ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ နည်းဥပဒေ (မူကြမ်း) အပေါ် ရရှိထားသည့် အကြံပြုချက်များအား သုံးသပ်ခြင်းဆိုင်ရာ ဒုတိယအကြိမ် ကျွမ်းကျင်သူ စကားဝိုင်း ဆွေးနွေးပွဲကျင်းပ

ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ နည်း ဥပဒေ (မူကြမ်း)အပေါ် ရရှိထားသည့် အကြံပြုချက်များအား သုံးသပ်ခြင်းဆိုင်ရာ ဒုတိယအကြိမ် ကျွမ်းကျင်သူ စကားဝိုင်းဆွေးနွေးပွဲကို ၁၅-၁၁-၂၀၁၈ ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်၌ နွယ်သာကီဟိုတယ်၊ နေပြည်တော်တွင် ကျင်းပရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော် တက်ရောက်၍ အဖွင့်အမှာစကားပြော ကြားပါသည်။

            အမှာစကားပြောကြားရာတွင် နည်းဥပဒေကြမ်းရေးဆွဲခြင်းသည် အချိန်ကာလတစ်ခုအထိ တိတိကျကျပြောရမည်ဆိုပါက ၂၀၁၈ ခုနှစ်၊ ဧပြီလမှ ယခု နိုဝင်ဘာလအထိ (၈)လခန့်ရှိပြီး နည်းဥပဒေ ကြမ်းပေါ်ထွက်လာရေး ရည်မှန်းချက်ပန်းတိုင်နှင့် နီးကပ်လာပြီ ဖြစ်ပါကြောင်း၊ သစ်တောဦးစီးဌာန သည် ၂၀၁၈ ခုနှစ်၊ မေလ(၂၁)ရက်နေ့တွင် ပြဌာန်းလိုက်သည့် “ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်း ရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေ” ကို ရေးဆွဲစဉ်ကတည်းကပင် ဇီဝမျိုးစုံမျိုး ကွဲထိန်းသိမ်းရေးနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ စီမံအုပ်ချုပ်ခြင်းတွင် ပြည်သူလူထု ပူးပေါင်း ပါဝင်လာရေး၊ ဒေသခံပြည်သူများ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုရေး၊ မိရိုးဖလာ ကိုးကွယ် ယုံကြည်မှုအရလည်းကောင်း၊ သယံဇာတ လိုအပ်ချက်များကြောင့်လည်းကောင်း ဒေသခံများ ဘိုးစဉ် ဘောင်ဆက်ထိန်းသိမ်းထားသည့် နယ်မြေများ၊ အရင်းအမြစ်များကို ဥပဒေအရ အကာအကွယ်ပေးနိုင် ရန် အဓိကမျှော်မှန်းချက်တစ်ရပ်အနေဖြင့် ထည့်သွင်းခဲ့ပါကြောင်း၊

            ထိန်းသိမ်းရေးကို မထိခိုက်စေဘဲ ဒေသခံပြည်သူများ၏ ဖွံ့ဖြိုးရေး၊ ထိန်းသိမ်းရေးတွင် ဒေသခံ ပြည်သူများ ပူးပေါင်းပါဝင်လာရေးတို့ကို စနစ်တကျ ခွင့်ပြုပေးနိုင်မည့် နည်းဥပဒေများကို ပြုစုနိုင်ရန် အရပ်ဘက်အဖွဲ့အစည်းများ၊ ဌာနေတိုင်းရင်းသားများနှင့် ဒေသခံအစုအဖွဲ့များ၏ ကိုယ်စားလှယ်များ ကို နည်းဥပဒေကြမ်းကို ရေးဆွဲရာတွင် အထူးဖိတ်ကြား ပူးပေါင်းပါဝင်စေခဲ့ပါကြောင်း၊ ထိန်းသိမ်းရေးတွင် ဒေသခံများပူးပေါင်းပါဝင်ရန်၊ မျှတသည့် အကျိုးအမြတ်များ ပေးအပ်နိုင်ရန်နှင့် လူမှုစီးပွားရေး ဖွံ့ဖြိုး တိုးတက်ရေးကို အထောက်အကူပြုရန် ထိရောက်သည့် နည်းလမ်းများဖြစ်သည့် ဂေဟစနစ်ဝန်ဆောင်မှု များအပေါ် အခကြေးငွေပေးဆောင်ခြင်း၊ သဘာဝအခြေခံ ခရီးသွားလုပ်ငန်း၊ ဝင်ကြေးနှင့် ခရီးသွား လုပ်ငန်းဆိုင်ရာ အခကြေးငွေများကောက်ယူခြင်း၊ မျိုးဆက်ပျက်သုဉ်းလုဆဲ တောရိုင်းတိရစ္ဆာန်နှင့် သစ်ပင်ပန်းမန်များ နိုင်ငံတကာ ကုန်သွယ်မှုဆိုင်ရာ ကွန်ဗင်းရှင်း အကောင်အထည်ဖော်ခြင်းစသည့် အကြောင်းအရာများကို ဥပဒေအသစ်တွင် ပါဝင်လာသည်နှင့်အညီ ပြည်တွင်းသာမက ပြည်ပကျွမ်းကျင် သူများ၏ အကြံပြုချက်များကိုပါရယူခဲ့ပါကြောင်း၊

            ယခုရေးဆွဲနေသည့် နည်းဥပဒေသည် ပြည်ထောင်စုတစ်ရပ်လုံး လွှမ်းခြုံသည့် ဥပဒေတစ်ရပ်၏ နည်းဥပဒေဖြစ်သည်နှင့်အညီ နေရာဒေသတစ်ခုစီအတွက် သေးစိတ်ပါရှိရန် မလွယ်ကူပါကြောင်း၊ ပြည်ထောင်စုအတွင်းတွင် တစ်နေရာနှင့်တစ်နေရာ မတူညီမှုအခြေအနေ၊ ပေးထားချက်များ၊ အခင်း အကျင်းများ မတူညီသောကြောင့် နေရာဒေသတစ်ခုစီအလိုက် သီးခြားဆန်သည့် ပြဌာန်းချက်များကို ယခုနည်းဥပဒေတွင် ထည့်သွင်းရန် အလွန်ခက်ခဲပါကြောင်း၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ တိုင်းဒေသ ကြီးနှင့် ပြည်နယ်များတွင် ကိုယ်ပိုင်ဥပဒေများ ပြဌာန်းခွင့်ရှိသောကြောင့် နေရာဒေသတစ်ခုစီအလိုက် သီးခြားဖြစ်သည့် ပြဌာန်းချက်များ၊ စည်းကမ်းချက်များကို သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ် များမှ ဥပဒေရေးဆွဲရာတွင် ထည့်သွင်းသင့်ပါကြောင်း၊ ယနေ့ကျင်းပသည့် ဆွေးနွေးပွဲသို့ တက်ရောက် လာကြသည့် ကိုယ်စားလှယ်များအားလုံးအနေနှင့် နည်းဥပဒေကြမ်းအပေါ် ရရှိထားသည့် အကြံပြု ဖြည့်စွက်ချက်များအား မိမိတို့ ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှ အသိပညာ၊ အတတ်ပညာ၊ အတွေ့အကြုံ များကို အသုံးပြုပြီး ဝိုင်းဝန်းဆွေးနွေးပေးကြပါရန် တိုက်တွန်းပြောကြားပါသည်။

            အခမ်းအနားသို့  ဌာနဆိုင်ရာအသီးသီးမှ ကိုယ်စားလှယ်များ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ ဌာနေတိုင်းရင်းသားများနှင့် ဒေသခံအစုအဖွဲ့ကိုယ်စားလှယ်များ၊ ထိန်းသိမ်းရေးဆိုင်ရာ အစိုးရ မဟုတ်သော အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ဥပဒေပညာရှင်များ တက်ရောက်ကြပါသည်။

 

date: 
Friday, November 16, 2018 - 09:45