ပြင်ဦးလွင်မြို့ မြန်မာနိုင်ငံသစ်တောကျောင်း ကျွန်းရတနာခန်းမတွင် ၂၀၁၉ ခုနှစ်၊ အခြေခံ သစ်တောပညာ(၂) နှစ် သင်တန်း အမှတ်စဉ်(၁၁၅) သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ

ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် မေလ ၂၀ ရက်နေ့တွင် ပြင်ဦးလွင်မြို့ မြန်မာနိုင်ငံသစ်တောကျောင်း ကျွန်းရတနာခန်းမတွင် ၂၀၁၉ ခုနှစ်၊ အခြေခံ သစ်တောပညာ(၂) နှစ် သင်တန်း အမှတ်စဉ်(၁၁၅) သင်တန်းဖွင့်ပွဲအခမ်းအနား တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားပါသည်။
အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံ သစ်တောကျောင်းသည် ၁၈၉၈ ခုနှစ် ကတည်းက စတင်ပြီး သာယာဝတီမြို့မှာ “မြမ္မာပြည်သစ်တောကျောင်း” အမည်နဲ့ စတင်တည် ထောင်ခဲ့ပြီး ပျဉ်းမနား အင်းစိန်နဲ့ ပြင်ဦးလွင်မြို့တို့မှာ ခေတ်အဆက်ဆက်၊ အခြေခံသစ်တော ပညာရပ်တွေကို ပို့ချသင်ကြားပေးလျက်ရှိပါကြောင်း။ ၁၉၅၃ခုနှစ်က ပြင်ဦးလွင်မြို့သို့ ပြောင်းရွှေ့ ဖွင့်လှစ်ခဲ့ပြီး “မြန်မာနိုင်ငံသစ်တောကျောင်း”လို့ ခေါ်တွင်ကာ ယနေ့ထိ သက်တမ်း (၆၆)နှစ်ရှိခဲ့ပြီး မြန်မာနိုင်ငံသစ်တောကျောင်းရဲ့ သက်တမ်းစုစုပေါင်းသည် ယနေ့ထိဆိုလျှင် နှစ်ပေါင်း(၁၂၁)နှစ် ရှိခဲ့ပြီဖြစ်ကြောင်း၊ ၂၀၁၈ ခုနှစ်၊ ဧပြီလမှာ အခြေခံသစ်တောပညာ၊ အထူး(၃)လ သင်တန်းအထိ သင်တန်းသားဦးရေ စုစုပေါင်း(၆၂၉၄)ဦး မွေးထုတ်ပေးခဲ့ပြီး သင်တန်းအသီးသီးကို တက်ရောက် အောင်မြင်ခဲ့တဲ့ သင်တန်းသားများကို တစ်ဆင့်မြင့်ရာထူးသို့ တိုးမြှင့်ပေးခဲ့ပြီး သက်ဆိုင်ရာ နယ်ပယ်အသီးသီးမှာ အဓိကကျောရိုး ဝန်ထမ်းများအဖြစ် တာ၀န်ထမ်းဆောင်လျက်ရှိကြောင်း၊
မြန်မာနိုင်ငံသစ်တောကျောင်းရဲ့ အနာဂတ်မျှော်မှန်းချက်ကတော့ သစ်တောပညာ လေ့ကျင့် ရေးတွင် ထိရောက်ကောင်းမွန်သော သင်တန်းကျောင်းဖြစ်စေရန်ဖြစ်ပြီး၊
လုပ်ငန်းစဉ်များကတော့ -
(၁) သစ်တောကဏ္ဍတွင် အသက်မွေးဝမ်းကျောင်း ပြုနိုင်သည့် အရည်အသွေး ပြည့်မီသော ကျွမ်းကျင်သူများမွေးထုတ်ပေးရန်၊
(၂) အနာဂတ်မျိုးဆက်အား သစ်တောကဏ္ဍတွင် အသက်မွေး၀မ်းကြောင်း ပြုနိုင်မည့် ကျွမ်းကျင်သူများဖြစ်အောင် လေ့ကျင့်သင်ကြားပေးရန်၊
(၃) သစ်တောပညာရပ်များကို လက်တွေ့လုပ်ငန်း အခြေပြုလျက် လေ့ကျင့်သင်ကြား ပေးရန် တို့ဖြစ်ကြောင်း၊
မြန်မာနိုင်ငံသစ်တောကျောင်းကို တည်ထောင်ဖွင့်လှစ် သင်ကြားပို့ချရတဲ့ ရည်ရွယ်ချက်များမှာ -
(၁) သစ်တောလုပ်ငန်း ဆောင်ရွက်ရာမှာ လက်တွေ့လုပ်ငန်း ကျွမ်းကျင်တတ်မြောက်ပြီး ဌာနရဲ့ အမာခံ ဝန်ထမ်းကောင်းများ ဖြစ်လာစေရန်၊
(၂) ကျန်းမာကြံ့ခိုင်ပြီး စိတ်ဓာတ်၊ စည်းကမ်းနဲ့ အကျင့်စာရိတ္တ တိုးတက်ကောင်းမွန် စေရန်၊
(၃) ကျရာတာ၀န်ကို ကျေပွန်စွာထမ်းဆောင်လိုစိတ်နဲ့ ပြည်သူ့အကျိုးကို သယ်ပိုးလို စိတ်ရှိသော ပြည်သူ့ဝန်ထမ်းကောင်းများ ပေါ်ထွန်းလာစေရန်၊
(၄) ထမ်းဆောင်ရမဲ့တာ၀န်တွေကို ပြည်သူလူထုနဲ့ပူးပေါင်းပြီး ရည်မှန်းချက်တွေ အောင်မြင် သည်အထိ စည်းရုံးဆောင်ရွက်နိုင်စေရန်နှင့် ပတ်ဝန်းကျင်ထိန်းသိမ်း ရေးနှင့် သစ်တောကဏ္ဍဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းတွေကို အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ စွမ်းဆောင်ရည်မြင့်မားစွာ နဲ့ ကျေပွန်စွာထမ်းဆောင်နိုင်တဲ့ ပြည်သူ့ဝန်ထမ်း ကောင်းတွေဖြစ်စေရန်ရည်ရွယ်ကြောင်း ပြော ကြားပါသည်။
သင်တန်းကျောင်းတွင် ခေတ်စနစ်နဲ့အညီ သင်တန်းသားများကို ကွန်ပျူတာဘာသာရပ် သင်ကြားပေးနိုင်ဖို့အတွက် ကွန်ပျူတာအလုံး(၅၀)ကိုလည်း တပ်ဆင်ထားရှိပြီးဖြစ်ကြောင်း၊ သင်တန်းကာလပထမ နှစ်မှာအခြေခံကွန်ပျူတာ အသုံးပြုခြင်းနှင့် ဒုတိယနှစ်တွင် Global Mapper နှင့် ArcGIS Software များအသုံးပြုပြီး မြေပုံထုတ်လုပ်ခြင်း ဘာသာရပ်များကိုလည်း သင်ကြား ပေးသွားမှာဖြစ်ကြောင်း၊ အထူးသဖြင့် (FAO)နှင့်ပူးပေါင်းပြီး မြန်မာနိုင်ငံရဲ့ “စိုက်ပျိုးရေးဂေဟစနစ် မတူညီသည့် ဒေသများတွင် အကောင်အထည်ဖော် ဆောင်ရွက်မည့် ရေရှည်တည်တံ့သည့် သီးနှံ စိုက်ပျိုးရေးနှင့် သစ်တောစီမံအုပ်ချုပ် မှုစီမံကိန်း”အဖြစ် မြန်မာနိုင်ငံ သစ်တောကျောင်း၏ သင်ရိုး ညွှန်းတမ်းများပြန်လည် စိစစ်သုံးသပ်ခြင်းနှင့် အဆင့်မြှင့်တင်ခြင်း၊ သင်တန်းဆရာများ၏ စွမ်းဆောင်ရည်မြှင့်တင်ခြင်းနှင့် သင်တန်းကျောင်းအတွက် သင်ထောက်ကူပစ္စည်းများပံ့ပိုးခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး နောင်မှာ မြန်မာနိုင်ငံသစ်တောကျောင်းကို ဒီပလိုမာ အပ်နှင်းနိုင်တဲ့ အဆင့်အထိရောက်အောင် အဆင့်မြှင့်တင်နိုင်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက် ရှိကြောင်း၊ ယနေ့ဖွင့်လှစ်တဲ့ (၁၁၅)ကြိမ်မြောက် သင်တန်းမှာ သစ်တောဦးစီးဌာနက တောခေါင်း(၆၁) ဦး၊ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေး ဦးစီးဌာနက(၆)ဦးနဲ့ မြန်မာ့သစ်လုပ်ငန်းက(၃)ဦး၊ စုစုပေါင်း (၇၀) ဦး တက်ရောက်သင်ကြားကြမှာဖြစ်ကြောင်း၊
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံ သစ်တောများပြန်လည်တည်ထောင်ရေးစီမံကိန်း (Myanmar Reforestation and Rehabilitation Programme)ကို ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာနှစ် မှစတင်ခဲ့ပြီး ၂၀၂၆ - ၂၀၂၇ခုနှစ်ထိ စီမံကိန်းကာလ (၁၀)နှစ် လျာထားသတ်မှတ် ဆောင်ရွက်လျက်ရှိကြောင်း၊ စီမံကိန်းကာလအတွင်း သစ်တော စိုက်ခင်း (၃၅၂,၄၃၈)ဧက၊ ပုဂ္ဂလိကသစ်တောစိုက်ခင်း (၂၈၅,၁၀၄)ဧက၊ သဘာဝတောများတွင် ဓမ္မတာမျိုးဆက်ခြင်း(၈၁၈,၅၃၈)ဧက၊ အပူပိုင်းဒေသသဘာဝတောထိန်း (၅၀၀,၀၀၀)ဧက၊ ဒေသခံ ပြည်သူအစုအဖွဲ့ပိုင်သစ်တော (၇၇၀,၃၃၂)ဧကတို့ကိုဆောင်ရွက်သွားမှာဖြစ်ပြီး အမြဲတမ်းသစ်တော နယ်မြေကိုလည်း (နိုင်ငံ့ဧရိယာ၏၄၀%)အထိ တိုးချဲ့ဖွဲ့စည်း ဖို့ရည်ရွယ်ကာ အားသွန်ခွန်စိုက် ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊
ဝန်ကြီးဌာနအနေနဲ့ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရည်အသွေး ပြည့်ဝတဲ့ သစ်တောဝန်ထမ်းကောင်း၊ ခေါင်းဆောင်ငယ်များဖြစ်အောင် သင်တန်းခေါ်ယူ လေ့ကျင့် သင်ကြားပေးခြင်းပဲဖြစ်ကြောင်း၊ သင်တန်းတွင် အခြေခံသစ်တောဝန်ထမ်းတွေ တတ်သိနားလည် ထားဖို့ လိုအပ်တဲ့အခြေခံသစ်တောပညာ ဘာသာရပ်(၁၅)မျိုးကို စာတွေ့သင်ကြားခြင်း၊ လေ့ကျင့် ရေးသစ်တောဧက(၅၀၀)မှာ လက်တွေ့သရုပ်ပြသင်ကြားခြင်းနှင့် တောတွင်းလက်တွေ့လုပ် ဆောင်စေခြင်းစတာတွေကို သင်ကြားပို့ချပေးမှာဖြစ်ကြောင်း၊ သင်တန်းသားများဟာ ဝန်ထမ်း များဖြစ်တာနဲ့အညီ ဝန်ထမ်းစည်းကမ်းအပြင် သင်တန်းစည်းကမ်း၊ ကျောင်းကထုတ်ပြန်ထားတဲ့ အမိန့်နဲ့ညွှန်ကြားချက်များကို တိတိကျကျ လိုက်နာရမှာဖြစ်ကြောင်း၊ သစ်တောကျောင်းရဲ့ အဓိက ဆောင်ပုဒ်ဖြစ်တဲ့ စိတ်ဓာတ်၊စည်းကမ်း၊ ဝိရိယ၊ ပညာ၊ ဇွဲနဲ့ပြည့်ဝတဲ့ ပြည်သူ့ဝန်ထမ်းကောင်းများ ဖြစ်အောင် မွေးထုတ်လေ့ကျင့် သင်ကြားပေးသွားမှာဖြစ်ကြောင်း၊
နိဂုံးချုပ်အနေနဲ့ -
- အစဉ်အလာကောင်းရှိခဲ့တဲ့ ကျောင်းရဲ့ဂုဏ်ကို သင်တန်းသားတစ်ဦးချင်းစီရဲ့ ကြိုးစား အားထုတ်မှုနဲ့ ဆက်လက်ထိန်းသိမ်းကြရန်၊
- ဝန်ထမ်းစည်းမျဉ်းစည်းကမ်း၊ ကျောင်းစည်းကမ်းများနဲ့ အကျင့်စာရိတ္တ ကောင်းမွန် အောင် လိုက်နာကြရန်၊
- သင်တန်းမှာ ထူးချွန်ဆုများရရှိအောင် ကောင်းသောယှဉ်ပြိုင်ခြင်းဖြင့် အပြိုင်အဆိုင် ကြိုးစားကြရန်၊
- စာတွေ့၊ လက်တွေ့ထူးချွန်အောင် ကြိုးစားကြရန်၊
- ဝန်ကြီးဌာနအောက်ရှိ ဌာနအသီးသီးရဲ့ အရည်အချင်းပြည့်ဝတဲ့ ခေါင်းဆောင်ငယ် များအဖြစ် တာဝန်ထမ်းဆောင်နိုင်ရေး ဦးတည်ဆောင် ရွက်သွားကြရန်၊
- စွမ်းဆောင်ရည် ထက်မြက်တဲ့ ၀န်ထမ်းကောင်းတွေဖြစ်အောင် စဉ်ဆက်မပြတ် လေ့လာ သင်ယူ ဆည်းပူးကြရန်၊
- နိုင်ငံတော်နဲ့ အမျိုးသားအကျိုးစီးပွားကို အစဉ်ထာ၀ရ ဖော်ဆောင်နိုင်တဲ့ရိုးသား ကြိုးစားတဲ့ ဝန်ထမ်းကောင်းများဖြစ်အောင် ကြိုးပမ်းဆောင်ရွက်သွားကြရန် ပြောကြားပါသည်။
သင်တန်းဖွင့်ပွဲအခမ်းအနားကို သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ် များ၊ လုပ်ငန်းဌာန အသီးသီးမှာ တာဝန်ထမ်းဆောင်နေကြတဲ့ အရာထမ်း၊ အမှုထမ်းများ၊ ဖိတ်ကြား
ထားသော ဧည့်သည်တော်များ၊ သင်တန်းဆရာများနှင့် သင်တန်းသားများ တက်ရောက်ကြောင်း သိရှိရပါသည်။

date: 
Thursday, May 23, 2019 - 13:15