ပြည်ထောင်စုဝန်ကြီး၏ နေပြည်တော်ကောင်စီနယ်မြေအတွင်း သစ်တောလုပ်ငန်းများနှင့် သစ်လုပ်ငန်းဆင်စခန်းအား ကွင်းဆင်းစစ်ဆေး

(၂၇-၆-၂၀၂၀)ရက်နေ့၊ နံနက်တွင် နေပြည်တော်ကောင်စီနယ်မြေ နေပြည်တော်-တပ်ကုန်း၊ အမှတ်(၁)လမ်းမကြီးဘေး၊ ဖိုးဇောင်းတောင်ကြိုးဝိုင်းအတွင်း သစ်တောလုပ်ငန်းများ၊ နေပြည်တော် -ကံပြားလမ်း၊ ငလိုက်ကြိုးဝိုင်းအတွင်း ဆောင်ရွက်ထားသော သစ်တောလုပ်ငန်းများနှင့် မြန်မာ့ သစ်လုပ်ငန်း၊ ငလိုက်ဆင်စခန်းတို့အား သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း ကြည်ရှု့စစ်ဆေးခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးသည် နေပြည်တော်-တပ်ကုန်း အမှတ်(၁)လမ်းမကြီးဘေး၊ ဖိုးဇောင်း တောင်ကြိုးဝိုင်းတွင် ၂၀၂၀ ပြည့်နှစ်၊ မိုးရာသီတွင် စိမ်းလန်းစိုပြည်ရေးအတွက် စိုက်ပျိုးမည့် စိုက်ခင်းမြေနေရာပြုပြင်ထားရှိမှုအား သွားရောက်စစ်ဆေးခဲ့ပါသည်။ ထိုသို့စစ်ဆေးရာတွင် သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများမှ လုပ်ငန်းဆောင်ရွက်ထားရှိမှုများ အား ရှင်းလင်းပြသပါသည်။ ပြည်ထောင်စုဝန်ကြီးက ရေတိုက်စားနိုင်သည့် နေရာများတွင် ဗာတီဗာမြက်များ ကြိုတင်စိုက်ပျိုးထားရှိမှု၊ ဝါးမျိုးများ ကြိုတင်စိုက်ပျိုးထားရှိမှုကို စစ်ဆေး ခဲ့ပါသည်။ ဗာတီဗာမြက်များအား ထပ်မံစိုက်ပျိုးရန်နှင့် စိုက်ပျိုးရန်အတွက် ပြင်ဆင်ထားသည် သစ်မျိုးများအား အသင့်ပြင်ဆင်ထားရန် လမ်းညွှန်မှာကြားခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးမှ နေပြည်တော်ကောင်စီနယ်မြေ နေပြည်တော်-တပ်ကုန်း အမှတ်(၁) လမ်းမကြီးဘေးရှိ ၂၀၁၆ ခုနှစ် မိုးရာသီ၊ ၂၀၁၇ ခုနှစ် မိုးရာသီ၊ ၂၀၁၈ ခုနှစ် မိုးရာသီ၊ ၂၀၁၉ ခုနှစ် မိုးရာသီတို့တွင် စိမ်းလန်းစိုပြည်ရေးအတွက် စိုက်ပျိုးထားရှိခဲ့သော စိုက်ခင်းရှင်သန်အောင်မြင်မှု များနှင့် စိုက်ခင်းအတွင်း ဝါးမျိုးစိတ်များ ဖြည့်စွက်စိုက်ပျိုးထားရှိမှုအား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးမှ နေပြည်တော်-ကံပြားလမ်း၊ ငလိုက်ကြိုးဝိုင်းအတွင်းရှိ ၂၀၁၈ ခုနှစ် စီးပွားရေးကျွန်းစိုက်ခင်း (၁၅၀)ဧကနှင့် ၂၀၁၉ ခုနှစ် စီးပွားရေးကျွန်းစိုက်ခင်း(၁၅၀)ဧကတို့တွင် ပေါင်းသင်ရှင်းလင်းခြင်းလုပ်ငန်း ဆောင်ရွက်ထားရှိမှု နှင့် စိုက်ခင်းအတွင်း Pot Tube ဖြင့် စိုက်ပျိုးထားသော ကျွန်းပျိုးပင်များ စမ်းသပ်စိုက်ပျိုးထားရှိမှုအား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ Pot Tube ဖြင့် စမ်းသပ်စိုက်ပျိုးထားသော ကျွန်းပင်များ၏ ကြီးထွားမှုကို မှတ်တမ်းပြုစုထား ရန်၊ နယ်နမိတ် စနစ်တကျ သတ်မှတ်ထားရန်နှင့် ပေါင်းသင်ရှင်းလင်းခြင်းလုပ်ငန်း ဆောင်ရွက်ရာတွင် ပင်ပူး/ ပင်ခွများ စနစ်တကျ ကိုင်းချိုင်ရန် မှာကြားခဲ့ပါသည်။
မြန်မာနိုင်ငံ ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းမှ ကူညီပံ့ပိုးငွေဖြင့် တည်ထောင် သည့် ၂၀၁၉ ခုနှစ် ဂေဟစနစ်ဖြည့်တင်းရေးစိုက်ခင်း (၁၀၀)ဧကတွင် အပင်များရှင်သန်အောင်မြင် နေမှုနှင့် ၂၀၂၀ ပြည့်နှစ် ဂေဟစနစ်ဖြည့်တင်းရေးစိုက်ခင်း (၁၀၀)ဧကတွင် စိုက်ပျိုးပြီးစီးမှုအား စစ်ဆေးခဲ့ပါသည်။ စိုက်ခင်းရှင်းလင်းဆောင်တွင် သဘာဝတောနှင့် စိုက်ခင်းလုပ်ငန်းဌာန ညွှန်ကြားရေးမှူးမှ ဂေဟစနစ်ဖြည့်တင်းရေးစိုက်ခင်းများ ဆောင်ရွက်ထားရှိမှုအား ရှင်းလင်း တင်ပြ ခဲ့ရာ ပြည်ထောင်စုဝန်ကြီးမှ စိုက်ခင်းအတွင်း စိုက်ပျိုးထားသည့် ပျိုးပင်များ ရာနှုန်းပြည့်ရှင်သန်စေ ရေးအတွက် သေပင်များအား ပျိုးပင်ကြီးများဖြင့် ပြန်လည်ဖာထေးရန်၊ စာရင်းဇယားများအား စနစ်တကျ ပြုစုထားရန်၊ လုပ်ငန်းသုံးရန်ပုံငွေ သုံးစွဲမှုများအား မှတ်တမ်းပြုစုထားရန်၊ လုပ်ငန်းသုံး ပစ္စည်းများနှင့် ရုံးအသုံးအဆောင်ပစ္စည်းများအား စနစ်တကျ ထိန်းသိမ်းထားရန် မှာကြားခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးမှ မြန်မာ့သစ်လုပ်ငန်း၊ ငလိုက်စခန်းသာ ဆင်ထိန်းသိမ်းစောင့်ရှောက် ရေးစခန်းရှိ တောတွင်းဖြတ်လျှောက်လမ်းဆောက်လုပ်ရန်ကိစ္စနှင့် ပတ်သက်၍ အကောင်အထည် ဖော်ဆောင်ရွက်ထားရှိမည့် အခြေအနေအား လှည့်လည်စစ်ဆေးခဲ့ရာ မြန်မာ့သစ်လုပ်ငန်း အထွေထွေမန်နေဂျာနှင့် တာဝန်ရှိသူများမှ တောတွင်းဖြတ်လျှောက်လမ်း၊ ကမ်းခြေလျှောက်လမ်း၊ ရေပေါ်ဗောတံတားနှင့် တောတွင်းဖြတ်လျှောက်လမ်းအတွင်း ပါဝင်သည့် ကြိုးတံတား၊ မြောင်ကျော်တံတား အမှတ်(၁)၊ (၂)တို့ ဆောင်ရွက်ထားရှိမှုအခြေအနေအား ရှင်းလင်းတင်ပြခဲ့ပါ သည်။ ပြည်ထောင်စုဝန်ကြီးမှ တည်ဆောက်ရေးလုပ်ငန်းအတွက် တင်ဒါ လုပ်ထုံးလုပ်နည်းနှင့် အညီ ဆောင်ရွက်ရန်၊ လုပ်ငန်းရန်ပုံငွေရရှိမှုနှင့် သုံးစွဲမှုတို့အား ပြန်လည်တင်ပြရန် မှာကြားခဲ့ ပါသည်။ ထို့နောက် ငလိုက်ဆင်စခန်းအတွင်းရှိ ဆင်များအား ဆင်စာကျွေးခြင်းနှင့် အမှတ်တရ သစ်ပင်များစိုက်ပျိုးပေးခဲ့ပါသည်။

date: 
Tuesday, June 30, 2020 - 13:45