မိုးယွန်းကြီးအင်းတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောအတွင်း ရေဝပ်ဒေသများ ထိန်းသိမ်းကာကွယ်ရေး နှင့် အကျိုးရှိစွာအသုံးချနိုင်ရေး (Wise Use) လုပ်ငန်း ဆောင်ရွက်ထားရှိမှုများ

၁။ သစ်တောဦးစီးဌာနနှင့် နော်ဝေပတ်ဝန်းကျင်ရေးရာအေဂျင်စီ (Norwegian Environmental Agency- NEA) တို့ ပူးပေါင်းဆောင်ရွက်သည့် “ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းခြင်းနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ စီမံအုပ်ချုပ်မှု အဆင့်မြှင့်တင်ခြင်း စီမံကိန်း” မှ မိုးယွန်းကြီးအင်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော အုပ်ချုပ်လုပ်ကိုင်မှုစီမံချက် (၂၀၁၉-၂၀၂၀ မှ ၂၀၂၄-၂၀၂၅ ထိ) ကို ရေးဆွဲခဲ့ပြီး၊ အုပ်ချုပ်လုပ်ကိုင်မှု စီမံချက်အား အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါသည်။
၂။ အဆိုပါအုပ်ချုပ်လုပ်ကိုင်မှုစီမံချက်ပါ လုပ်ငန်းစဉ်တစ်ခု ဖြစ်သော “ရေဝပ်ဒေသများအား အကျိုးရှိစွာအသုံးချခြင်း သရုပ်ပြလုပ်ငန်း (Demonstration of Wise-Use Activities)” များကို စီမံကိန်း၏ ရံပုံငွေ အထောက်အပံ့ဖြင့် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ မှ စတင် ၍ ဆောင်ရွက်ခဲ့ပါသည်။
ရည်ရွယ်ချက်
၃။ အောက်ဖော်ပြပါ ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်ခြင်း ဖြစ်ပါသည်-
(က) ရေဝပ်ဒေသများမှ ရရှိသည့် ရေသယံဇာတများကို စဉ်ဆက်မပြတ် ထုတ်ယူသုံးစွဲ နိုင်စေရန်၊
( ခ) ရေဝပ်ဒေသများ ထိန်းသိမ်းကာကွယ်ရာတွင် ဒေသခံ ပြည်သူများ၏ ပူးပေါင်းပါဝင်မှု ပိုမိုရရှိစေရန်၊
(ဂ) ဒေသခံပြည်သူများအကြား ရေဝပ်ဒေသများ ထိန်းသိမ်း ခြင်းဆိုင်ရာ အသိပညာများ ပိုမိုတိုးမြင့်လာစေရန်၊
ဆောင်ရွက်သည့် နေရာ
၄။ မိုးယွန်းကြီးအင်း ဘေးမဲ့တောနှင့် ဆက်စပ်လျက်ရှိသော အဓိက (၃) ရွာဖြစ်သည့် ကပင်၊ ဖလောက်နှင့် ပြွန်စု ကျေးရွာများအား ရွေးချယ်ထားပြီး၊ စီမံကိန်း ပထမ (၃) လအတွင်း ပြွန်စု ကျေးရွာ၌ စတင်ဆောင်ရွက်ခဲ့ပါသည်။ ဋ္ဌ

ဆောင်ရွက်သည့် နည်းစနစ်
၄။ ရေဝပ်ဒေသများအား အကျိုးရှိစွာအသုံးချခြင်း (Wise Use) သရုပ်ပြလုပ်ငန်းစဉ်များကို ရမ်ဆာကွန်ဗင်းရှင်းမှ ပြဋ္ဌာန်းထားသော Wise Use Guidelines များအပေါ် အခြေခံ၍ ဒေသ၏ လိုအပ်ချက်များနှင့်အညီ အုပ်ချုပ်လုပ်ကိုင်မှုစီမံချက်တွင် ထည့်သွင်းရေးသား၍ ဆောင်ရွက်ခြင်း ဖြစ်ပါသည်။ ရေဝပ်ဒေသများအား အကျိုးရှိစွာ အသုံးချခြင်း (Wise Use) လုပ်ငန်းစဉ်၏ Conceptual Model ကို နောက်ဆက်တွဲ (က) ဖြင့် ဖော်ပြအပ်ပါသည်။
၅။ Wise Use သရုပ်ပြလုပ်ငန်းများကို အုပ်ချုပ်လုပ်ကိုင်မှုစီမံချက်အရ ဒေသခံများ အသုံးပြုရန် ခွင့်ပြုထားသော ဖွံ့ဖြိုးရေးဇုန်နှင့် အကျိုးရှိစွာအသုံးပြုရေး ဇုန်နယ်မြေများတွင် ဆောင်ရွက်ခြင်းဖြစ်ပြီး၊ အောက်ဖော်ပြပါ အဓိက လုပ်ငန်း (၃) ရပ်ကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါသည်-
(က) ကျေးရွာအတွင်းရှိ ရေလုပ်သားများအား သတ်မှတ်ထားသည့် ငါးဖမ်းပိုက်ကျဲများ ဝယ်ယူနိုင်ရေး ရန်ပုံငွေ မတည်ဆောင်ရွက်ပေးခြင်း၊
( ခ) ဒေသခံများ၏ ပူးပေါင်းပါဝင်မှုဖြင့် စည်းကမ်းမဲ့ ငါးဖမ်းယူမှုများကို စောင့်ကြည့် လေ့လာခြင်းနှင့် ကင်းလှည့်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊
( ဂ) ငါးဖမ်းပိုက်ဝယ်ယူရန် မတည်ပံ့ပိုးပေးထားသည့် ရန်ပုံငွေအား စဉ်ဆက်မပြတ် အသုံးပြုနိုင်ရေး ကြီးကြပ်ဆောင်ရွက်ခြင်း၊
လုပ်ငန်းတိုးတက်မှုအခြေအနေ
၆။ Wise Use သရုပ်ပြလုပ်ငန်း (၃) ရပ်အား ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလမှ စတင် ဆောင်ရွက်ခဲ့ပြီး၊ လုပ်ငန်းတိုးတက်မှုများကို အောက်ပါအတိုင်း တွေ့ရှိရပါသည်-
(က) အင်းတိုင်စုကျေးရွာအုပ်ချုပ်ရေးမှူး၊ ပြွန်စုကျေးရွာ ရာအိမ်မှူးနှင့် ကျေးရွာ ဒေသခံများအပါအဝင် အဖွဲ့ဝင် (၅)ဦး ပါဝင်သော ကြီးကြပ်ရေးကော်မတီ ဖွဲ့စည်း ခြင်း၊
( ခ) ဦးစားပေးရွေးချယ်ထားသော ဒေသခံ(၂၀)ဦးအား တစ်ခုလျင် ငွေကျပ် (၅၀,၀၀၀) တန်ဖိုးရှိ ငါးလုပ်ငန်းဦးစီးဌာနမှ သတ်မှတ်ထားသော (၁”) ပေနှင့် အထက် ငါးဖမ်း ပိုက်ကျဲများ ဖြန့်ဝေပေးပြီး (၃) လ တစ်ကြိမ် အရင်းပြန်ဆပ်စေ၍ ကျန် ကျေးရွာသားများအား ဆက်လက်ဖြန့်ဝေပေးခဲ့ရာ ၂၀၂၀ ပြည့်နှစ်၊ မတ်လတွင် ကျေးရွာသား စုစုပေါင်း (၂၉) ဦးအထိ ဖြန့်ဝေပေးနိုင်ခဲ့ခြင်း၊
(ဂ) မတည်ပေးထားသည့် ရန်ပုံငွေ မပျောက်ပျက်စေရေး ကြီးကြပ်ရေး ကော်မတီဝင် များနှင့် ပူးပေါင်း၍ စိစစ်ဆောင်ရွက်ခဲ့ရာ မူလမတည်ငွေ ကျပ် (၁၀) သိန်းမှ ကျပ် (၁,၀၈၅,၀၀၀) တိုးပွားလာပြီး၊ ငါးဖမ်းပိုက်များကို မူလလျာထားသည်ထက် ပိုမိုတိုးမြှင့် ဖြန့်ဝေနိုင်ခဲ့ခြင်း၊
(ဃ) Wise Use သရုပ်ပြ လုပ်ငန်းတွင် ပါဝင်ဆောင်ရွက်သည့် ဒေသခံများ၏ ထိန်းသိမ်းရေးတွင် ပါဝင်ဆောင်ရွက်မှု အနေဖြင့် ၎င်းတို့၏ သတင်းပေးချက်အရ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလတွင် အင်ဂျင်ပါ စက်လှေ (၆) စီး၊ ဘက်ထရီ အလုံး (၂၀)၊ ကျင်စက်ဘူး (၆) ဘူး၊ ရှော့တိုက်တံ (၃) စုံနှင့် လက်ကိုင်ဖုန်း (၂) လုံး တို့ကို ဖမ်းဆီးရမီခဲ့ပြီး၊ ဘက်ထရီကျင်စက် အသုံးပြု၍ ငါးဖမ်းဆီးခြင်း၊ ဘီလားထောင်သည့် ပိုက်များ တွင် တွယ်ငြိနေသော ရေပျော်ငှက်များအား ပြန်လည်စေလွှတ်စေခြင်း၊ သတ်မှတ်ထားသည့် ဖွံ့ဖြိုးရေးဇုန်နှင့် အကျိုးရှိစွာ အသုံးချဇုန်များတွင်သာ ငါးဖမ်းစေရေး ပူးပေါင်း စောင့်ကြည့်ခြင်းများ ဆောင်ရွက်နိုင်ခဲ့ခြင်း၊
အကျိုးကျေးဇူးများ
၇။ အောက်ဖော်ပြပါ အကျိုးကျေးဇူးများကို ရရှိခဲ့ပါသည်-
(က) ရေဝပ်ဒေသများအား အကျိုးရှိစွာအသုံးချခြင်း (Wise Use) သည် ရမ်ဆာ ကွန်ဗင်းရှင်းမှ ချမှတ်ထားသည့် လုပ်ငန်းစဉ် တစ်ခုဖြစ်ရာ၊ ယခုကဲ့သို့ မိမိတို့နိုင်ငံ ၏ ရမ်ဆာရေဝပ်ဒေသများတွင် သရုပ်ပြ ဆောင်ရွက်ခြင်းအားဖြင့် ကွန်ဗင်းရှင်း၏ လုပ်ငန်းစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်း၊
( ခ) ရေသယံဇာတ အရင်းအမြစ်များအား ဥပဒေနှင့်အညီ စည်းကမ်းတကျအသုံးပြု စေခြင်းဖြင့် ဒေသခံပြည်သူများ၏ လူမှုစီးပွားရေး အခြေအနေများ ရေရှည် တည်တံ့စွာ ဖွံ့ဖြိုးတိုးတက်စေရေး အထောက်အကူ ပြုခြင်း၊
( ဂ) Wise Use လုပ်ငန်းများ ဆောင်ရွက်ခြင်းအားဖြင့် ရေဝပ်ဒေသများသည် ဇီဝမျိုးစုံ မျိုးကွဲ ထိန်းသိမ်းရေးအတွက်သာမက ဒေသခံပြည်သူများ၏ လူမှုစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသော လုပ်ငန်းစဉ် တစ်ခုဖြစ်ကြောင်း ဒေသခံ များမှ ကိုယ်တိုင် သိရှိနားလည်လာစေပြီး ထိန်းသိမ်းရေးလုပ်ငန်းများတွင် ပိုမို ပူးပေါင်းပါဝင်လာခြင်း၊
(ဂ) Wise Use လုပ်ငန်းစဉ်များတွင် ဒေသခံများအား ပံ့ပိုးပေးခြင်းသာမက ထိန်းသိမ်း ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်စေခြင်းဖြင့် တရားမဝင် ငါးဖမ်း နည်းစနစ်များ အသုံးပြု၍ ငါးဖမ်းယူခြင်းများ လျော့နည်းလာစေနိုင်ပြီး၊ ဌာန၏ ဝန်ထမ်းအင်အား မလုံလောက်မှု ပြဿနာကိုလည်း ဖြေရှင်းပေးနိုင်ခြင်း။
နိဂုံး
၈။ မိုးယွန်းကြီးအင်း ဘေးမဲ့တောသည် မြန်မာနိုင်ငံတွင် ရမ်ဆာရေဝပ်ဒေသအဖြစ် ပထမဆုံး အသိအမှတ်ပြုခံရသည့် ဘေးမဲ့တောတစ်ခု ဖြစ်ပါသည်။ ယခုကဲ့သို့ ရမ်ဆာကွန်ဗင်းရှင်းမှ ချမှတ်ထားသည့် ရေဝပ်ဒေသများ အကျိုးရှိစွာအသုံးချခြင်း (Wise Use) လုပ်ငန်းများကို ဒေသခံ ပြည်သူများနှင့် ပူးပေါင်း၍ ဆောင်ရွက်ခြင်းအားဖြင့် ဇီဝမျိုးစုံမျိုးကွဲများ ရေရှည်တည်တံ့စေရေးနှင့် လူမှုစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဟန်ချက်ညီညီ ထိန်းညှိ ဆောင်ရွက်သွားနိုင်မည် ဖြစ်ပါသည်။ ငါးဖမ်းပိုက် ဖြန့်ဝေခြင်း လုပ်ငန်းအောင်မြင်မှုများအပေါ် အခြေခံ၍ ဘီလားဖမ်းရာတွင် ပိုက်ကွန်အသုံးပြု၍ ဖမ်းဆီးခြင်းအစား ငှက်မျိုးစိတ်များ အနှောက်အယှက် မဖြစ်စေရေး မီးချောင်း အသုံးပြု၍ ဖမ်းဆီးရန် အသိပညာပေးခြင်းနှင့် ဆိုလာမီးချောင်းနှင့် ဘက်ထရီများကို စီမံကိန်း ရန်ပုံငွဖြင့် ဝယ်ယူဖြန့်ဖြူးရန် စီစဉ်ဆောင်ရွက်လျက် ရှိပါကြောင်း တင်ပြအပ်ပါသည်။  

date: 
Wednesday, May 13, 2020 - 10:30