သစ်တောပြုန်းတီးခြင်းနှင့် သစ်တောအတန်းအစား ကျဆင်းခြင်းမှ ကာဗွန်ထုတ်လွှတ်မှု လျှော့ချခြင်း (REDD+) နှင့်ဂေဟစနစ်ဝန်ဆောင်မှုဆိုင်ရာအလုပ်ရုံဆွေးနွေးကျင်းပ

သစ်တောပြုန်းတီးခြင်းနှင့် သစ်တောအတန်းအစား ကျဆင်းခြင်းတို့မှ ကာဗွန် ထုတ်လွှတ်မှု လျော့ချခြင်း (REDD+) နှင့် ဂေဟစနစ်ဝန်ဆောင်မှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ၂၆-၁၁-၂၀၁၈ ရက်နေ့၊ နံနက် (၀၈:၀၀) နာရီအချိန်၌ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ရေဆင်းရှိ သစ်တောသုတေသနဌာန၊ စုဝေးခန်းမတွင် ကျင်းပရာ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် (စီမံခန့်ခွဲရေး) ဦးဇော်မင်း တက်ရောက်၍ အဖွင့်အမှာစကားပြောကြားပါသည်။

အမှာစကားပြောကြားရာတွင် REDD+ လုပ်ငန်းစဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့် ကမ္ဘာကြီးပူနွေးလာမှုကို လျှော့ချနိုင်မည့် နည်းလမ်းကောင်းတစ်ခုဖြစ်သောကြောင့် ဖွံ့ဖြိုးဆဲနိုင်ငံများနှင့် ဖွံ့ဖြိုးပြီးနိုင်ငံများမှ စိတ်ပါဝင်စားစွာ အကောင်အထည်ဖော် အားပေးဆောင်ရွက်လာသည့် လုပ်ငန်းစဉ် တစ်ခုဖြစ်သလို မြန်မာနိုင်ငံအနေဖြင့်လည်း ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလမှာ UN-REDD Programme ရဲ့ အဖွဲ့ဝင်နိုင်ငံဖြစ်လာခဲ့ပြီး အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနဲ့ ပူးပေါင်း၍ REDD+ လုပ်ငန်းစဉ်များကို တိုးမြှင့် ဆောင်ရွက်လာနိုင်ခဲ့သည်မှာ ယခုအလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်သည့် FD-ICIMOD REDD+ စီမံကိန်း အပါအဝင်ပင် ဖြစ်ပါကြောင်း၊

REDD+ လုပ်ငန်းစဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့် ကမ္ဘာကြီးပူနွေးလာမှုကို လျှော့ချနိုင်မယ့် နည်းလမ်းကောင်းတစ်ခုဖြစ်သည့်အပြင် ဂေဟစနစ်ဆိုင်ရာ ဝန်ဆောင်မှုများ ဖြစ်သည့် ပံ့ပိုးပေးခြင်း (Supporting)၊ အထောက်အပံ့ပေးခြင်း (Provisioning)၊ ထိန်းညှိခြင်း (Regulating)၊ ယဉ်ကျေးမှုဓလေ့ ထိန်းသိမ်းခြင်း(Cultural) အစရှိသည့် အကျိုးကျေးဇူးများ လည်း ရရှိစေနိုင်ပါကြောင်း၊

ယခုကျင်းပမည့် အလုပ်ရုံဆွေးနွေးပွဲသည် ရာသီဥတုပြောင်းလဲမှု လျှော့ချနိုင်ရန်အတွက် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက်များအား အကောင်အထည်ဖော် ဆောင်ရွက်ရာမှာ REDD+ ဆိုင်ရာလုပ်ငန်းစဉ်များ ချိတ်ဆက်ဆောင်ရွက်မှုများနှင့် ပတ်သက်၍ တက်ရောက် လာကြတဲ့ ပညာရှင်များ၏ အတွေ့အကြုံတွေ မျှဝေနိုင်စေရန်၊ အဖွဲ့အစည်းအသီးသီးမှ ဆောင်ရွက်နေကြသည့် REDD+ လုပ်ငန်းနှင့် ဂေဟစနစ်များ ထိန်းသိမ်း ကာကွယ်ခြင်း လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရာတွင် တွေ့ကြုံရသည့် အခက်အခဲများ၊ အောင်မြင်မှုများ၊ အတွေ့အကြုံများ၊ စီမံကိန်းရလဒ်များနှင့် သုတေသနတွေ့ရှိချက်များကို အပြန်အလှန်မျှဝေနိုင်စေရန် နှင့် နောင်အနာဂတ်တွင် မြန်မာနိုင်ငံနှင့် လိုက်ရောညီထွေမှုရှိသည့် REDD+ နှင့် ဂေဟစနစ်ဝန်ဆောင်မှုဆိုင်ရာ ဆက်လက်လုပ်ဆောင်သင့်တဲ့ လုပ်ငန်းစဉ်များကို ဆွေးနွေးအကြံပြုနိုင်စေရန်  စသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပပြုလုပ်သည့်အတွက် ဝိုင်းဝန်း ဆွေးနွေးပေးကြပါရန် ပြောကြားပါသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားသို့ ဆက်စပ်ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ်များ၊ သစ်တောသုတေသနဌာနမှ သုတေသီများ၊ ပြည်တွင်းနှင့် နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ CSO များ၊ UN-REDD၊ IUCN အစရှိသည့် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြပါသည်။

 

 

date: 
Tuesday, November 27, 2018 - 14:30