မြန်မာနိုင်ငံရှိ သဘာဝထိန်းသိမ်းရေးနယ်မြေများစီမံအုပ်ချုပ်မှု ရေရှည်တည်တံ့စေရေး မြှင့်တင်ခြင်း စီမံကိန်း (၂၀၁၅−၂၀၂၀) ၏စီမံကိန်းဘုတ်အဖွဲ့သတ္တမအကြိမ်မြောက်အစည်းအဝေးကျင်းပပြုလုပ်

မြန်မာနိုင်ငံရှိ သဘာဝထိန်းသိမ်းရေးနယ်မြေများ စီမံအုပ်ချုပ်မှု ရေရှည်တည်တံ့စေရေး မြှင့်တင်ခြင်းစီမံကိန်း (၂၀၁၅−၂၀၂၀)”၏ စီမံကိန်းဘုတ်အဖွဲ့ သတ္တမအကြိမ်မြောက် အစည်းအဝေး ကို (၁၉-၆-၂၀၂၀)ရက်နေ့၊ နံနက် (၀၉:၀၀) နာရီတွင် သစ်တောဦးစီးရုံးချုပ်၊ အင်ကြင်းခန်းမ၊ နေပြည်တော်၌ ကျင်းပပြုလုပ်ရာ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော် တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။
မြန်မာနိုင်ငံရှိ သဘာဝထိန်းသိမ်းရေးနယ်မြေများ စီမံအုပ်ချုပ်မှု ရေရှည်တည်တံ့စေရေး မြှင့်တင်ခြင်း စီမံကိန်း (၂၀၁၅−၂၀၂၀)” သည် မြန်မာနိုင်ငံအတွက် ကမ္ဘာ့ပတ်ဝန်းကျင် ရန်ပုံငွေအဖွဲ့ (Global Environment Fund – GEF) ၏ အထောက်အပံ့ဖြင့် ဆောင်ရွက်သည့် ပထမဦးဆုံး စီမံကိန်းဖြစ်ကြောင်း၊ စီမံကိန်းသည် (၂၂−၆−၂၀၂၀)ရက်နေ့တွင် (၅)နှစ် သက်တမ်းပြည့်၍ စီမံကိန်း ပြီးစီးမည်ဖြစ်ကြောင်း၊ စီမံကိန်း အပြီးသတ်တော့မည်ဖြစ်ရာ ယခု နောက်ဆုံးအကြိမ် ပြုလုပ်သည့် ဘုတ်အဖွဲ့အစည်းအဝေးမှာ အလွန်အရေးကြီးကြောင်း၊
စီမံကိန်း အကောင်အထည်ဖော်မှု ရလဒ်၊ စီမံကိန်းမှ ရရှိသည့် သင်ခန်းစာများနှင့် နောင်တွင် အလားတူ စီမံကိန်းများ အကောင်အထည်ဖော်ရာ၌ သဘာဝထိန်းသိမ်းရေးနယ်မြေစနစ်အား ပိုမို အားကောင်းစွာ မြှင့်တင်ဆောင်ရွက်နိုင်မည့် နည်းလမ်းများ စသည်တို့ကို ယခုအစည်းအဝေးမှာ တင်ပြဆွေးနွေးမည်ဖြစ်ကြောင်း၊
စီမံကိန်း အကောင်အထည်ဖော်မှုကို ကြည့်မည်ဆိုပါက စီမံကိန်းလုပ်ငန်းများသည် “နိုင်ငံ အဆင့် ဇီဝမျိုးစုံမျိုးကွဲ မဟာဗျူဟာနှင့် လုပ်ငန်းစီမံချက် (၂၀၁၅-၂၀၂၀)” အကောင်အထည်ဖော်မှု အပေါ် များစွာအထောက်အကူပြုကြောင်း၊ ထို့အပြင် “ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေး နယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာဥပဒေ(၂၀၁၈)”ရေးဆွဲနိုင်ရေးအပေါ် ပံ့ပိုးခဲ့ကြောင်း၊
သဘာဝထိန်းသိမ်းရေးနယ်မြေများသည် ဇီဝမျိုးစုံမျိုးကွဲများ ဆုံးရှုံးခြင်း၊ ရာသီဥတုပြောင်း လဲခြင်းတို့အပေါ် သဘာဝအခြေပြု ဖြေရှင်းနိုင်မယ့် နည်းလမ်းတစ်ခုဖြစ်ပြီး၊ လူသားတို့အပေါ် သဘာဝ၏ပံ့ပိုးမှုများ စဉ်ဆက်မပြတ် ရေရှည်တည်တံ့စေရေးအား ခိုင်မာစေမည့် နည်းလမ်းလည်း ဖြစ်ပါကြောင်း၊ ထို့အပြင် ရာသီဥတုဆိုင်ရာ ပဲရစ်သဘောတူညီချက်အား အကောင်အထည် ဖော်သည့်အနေဖြင့် ဆောင်ရွက်ရမည့် အမျိုးသားအဆင့် ရာသီဥတုပြောင်းလဲမှုလျှော့ချခြင်းဆိုင်ရာ အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ် ကတိကဝတ်ပြည့်မီရေးအပေါ် အထောက် အကူပြုမည်ဖြစ်ပါကြောင်း၊
ယခု GEF-5 စီမံကိန်း၏ ရလဒ်များနှင့် အကျိုးသက်ရောက်မှုများကို ဆက်လက်ထိန်းသိမ်း နိုင်ရန်အတွက် UNDP နှင့် WCS တို့ အနေနှင့် သက်ဆိုင်ရာ စီမံကိန်းလုပ်ငန်းများမှာ သင့်လျော် သလို ထည့်သွင်းပေါင်းစပ်ဆောင်ရွက်ပေးသွားကြရန် တိုက်တွန်းလိုပါကြောင်း၊ စီမံကိန်းပြီးစီးမှု အကဲဖြတ်သုံးသပ်ခြင်း လုပ်ငန်းကို ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီ နှင့် မတ်လတို့တွင် ဆောင်ရွက် ခဲ့ပြီးဖြစ်ပါကြောင်း၊
အရေးအကြီးဆုံးအနေဖြင့် “မဟာဗျူဟာကျကျ စီမံကိန်း အပြီးသတ်ခြင်း နှင့် စီမံကိန်း၏ အကျိုးသက်ရောက်မှုရလဒ်များ ရေရှည်တည်တံ့စေရေးကို ဖော်ဆောင်ရန်ဖြစ်ပါကြောင်း၊ တက်ရောက်လာသူများအနေနှင့် စီမံကိန်းလုပ်ငန်းများ၊ ရလဒ်များ၊ စီမံကိန်း လုပ်ငန်းသုံး ပစ္စည်းများ၊ စီမံကိန်းအပြီးသတ် အကဲဖြတ်သုံးသပ်ခြင်းနှင့် စဉ်ဆက်မပြတ် ရေရှည်တည်တံ့ရေး ဆိုင်ရာ စီမံချက်တို့အပေါ် အင်တိုက်အားတိုက် ဆွေးနွေးပေးကြရန် မှာကြားခဲ့ပါသည်။
အခမ်းအနားကို UNDP မှ ဒုတိယဌာနေကိုယ်စားလှယ် Mrs,Dawn Del Rio နှင့် အဖွဲ့ဝင် များ၊ WCS မှ ဌာနေကိုယ်စားလှယ် ဦးစောထွန်းနှင့်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရှိ သဘာဝထိန်းသိမ်း ရေးနယ်မြေများ စီမံအုပ်ချုပ်မှုရေရှည်တည်တံ့စေရေး မြှင့်တင်ခြင်းစီမံကိန်း (၂၀၁၅−၂၀၂၀)”၏ စီမံကိန်းဘုတ်အဖွဲ့ဝင် သစ်တောဦးစီးဌာနှင့် ဆက်စပ်ဌာနများမှ အရာထမ်းများ တက်ရောက် ခဲ့ကြပါသည်။

date: 
Monday, June 22, 2020 - 10:15