ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောလုပ်ငန်းနှင့်ပုဂ္ဂလိကသစ်တောစိုက်ခင်းလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာရင်းနှီးမြှုပ်နှံမှုနှင့်နှစ်တို၊နှစ်ရှည်ချေးငွေရရှိရေးအလုပ်ရုံဆွေးနွေးပွဲကျင်းပ

ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောလုပ်ငန်းနှင့် ပုဂ္ဂလိကသစ်တောစိုက်ခင်းလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုနှင့် နှစ်တို၊ နှစ်ရှည်ချေးငွေရရှိရေး အလုပ်ရုံဆွေးနွေးပွဲကို (၂၁-၅-၂၀၁၉) ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်၌ သစ်တောဦးစီးဌာန၊ အင်ကြင်းခန်းမ၊ နေပြည်တော်တွင် ကျင်းပရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း တက်ရောက်၍ အဖွင့်အမှာစကားပြောကြားပါသည်။
အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံ စုစုပေါင်း လူဦးရေ၏ (၇၀)ရာခိုင်နှုန်းကျော် သည် ကျေးလက်နေပြည်သူများဖြစ်ပြီး နေ့စဉ်လူမှုစီးပွားရေးအတွက် သစ်တောများကို မှီခိုနေရ ပါကြောင်း၊ အိမ်ထောင်စုပေါင်း ၁၁ သန်းခန့်ရှိသည့်အနက် ၈၁ ရာခိုင်နှုန်းခန့်သည် လောင်စာ အတွက် ထင်း၊ မီးသွေးနှင့် နေအိမ်အဆောက်အဦအတွက် သစ်နှင့် ဝါးကို အသုံးပြုနေသည့်အတွက် သစ်တောများကို မှီခိုနေရကြောင်း၊ လက်ရှိမျိုးဆက်၏ လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန်သာမက နောင်အနာဂတ်မျိုးဆက်များအတွက် သစ်တောသယံဇာတ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင် ရန် မြန်မာ့သစ်တောများကို စနစ်တကျ စီမံအုပ်ချုပ်သွားရန် လိုအပ်ကြောင်း၊
ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့- FAO ၏ သစ်တောသယံဇာတ ဆန်းစစ်ချက် အစီရင်ခံစာ (FRA - 2015) အရ နိုင်ငံ၏ သစ်တောဖုံးလွှမ်းမှုသည် နိုင်ငံဧရိယာ၏ ၄၂.၉၂ % ရှိပြီး၊ ၂၀၁၀ ခုနှစ်နှင့် ၂၀၁၅ ခုနှစ်အကြား နှစ်စဉ် သစ်တောပြုန်းတီးမှုသည် ၁.၇၂ % ထိရှိကြောင်း၊ ယခု အခါ နိုင်ငံတော်၏ မူဝါဒနှင့်အညီ ပုဂ္ဂလိကသစ်တောစိုက်ခင်းလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး တွန်းအားပေး ဆောင်ရွက်လျက်ရှိပါကြောင်း၊
ဝန်ကြီးဌာနအနေနှင့် ပုဂ္ဂလိသစ်တောစိုက်ခင်းတည်ထောင်ခွင့်ကို ၂၀၀၆ခုနှစ်မှ စတင်ခွင့်ပြုခဲ့ရာ စုစုပေါင်းဧက ခြောက်သိန်းခုနစ်သောင်းကျော် (၆၇၀,၆၉၂ဧက)ကို ဆောင်ရွက်ခွင့်ပြုခဲ့ပြီးဖြစ်ကြောင်း၊ အချို့ ပုဂ္ဂလိကစိုက်ခင်း လုပ်ငန်းရှင်များအနေဖြင့် စတင်စိုက်ပျိုးစဉ်က ရင်းနှီးမြှုပ်နှံမှု ပြည့်ပြည့်ဝဝ ဆောင်ရွက်နိုင်ခဲ့သော်လည်း ရေရှည်တွင် နှစ်စဉ်ပြုစုထိန်းသိမ်း ကုန်ကျစရိတ်များပြားလာသည့် အတွက် အခက်အခဲကြုံတွေ့လာရသည်ကို သိရှိရသည့်အတွက် ယခုအလုပ်ရုံဆွေးနွေးပွဲကို နှစ်တို/ နှစ်ရှည် ချေးငွေရရှိနိုင်ရေး နည်းလမ်းများ ဖော်ထုတ်နိုင်ရန် ရည်ရွယ် ကျင်းပရခြင်းဖြစ်ကြောင်း၊
ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောလုပ်ငန်းများကိုလည်း သစ်တောဦးစီးဌာနမှ တွန်းအား ပေးဆောင်ရွက်ခဲ့ရာတွင် ယနေ့အထိ ဧရိယာ ခြောက်သိန်းနှစ်သောင်းခန့် (၆၁၉,၀၉၈ဧက)ကို အဖွဲ့ ဝင် တစ်သိန်းနှစ်သောင်းကျော် (၁၂၁,၀၁၁) ပါဝင်သည့် အဖွဲ့ပေါင်း လေးထောင့် ခုနှစ်ရာကျော် (၄,၇၃၇)ကို ဆောင်ရွက်ခွင့်လက်မှတ်များ ထုတ်ပေးပြီးဖြစ်ကြောင်း၊ အချို့အဖွဲ့ဝင်များမှာ စိတ်ဝင် တစား ဆောင်ရွက်နေသော်လည်း သစ်တောများပြုစုထိန်းသိမ်းရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက် စေရေးအတွက် ငွေကြေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အခွင့်အလမ်း နည်းပါးသည်ကို တွေ့ရှိနေရသည့်အတွက် ယခုအလုပ်ရုံဆွေးနွေးပွဲတွင် ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်း ပိုမိုဖွံဖြိုးတိုးတက်ရေးအတွက် နှစ်တို/နှစ်ရှည် ချေးငွေရရှိနိုင်မည့် နည်းလမ်း များကို ဖော်ထုတ်နိုင်ဖို့ ကျင်းပရခြင်းဖြစ်ကြောင်း၊
ထို့ကြောင့် ယခုတက်ရောက်လာသည့် ပုဂ္ဂလိကသစ်တောစိုက်ခင်းလုပ်ငန်းရှင်များ၊ INGO, NGO, အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့် ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တော အသုံးပြုအဖွဲ့ဝင် များအနေဖြင့် ပြည်သူလူထုပူးပေါင်းသည့် သစ်တောစီမံအုပ်ချုပ်ခြင်းစနစ်ကို အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် သဘာဝဝန်းကျင်မပျက် သစ်တောထွက်ပစ္စည်းများ ရေရှည်တည်တံ့စေ သည့် နည်းလမ်းများနှင့် စဉ်ဆက်မပြတ် ထုတ်ယူသုံးစွဲနိုင်ရန် ပုဂ္ဂလိကသစ်တောစိုက်ခင်းတည် ထောင်ခြင်းနှင့် ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းများကို ပိုမိုအားစိုက် ကူညီပေးကြ ရန် တိုက်တွန်းလိုကြောင်း၊ နှစ်(၃၀)မြန်မာ့သစ်တောကဏ္ဍ ပင်မစီမံကိန်းမှာ ဒေသခံပြည်သူအစု အဖွဲ့ပိုင်သစ်တောများကို ဧရိယာဧက (၂.၂၇)သန်းအထိ တည်ထောင်ရန် ရည်မှန်းအကောင်အထည် ဖေါ်ဆောင်ရွက်နေကြောင်း၊
ယခုအခါ သစ်တောဥပဒေ(၂၀၁၈)နှင့်အညီ ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောလုပ်ငန်း များကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောလုပ်ငန်း ဆိုင်ရာ ညွှန်ကြားချက်(၂၀၁၉)ကို ၂၀၁၉ခုနှစ် မေလ ၈ ရက်နေ့မှာ အမိန့်ကြော်ငြာစာအမှတ် ၆၉/၂၀၁၉ နှင့် ထုတ်ပြန်နိုင်ခဲ့ပြီးဖြစ်ပြီး၊ တိုင်းရင်းသား ဘာသာ(၁၅)မျိုးနှင့်လည်း ဘာသာပြန်ဆို ထုတ်ပြန်နိုင်ရန် ပြင်ဆင် ဆောင်ရွက်လျက်ရှိကြောင်း၊
ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောလုပ်ငန်းကို ယခင်က ဒေသခံပြည်သူများအတွက် အခြေခံသစ်တောထွက်ပစ္စည်း လိုအပ်ချက် ဖြည့်ဆည်းပေးနိုင်ရေးအတွက် ရည်ရွယ်ခဲ့သော်လည်း အချို့ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တော ( CF ) များသည် စီးပွားဖြစ် ထုတ်လုပ်နိုင်သည့် အဆင့် အထိ ရောက်ရှိနေပြီး ဒေသခံများ၏ ဝင်ငွေသည်လည်း လူနေမှုအဆင့်အတန်းကို အထိုက်လျောက် မြှင့်တင်ပေးနိုင်သည်ကို တွေ့ရှိရမှာဖြစ်ကြောင်း၊
အလားတူ ပုဂ္ဂလိကသစ်တောစိုက်ခင်း တည်ထောင်ခြင်းလုပ်ငန်းများမှာလည်း လုပ်ငန်းရှင် များကို အရှိန်အဟုန်မပျက်ဆောင်ရွက်နိုင်ရန် သစ်တောဦးစီးဌာနအနေနှင့် ယခုကဲ့သို့ မြန်မာနိုင်ငံ တော်ဗဟိုဘဏ်၊ လယ်ယာမြေဖွံ့ဖြိုးတိုးတက်ရေးဘဏ်၊ ပုဂ္ဂလိကဘဏ်လုပ်ငန်းရှင်များကို ဖိတ် ကြားပြီး ရင်းနှီးမြှုပ်နှံမှု အခွင့်အရေးအဖြစ် နှစ်တို/ နှစ်ရှည်ချေးငွေ ရရှိနိုင်ဖို့ဝိုင်းဝန်း အဖြေရှာ ဖော်ထုတ်သွားနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊
အလုပ်ရုံဆွေးနွေးပွဲကို ပြည်သူလူထု၊ အစိုးရ၊ မိတ်ဖက်အဖွဲ့အစည်းများ ပူးပေါင်းဆောင် ရွက်မှုနှင့် Private-Public-Partnership (PPP) ကို ဖော်ဆောင်ရင်းနှင့် ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းနှင့် ပုဂ္ဂလိကသစ်တောစိုက်ခင်းလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်တော ဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များကို အကျိုးဆက်စပ်ပတ်သက်သူများ သိရှိလာစေပြီး အကောင်အထည်ဖော် ဆောင်ရွက်သူများကြုံတွေ့ရသောအခက်အခဲများ၊ ဌာနမှဖြည့်ဆည်းဆောင် ရွက်ပေးရမည့် အချက်များ၊ နည်းပညာ ပံ့ပိုးဆောင်ရွက်ပေးရမည့်အချက်များ၊ ရင်းနှီးမြှုပ်နှံမှု အတွက် ရရှိနိုင်မည့်အခွင့်အလမ်းများ၊ ချေးငွေရရှိနိုင်ရေးအတွက် ဆောင်ရွက်သင့်သည့်လုပ်ငန်းစဉ် များစသည့် ဆွေးနွေးအကြံပြုချက်များရရှိနိုင်ခြင်း၊ အကျိုးဆက်စပ်ပတ်သက်သူများ အကြား သစ်တောဦးစီးဌာန၏ ဆောင်ရွက်နေမှု အခြေအနေများကို သိရှိလာစေပြီး ပိုမိုပူးပေါင်း ပါဝင်လာ ခြင်းဖြင့် Private - Public Partnership - PPP စနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်လာ နိုင်ရန် အခွင့်အလမ်းများ ဖော်ထုတ်သွားမည်ဖြစ်ကြောင်းနှင့် အပြုသဘောဆောင်သည့် အကြံပြု ချက်များရရှိနိုင်ရန် လွတ်လပ်တက်ကြွစွာဆွေးနွေးအကြံပြုကြပါရန် တိုက်တွန်းပြောကြားပါသည်။
အလုပ်ရုံဆွေးနွေးပွဲသို့ အမျိုးသားလွှတ်တော်မှ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီအဖွဲ့ဝင်များ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ အတွင်းဝန်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ သစ်တောဦးစီးဌာနမှတာဝန်ရှိသူများ၊ ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောလုပ်ငန်းဆိုင်ရာ အမျိုးသားအဆင့်လုပ်ငန်း အဖွဲ့ဝင်များ၊ (Community Forestry National Working Group-CFNWG)၊ သစ်တောဦးစီးဌာနမှ ဒေသခံ ပြည်သူအစုအဖွဲ့ပိုင်သစ်တော တည်ထောင်ခြင်း (CF Unit)အဖွဲ့ဝင်များ၊ ဆက်စပ်ဌာနများမှ ကိုယ်စားလှယ်များ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သောအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ပုဂ္ဂလိကသစ်တောစိုက်ခင်း လုပ်ငန်းရှင်များ၊ ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောအသုံးပြုသူများအဖွဲ့ အသီးသီးမှ ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည် တော်များ စုစုပေါင်း(၁၆၀)ဦးခန့် တက်ရောက်ကြပါသည်။

date: 
Thursday, May 23, 2019 - 13:00