ပင်လယ်ကမ်းရိုးတန်းဒေသနေ ပြည်သူများ ရာသီဥတုပြောင်းလဲမှုနှင့်အညီ လိုက်လျောညီထွေရပ်တည်နိုင်ရေးအတွက် ဒီရေရောက်သစ်တောများကို စနစ်တကျ စီမံအုပ်ချုပ်လုပ်ကိုင်ခြင်းစီမံကိန်း၏ သဘာဝဘေးအန္တရာယ် ထိခိုက်လွယ်မှုဆန်းစစ်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပ

ပင်လယ်ကမ်းရိုးတန်းဒေသနေ ပြည်သူများ ရာသီဥတုပြောင်းလဲမှုနှင့်အညီ လိုက်လျော ညီထွေ ရပ်တည်နိုင်ရေးအတွက် ဒီရေရောက်သစ်တောများကို စနစ်တကျ စီမံအုပ်ချုပ်လုပ်ကိုင် ခြင်း စီမံကိန်း”၏ သဘာဝဘေးအန္တရာယ် ထိခိုက်လွယ်မှုဆန်းစစ်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ (၂၂-၂-၂၀၁၉) ရက်နေ့၊ နံနက် (၀၉:၀၀)နာရီ၌ M-gallery Hotel ၊ နေပြည်တော်တွင် ကျင်းပရာ သစ်တောဦးစီးဌာန၊ ညွှန်ကြာရေးမှူးချုပ် ဒေါက်တာညီညီကျော် တက်ရောက်၍ အမှာစကား ပြောကြားပါသည်။
အမှာစကားပြောကြားရာတွင် ပတ်ဝန်းကျင်တွင် ကြုံတွေ့နေကြရသည့် ဘေးအန္တရာယ်များ မှာ လေ့လာကြည့်မည်ဆိုပါက (၅)မျိုးခန့် ခွဲခြားဖော်ပြနိုင်ပါကြောင်း၊ ဆိုင်ကလုံး၊ တိုင်ဖွန်း၊ ဟာရီ ကိန်းစသည့် အပူပိုင်းဒေသ လေပြင်းမုန်တိုင်းများကျရောက်မှု၊ ရေကြီးရေလျှံမှု၊ တောမီးလောင် ကျွမ်းမှုစသည့် မိုးလေဝသနှင့်ဇလဆိုင်ရာ (Hydro-meteo) ဘေးအန္တရာယ်များ၊ မြေငလျင်လှုပ်မှု၊ ဆူနာမီလှိုင်းများ ရိုက်ခတ်မှု၊ မြေပြိုတိုက်စားမှုစသည့် ရူပ/ ရုပ်ပိုင်းဆိုင်ရာ (Physical) ဘေး အန္တရာယ်များ၊ ကူးစက်ရောဂါပြန့်ပွားမှု၊ အဆိပ်အတောက်ဖြစ်စေသော ရေညှိများ ပြန့်ပွားပေါက် ရောက်မှု၊ ရေထုအတွင်း အာဟာရဓာတ်လွန်ကဲမှု စသည့် ဇီဝဖြစ်စဉ်ဆိုင်ရာ (Biological ) ဘေး အန္တရာယ်များ၊ ပင်လယ်ရေပြင် မြင့်တက်လာမှု၊ အအေးဓာတ်လွန်ကဲမှု၊ အပူဓာတ်လွန်ကဲမှု စသည့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ (Climate Change) ဘေးအန္တရာယ်များ၊ ရေထုအတွင်း ဆီယိုဖိတ် ညစ်ညမ်းမှု၊ အဆိပ်အတောက်ဖြစ်စေသော ပစ္စည်းများနှင့် သတ္ထုတွင်းထွက် ဒြပ်ထုများ စည်းကမ်း မဲ့စွန့်ပစ်မှု စသည့် နည်းပညာရပ်ဆိုင်ရာ (Technical) ဘေးအန္တရာယ်များဖြစ်ပါကြောင်း၊
ကမ္ဘာ့ လူဦးရေ၏ သန်းပေါင်း(၃)ထောင်သည် ပင်လယ်ကမ်းရိုးတန်း မှ ကီလိုမီတာ (၂၀၀) အတွင်းဖြစ်သည့် ကမ်းရိုးတန်းဒေသတွင် မှီတင်းနေထိုင်ခြင်း၊ နယူးယောက်၊ တိုကျို၊ ရှန်ဟိုင်း ကဲ့သို့သော ကမ္ဘာ့မြို့ ကြီး (Mega Cities) များသည် ကမ်းရိုးတန်းဒေသများတွင် တည်ဆောက် ထားခြင်း၊ မြန်မာနိုင်ငံတွင် အဓိကစီးပွားရေး မြို့ကြီးဖြစ်သည့် ရန်ကုန်သည် ကမ်းရိုးတန်းဒေသ တွင် တည်ရှိခြင်းစသည့် အခြေအနေများကြောင့် သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ထိခိုက်ဆုံးရှုံးမှုများ၊ သေကြေပျက်စီးမှုများ ပိုမိုဆိုးရွားနိုင်ဖွယ် ရှိနေပါကြောင်း၊
ယခုအခါတွင် သဘာဝဘေးအန္တရာယ် ထိခိုက်မှုများကို တွန်းလှန်ကာကွယ်နိုင်ရန် ခိုင်မာ သော အဆောက်အအုံများ တည်ဆောက်ခြင်းနှင့် သဘာဝဂေဟစနစ်များ တည်ထောင်ခြင်း၊ ထိန်း သိမ်းထားခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကမ်းရိုးတန်းဒေသများမှာ တွေ့ရှိရသည့် ဒီရေတောများ၊ သန္တာကျောက်တန်းများ၊ ပင်လယ်မြက်ခင်းများ၊ ကမ်းရိုးတန်းရေဝပ်ဒေသများ စသည့် တည်ထောင်ခြင်း၊ ထိန်းသိမ်းထားခြင်းတို့ကြောင့် အခြေခံအားဖြင့် အကျိုးကျေးဇူး (၉)မျိုး ရရှိနိုင် မှာဖြစ်ပါကြောင်း၊ ၄င်းတို့မှာ ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝခြင်း၊ ဖန်လုံအိမ်အာနိသင် ကာဗွန်ဒိုင် အောက်ဆိုဒ်ဓာတ်ငွေ့များ စုပ်ယူသိုလှောင်ထားခြင်း၊ ဘေးအန္တရာယ်ထိခိုက်ပျက်စီးမှု အကာအကွယ်ပေးခြင်း၊ ဘေးအန္တရာယ်ထိခိုက်ပျက်စီးမှု လျော့နည်းသက်သာစေခြင်း၊ ရာသီဥတု ပြောင်းလဲမှုနှင့်အညီ လိုက်လျောညီထွေ ထိန်းညှိနိုင်ခြင်း၊ အသက်မွေးဝမ်းကြောင်းလုပ်ငန်းများ စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်နိုင်ခြင်း၊ သဘာဝနှင့် ယဉ်ကျေးမှုအမွေအနှစ်များ ထိန်း သိမ်းထားနိုင်ခြင်း၊ ရေ၊ မြေတိုက်စားမှု လျော့နည်းသက်သာစေခြင်း၊ ဒေသတွင်း ရာသီဥတု ထိန်းညှိပေးခြင်းတို့ ဖြစ်ပါကြောင်း၊
ယခုကဲ့သို့ အကျိုးကျေးဇူးများကို ရရှိစေရန် မျှော်မှန်းပြီး သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနအနေဖြင့် သစ်တောသစ်ပင်နှင့် ရေမြေတော တောင် သဘာဝပတ်ဝန်းကျင်များအား ပြန်လည်ထူထောင်ခြင်း၊ ထိန်းသိမ်းကာကွယ်ခြင်းများကို နိုင်ငံတကာအကူအညီများဖြင့်ရော၊ နိုင်ငံတော်၏ အစီအစဉ်များဖြင့်ပါ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဒါကြောင့် ကမ်းရိုးတန်းဒေသများတွင် ကမ်းရိုးတန်းဒေသနှင့် အဏ္ဏဝါ ရေပြင်ဂေဟစနစ်များဖြစ်သည့် ဒီရေတော၊ သန္တာကျောက်တန်း၊ ပင်လယ် မြက်ခင်း၊ သဲသောင်ကမ်းခြေ၊ ရွှံ့နွှံလတာပြင်များကို ထိန်းသိမ်းကာကွယ်နိုင်ရန် ဒီရေတော ကြိုးဝိုင်း/ ကြိုးပြင် ကာကွယ်တောများ၊ အဏ္ဏဝါသဘာဝ ထိန်းသိမ်းရေးနယ်မြေများ၊ ကမ္ဘာ့အသိအမှတ်ပြု ရမ်ဆာကမ်းရိုးတန်းရေဝပ် ဒေသများတိုးချဲ့ဖွဲ့စည်းခြင်းကို အလေးထားဆောင်ရွက်လျက်ရှိပါ ကြောင်း ပြောကြားပါသည်။
အလုပ်ရုံဆွေးနွေးပွဲသို့ သစ်တောဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ငါးလုပ် ငန်းဦးစီးဌာန၊ ဘေးအန္တရာယ် စီမံခန့်ခွဲရေးဦးစီးဌာန၊ ရန်ပုံငွေ အထောက်အပံ့ပေးသည့် ဒိန်းမတ် သံရုံး၊ Mekong Economics အကြံပေးဝန်ဆောင်မှုအဖွဲ့၊ ပြည်တွင်းပြည်ပ အဖွဲ့အစည်းများ၊ ကမ်းရိုးတန်းဒေသတစ်လျှောက်ရှိ တက္ကသိုလ်များစသည့် အဖွဲ့အစည်းအသီးသီးမှ ဌာနဆိုင်ရာ အကြီးအကဲများ၊ ကျွမ်းကျင်ပညာရှင်များ၊ သုတေသီများ၊ အတိုင်ပင်ခံများ၊ စီမံကိန်းတာဝန်ခံ များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြပါသည်။

date: 
Friday, February 22, 2019 - 15:45