချောင်းတို့၏ အထက်ပိုင်းနယ်မြေများပါဝင်သော ဧရိယာကို ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနက၂၀၀၄ ခုနှစ်တွင် အမိန့် ကြော်ငြာစာအမှတ် ၇/၂၀၀၄ဖြင့် ဟူးကောင်းချိုင့်ဝှမ်းတိုးချဲ့ တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောအဖြစ် သတ်မှတ်ရန် ရည်ရွယ်ကြောင်း ကြေငြာခဲ့ပြီး အဆိုပြု နယ်မြေတွင်ပါဝင်သော ကချင်ပြည်နယ်မှ တနိုင်း၊ ဖားကန့်၊ မိုးကောင်း မြို့နယ်များနှင့် စစ်ကိုင်းတိုင်းမှ နန်းယွန်း၊ လဟယ်၊ ခန္တီးမြို့နယ်များတွင် ပဏာမစိစစ်ရေးအဖွဲ့များကို သက်ဆိုင်ရာ မြို့နယ်မှ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှူးက တာဝန်ယူပြီး ဖွဲ့စည်းဆောင်ရွက်ခဲ့ပါကြောင်း၊ ပဏာမစိစစ်ရေးအဖွဲ့များအနေဖြင့် လုပ်ထုံး လုပ်နည်းများနှင့်အညီ စိစစ်ခဲ့ပြီး ၂၀၁၀ ခုနှစ်၊ ဧပြီလ ၂၃ ရက်နေ့တွင် ကျင်းပသော ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် ၁၅/၂၀၁၀၏ ဆုံးဖြတ်ချက်အရ မိမိတို့ ဝန်ကြီးဌာနက ဟူးကောင်းချိုင့်ဝှမ်း တိရစ္ဆာန်ဘေးမဲ့တောအဖြစ် တိုးချဲ့သတ်မှတ်ခဲ့ပါကြောင်း၊ ယင်းကဲ့သို့ ဟူးကောင်းချိုင့်ဝှမ်း တိရစ္ဆာန်ဘေးမဲ့တော သတ်မှတ်ရာတွင် ခန္တီးမြို့နယ်၏ ကျေးရွာ ၇ ရွာမှ တောင်သူ ၃၀၈ ဦး၏ လျှောက်ထားချက်များကို ပဏာမစိစစ်ရေးအဖွဲ့၏ကွင်းဆင်းစစ်ဆေးချက်အရ စိုက်ပျိုးမြေ ၁၂၂၁.၂၅ ဧက၊ စားကျက်ချခွင့်နှင့် ကျွဲ၊ နွား၊ တိရစ္ဆာန် ၂၇၅ ကောင်၊ ရွာမြေအားဖြင့် ၈၄ ဧက၊ အများပိုင်စားကျက်မြေ ၃၇.၂၅ တို့ကို လည်းကောင်း နန်းယွန်းမြို့နယ်တွင် ကျေးရွာ၊ ရပ်ကွက် ၁၃ ခုတို့မှ တောင်သူ ၆၃၇ ဦးတို့ကိုလည်း စိုက်ပျိုးမြေ ၁၅၈၀၈.၅ ဧက၊ စားကျက်ချခွင့် ကျွဲ၊ နွားအကောင်ရေ ၁၉၄၆ ကောင်၊ ရွာမြေ ၁၁၀၄၀ ဧက၊ အများပိုင်စားကျက်မြေ ၂၁၄ ဧက တို့ကိုလည်းကောင်း ချန်လှပ်ခွင့်ပြုပေးခဲ့ပြီး ၂၀၀၉ ခုနှစ်တွင် လုပ်ငန်းများကိုအဆုံးသတ်နိုင်ခဲ့ပါကြောင်း၊ ထို့ကြောင့် ပဏာမစိစစ်ရေးအဖွဲ့များအနေဖြင့် ဒေသခံပြည်သူများ၏ လျှောက်ထားချက်များအပေါ် စိစစ်ခြင်းတို့ကို လုပ်ထုံး လုပ်နည်းများနှင့်အညီ ဆောင်ရွက်ခဲ့ပါကြောင်း၊ သို့သော် ကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်တောနှင့် သဘာဝနယ်မြေများ ဖွဲ့စည်း သတ်မှတ်စဉ်က နယ်မြေဒေသအလိုက် လုံခြုံရေးအခြေအနေအရ မြေအသုံးချမှုများစာရင်းတွင်မပါဝင်ဘဲ ကျန်ရှိခဲ့ခြင်း များလည်း ရှိနိုင်ကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် ထပ်မံဝင်ရောက်ပြီး အခြေချလုပ်ကိုင်သည့် အစီအစဉ်များလည်း ရှိနိုင်ပါကြောင်း၊ နှစ်ကာလကြာမြင့်လာသည့်အတွက် လူဦးရေ၊၊ အိမ်ခြေနှင့် စိုက်ပျိုးမြေများ တိုးပွားလာနိုင်ခြင်းတို့ကြောင့် ပြည်သူများ၏ အသုံးပြုမြေများသည် ကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်တောနှင့် သဘာဝနယ်မြေများအတွင်း ကျရောက် ပါဝင်နေမှုများလည်းရှိနိုင်ရာ ယင်းသို့ ဝင်ရောက်လုပ်ကိုင် ဆောင်ရွက်နေမှု များကို တည်ဆဲဥပဒေအရ အရေးယူရန် ဖြစ်သော်လည်း ဒေသခံပြည်သူ များဘဝရှင်သန်ရပ်တည်နိုင်ရေးအတွက် ယခုအချိန်အထိ အရေးယူ ဆောင်ရွက်ခြင်း မရှိပါကြောင်း၊ ယခုအခါ သစ်တောကြိုးဝိုင်းနှင့် ကြိုးပြင်ကာကွယ်တောအတွင်း အချိန်ကာလအတိုင်းအတာ တစ်ခုအထိရောက် ရှိနေသော ဒေသခံပြည်သူ များ၏ နေထိုင်လုပ်ကိုင်စားသောက်နိုင်ခွင့်များကို တစ်ပြည်လုံး အတိုင်းအတာနှင့် ခွင့်ပြုပေးလျက်ရှိရာ ဟူးကောင်းတိုးချဲ့တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော၏ ဧရိယာလည်း ပါရှိပါကြောင်း၊ ထပ်မံ၍လည်း နှစ် ၃၀ စီမံကိန်း ရည်မှန်းချက်များနှင့်အညီ ကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်တောများနှင့် သဘာဝနယ်မြေများကို တိုးချဲ့ဖွဲ့စည်းသွားသည့် အခါ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများအပေါ်မှာ အခြေခံပြီးတော့ ဒေသခံအုပ်ချုပ်ရေးအဖွဲ့များ၊ ဆက်စပ်ဌာနများနှင့် ဒေသခံများ၏ သဘောထားနှင့် တင်ပြတောင်းဆိုချက်များကို အလေးထားဆောင်ရွက်သွား မည်ဖြစ်ပြီး ကျေးရွာမြေ၊ လယ်ယာသီးနှံစိုက်ပျိုးမြေ၊ အများပိုင်မြေနှင့် သာသနာ့မြေ များကိုလည်း ချန်လှပ်ခြင်းအားဖြင့် ဒေသခံများ၏ အခွင့်အရေးများမနစ်နာစေရေး၊ မလိုလားအပ်သော ပြဿနာများ မဖြစ်ပေါ်စေရေးတို့အတွက် အလေးထား ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။