သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာန တိုင်းဒေသကြီး/ ပြည်နယ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးပွဲကျင်းပ

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ တိုင်း ဒေသကြီး/ပြည်နယ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးပွဲအား ၁၇-၁၀-၂၀၁၉ ရက်နေ့၊ နံနက်(၀၉ :၀၀) နာရီတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ကျွန်းရွှေဝါခန်းမတွင် ကျင်းပပြုလုပ်ရာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားပါသည်။
အမှာစကားပြောကြားရာတွင် သစ်တောမူဝါဒအား အချက်(၆)ချက်ဖြင့် ချမှတ်အကောင် အထည်ဖော်ဆောင်ရွက်ရာတွင် သစ်တောဦးစီးဌာနအနေဖြင့် သစ်တောများအား များများစိုက်၊ များများထိန်း စနစ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ သစ်ထုတ်လုပ်မှု အားလျော့ချဆောင်ရွက်သွားမည်ဖြစ်ပြီး၊ ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တော တည်ထောင်ခြင်း လုပ်ငန်းအား တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားပါသည်။
ဝန်ထမ်းစည်းကမ်းထိန်းသိမ်းရေးအနေဖြင့် သစ်တောဦးစီးဌာနဝန်ထမ်းများအား တာဝန် မကျေပွန်မှု၊ ဝန်ထမ်းစည်းကမ်းဖောက်ဖျက်မှုကြောင့် အရေးယူဆောင်ရွက်ခဲ့မှုများရှိခဲ့ ကြောင်း၊ တင်ဒါလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း ချမှတ်ထားသော တင်ဒါစည်းမျဉ်းစည်းကမ်းများ နှင့်ကိုက်ညီစွာ ဆောင်ရွက်ရန်လိုကြောင်း၊
၂၀၁၉ ခုနှစ်တွင် သစ်တောသယံဇာတကောက်ယူခြင်းအနေဖြင့် ခရိုင် (၄၃) ခုတွင်၊ သစ်တောအကွက်ပေါင်း (၃၉၆၆) ကွက်တွင် သစ်တောသယံဇာတစာရင်းကောက်ယူခြင်း ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ နိုင်ငံတကာ ကတိကဝတ်ပြု ချက်များအရ သစ်တောကြိုးဝိုင်း/ ကြိုးပြင်ကာကွယ်တောများအား နိုင်ငံဧရိယာ၏ (၃၀%) နှင့် သဘာဝနယ်မြေဖွဲ့စည်းခြင်းအား နိုင်ငံဧရိယာ၏ (၁၀%) ထိတိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် ရည်မှန်းချက်နှင့်ကိုက်ညီရေး ကြိုးစားဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊
တောမီးလောင်ကျွမ်းမှုကြောင့် နိုင်ငံဖြတ်ကျော် မီးခိုးမြူ‌ငွေ့ပြဿနာများ ဖြစ်ပွားလေ့ ရှိရာအလေးထား ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ဘရာဇီးနိုင်ငံရှိ အမေဇုန်သစ်တော မီးလောင် ကျွမ်းမှုကြောင့်သစ်တောသယံဇာတများစွာဆုံးရှုံးရခြင်း ဖြစ်ပွားခဲ့ကြောင်း၊ မိမိတို့အနေနဲ့လည်း တောမီးကာကွယ်ရေးအား ဝန်ထမ်းများအား စနစ်တကျ စီမံချက်ရေးဆွဲ အကောင်အထည်ဖော် ဆောက်ရွက်သွားရန်လိုအပ်ကြောင်း၊
သစ်တောစိုက်ခင်းများ တည်ထောင်ဆောင်ရွက်ရန်အတွက် လိုအပ်သော ရန်ပုံငွေ အပြည့် အဝချထားပေးပြီးဖြစ်ပါသဖြင့်၊ လုပ်ငန်းများ ထိထိရောက်ရောက် အကောင်အထည်ဖော်ဆောင် ရွက်သွားရမည်ဖြစ်ကြောင်း၊ လုပ်ငန်းအကောင်အထည်ဖော်ရန် လိုအပ်သောခွင့်ပြုငွေများ ထုတ် ပေးရာတွင်လည်း အချိန်နှောင့်နှေးကြန့်ကြာမှု မရှိစေရန်လိုအပ်ကြောင်း၊ နိုင်ငံပိုင်သစ်တော စိုက်ခင်းများ တည်ထောင်ခြင်းအပြင် ပုဂ္ဂလိကသစ်တောစိုက်ခင်းတည်ထောင်ခြင်း အခန်းကဏ္ဍ အား တွန်းအားပေးဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ပုဂ္ဂလိက သစ်တောစိုက်ခင်းတည်ထောင် ခြင်း၊ အခန်းကဏ္ဍတိုးမြှင့်ဆောင်ရွက်ခြင်းအားဖြင့် နိုင်ငံတော်ဘဏ္ဍာငွေအသုံးစရိတ်အား လျော့ချ နိုင်မည်ဖြစ်ကြောင်း၊
တောရိုင်းတိရစ္ဆာန်များအတွက်နေရင်းဒေသပြန်လည်တည်ထောင်ခြင်း လုပ်ငန်းစီမံချက် အား ရေးဆွဲအကောင်အထည်ဖော်လျက်ရှိပြီး စီမံချက်နှင့်အညီလုပ်ငန်းများ ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊
ရေဝေရေလဲဒေသများထိန်းသိမ်းကာကွယ်ခြင်းလုပ်ငန်းများအနေဖြင့် ဧရာဝတီမြစ်အတွင်း အမှိုက်များ စုပုံသဲ‌သောင်ထွန်းခြင်းကိစ္စရပ်များအတွက် သစ်တောဦးစီးဌာန၊ ပို့ဆောင်ဆက်သွယ် ရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနတို့နှင့် အတူလက်တွဲပူးပေါင်းဆောက်ရွက်သွားရန် လိုအပ် ကြောင်း၊ ရေဝေရေလဲဒေသများစီမံအုပ်ချုပ်ရာတွင် ဧရိယာဧကများများတွင် တစ်ခွင်တစ်ပြင် ဆောင်ရွက်ခြင်းထက် သိသာထင်ရှားမြင်သာစေရန် Mini Catchment Area များ တည်ထောင် ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊
သစ်တောများကာကွယ်ထိန်းသိမ်းစောင့်‌ရှောက်ရန် လက်ကိုင်စက်လွှအသုံးပြု၍ သစ်ခိုး ခြင်းများအားလည်း ထိရောက်စွာဖော်ထုတ်ဖမ်းဆီးဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ တရားမဝင် သစ်ခိုးထုတ်မှုများအားလည်း ပြည်သူပူးပေါင်းပါဝင်မှုဖြင့်လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု သတင်း ပို့စနစ်ဖြင့်လည်းကောင်း၊ သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးတပ်ဖွဲ့များ၊ အခြားဌာနအဖွဲ့ အစည်းများနှင့်ပူးပေါင်း၍ ဖော်ထုတ်ဖမ်းဆီးခြင်းလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်သွားရမည်ဖြစ် ကြောင်း၊ မိုးကာလပြီးဆုံး၍ ဆည်များရေပြည့်နေပြီး၊ သွားလာရေးလမ်းများလည်း ပွင့်လင်းလာပြီး ဖြစ်သည့်အတွက် ရေကြောင်းအသုံးပြု၊ ကုန်းလမ်းအသုံးပြု တရားမဝင်သစ်ခိုးထုတ်မှုများရှိလာ နိုင်သဖြင့် ထိရောက်စွာကာကွယ် တားဆီးနိုင်ရန် စီမံချက်ရေးဆွဲအကောင်းအထည်ဖော်သွားရ မည်ဖြစ်ကြောင်း၊
ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောတည်ထောင်ခြင်းလုပ်ငန်းများတိုးတက်အောင်မြင်လာလျက်ရှိပြီး၊ ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောတည်ထောင်ခြင်းလုပ်ငန်းဆိုင်ရာ ညွှန်ကြားချက် များကိုလည်း တိုင်းရင်းဘာသာ(၁၅)မျိုးဖြင့် ရိုက်နှိပ်ထုတ်ဝေခဲ့ပြီးဖြစ်ကြောင်း စသည်ဖြင့် ပြောကြားပါသည်။
အခမ်းအနားသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနလက်အောက်ရှိ အမြဲတမ်း အတွင်းဝန်များ၊ ညွန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီး/ ပြည်နယ်နယ်များမှ ညွှန်ကြားရေးမှူးများ တက်ရောက်ကြပြီး အခမ်းအနားတွင် မိမိတို့တာဝန်ယူဆောင်ရွက်နေသော လုပ်ငန်းများနှင့် ပတ်သက်၍ တင်ပြဆွေးနွေးကြပါသည်။

date: 
Friday, October 18, 2019 - 11:30