သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ဝန်ကြီးဌာန၏ လုပ်ငန်းများစစ်ဆေးခြင်း

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့်အတူ (၁၈-၇-၂၀၂၀)ရက်နေ့ နံနက်ပိုင်းတွင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန (သတ္တုရေးရာ) ရုံးအမှတ်(၁၉)၊ သီရိရတနာခမ်းမတွင် အမှတ်(၂)သတ္တုတွင်းလုပ်ငန်းမှ ဦးစီးအရာရှိ ရာထူးတိုးမြှင့်ရေးအတွက် ကျင်းပပြုလုပ်သည့် ရေးဖြေစာမေးပွဲဖြေဆိုနေမှု အခြေအနေကိုကြည့်ရှုစစ်ဆေးခဲ့ပါသည်။ထို့ နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သတ္တုတွင်းဦးစီးဌာန၊ နှစ်ထပ်ရုံးအဆောက်အဦ တိုးချဲ့တည် ဆောက်ပြီးစီးမှု အခြေအနေနှင့် လိုအပ်ချက်တို့ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ဆက်လက်ဆောင်ရွက်ရန် လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးဝန်ကြီးဌာန(သတ္တုရေးရာ) (၃)ထပ်ရုံးအသစ်တည်ဆောက်ရေး လုပ်ငန်းခွင်သို့ သွားရောက် စစ်ဆေးရာ အဆောက်အဦ ဦးစီးဌာန၊ အင်ဂျင်နီယာချုပ် ဦးကျော်မင်းအေးနှင့် ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်နွယ်နီဝင်းက တည်ဆောက်ပြီးစီးမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး၊ အရည်အသွေးပြည့်မီရေးနှင့် လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေးတို့ကို အလေးထားဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ပြီး တည် ဆောက်ရေး လုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ် ရေဆင်းသို့ရောက်ရှိခဲ့ရာ သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ် ဒုတိယပါမောက္ခချုပ်နှင့် တာဝန်ရှိသူများမှ သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်၊ ဘွဲ့နှင့်းသဘင်ခန်းမရှေ့ရှိ ရေကန် တွင် ဆောက်လုပ်မည့် ဦးပိန်တံတားပုံစံ သစ်သားတံတား တည်ဆောက်မည့်ပုံစံနှင့် မြေနေရာအား ရှင်းလင်းတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးမှ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် သစ်တောဦးစီးဌာန၊ သစ်တောသုတေ သနဌာန၊ ရေဆင်းသို့ရောက်ရှိပြီး သစ်တောသုတေသနဌာန ရေမြေသားငှက်နှင့် သစ်တောသယံ ဇာတဌာနစု ရေဓာတ်ခွဲခန်း နှစ်ထပ်အဆောက်အဦသစ်အား စစ်ဆေးခဲ့ပြီး ရေဓာတ်ခွဲခန်းအတွင်း နော်ဝေနိုင်ငံ အကူအညီဖြင့် ရေအရည်အသွေးတိုင်း စက်ကိရိယာများတပ်ဆင်အသုံးပြုနေမှုအား စစ်ဆေးခဲ့ပါသည်။ လက်ရှိအချိန်တွင် ရေအရည်အသွေး(၄၉)မျိုးအထိ ဓာတ်ခွဲစစ်ဆေးနိုင်ပြီဖြစ် ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် Japan International Cooperation Agency(JICA) ၏ ထောက်ပံ့ငွေဖြင့် ဇီဝမျိုးစုံမျိုးကွဲများ သုတေသနပြု လေ့လာထိန်းသိမ်းရေးဗဟို ဌာန ဆောက်လုပ်မည့် မြေနေရာနှင့် တည်ဆောက်မည့် အဆောက်အဦပုံစံအား ကြည့်ရှုစစ်ဆေးခဲ့ရာ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်နှင့် သစ်တောသုတေသနဌာန တာဝန်ရှိသူများမှ ရှင်းလင်းတင်ပြခဲ့ပါသည်။ အဆိုပါ ပူးပေါင်းဆောင်ရွက်မှုတွင် အပင်နှင့် သတ္တဝါမျိုး စိတ်များ လေ့လာဖော်ထုတ်မှတ်တမ်းတင်ခြင်းနှင့် ထိန်းသိမ်းခြင်းဆိုင်ရာ နည်းပညာများ မြှင့်တင် နိုင်ရန် ရည်ရွယ်ပြီး Biodiversity Research Center တည်ဆောက်ရေး၊ ပန်းပုံစံပြတိုက်နှင့် အင်းဆက်ပြတိုက် စီမံအုပ်ချုပ်ခြင်းဆိုင်ရာ နည်းပညာသင်တန်းများဖွင့်လှစ်ခြင်း လုပ်ငန်းစဉ်များ ပါဝင်ပြီး စီမံကိန်းကာလမှာ ၂၀၁၈ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ ငါးနှစ်ကြာ ဆောင်ရွက်သွားမည် ဖြစ်ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ သည် သစ်တောသုတေသနဌာန၊ ပန်းပုံစံပြတိုက် ပြုပြင်မွမ်းမံနေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ အဆိုပါ ပန်းပုံစံပြတိုက် ပြုပြင်မွမ်းမံခြင်းကို ဂျပန် နိုင်ငံ၏ အထောက်အပံ့ဖြင့် “မြန်မာနိုင်ငံတွင် အပင်မျိုးစိတ်များ စာရင်းကောက်ယူခြင်းနှင့် စီးပွား ဖြစ် ရုက္ခဗေဒဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း” မှ ဆောင်ရွက်လျက်ရှိပြီး စီမံကိန်း ကာလမှာ ၂၀၁၈ ခုနှစ် ဇန်နဝါရီလမှ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလအထိ ငါးနှစ်ကြာဆောင်ရွက်သွားမည်ဖြစ်ပြီး အဆိုပါစီမံကိန်းမှ ပန်းပုံစံပြတိုက် အဆင့်မြှင့်တင်ခြင်းလုပ်ငန်း၊ စာရင်းကောက်ယူခြင်းလုပ်ငန်း၊ သစ်ခွမျိုးပွားခြင်းနှင့် ထိန်းသိမ်းခြင်းလုပ်ငန်း၊ လူထုဖွံ့ဖြိုးရေးလုပ်ငန်းအစီအစဉ်များနှင့် ပညာရေး ဆိုင်ရာ အစီအစဉ်များကို ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် သစ်တောသုတေသနဌာန ဆေးဘက်ဝင်ပင် များစုဆောင်းစိုက်ပျိုးထားသည့် ဥယျာဉ်သို့ သွားရောက်စစ်ဆေးခဲ့ပြီး ဆေးဘက်ဝင်ပင် ပရဆေး ဥယျာဉ် အဆင့်မြှင့်တင်ရေးအတွက် လုပ်ငန်းစီမံချက်ရေးဆွဲ တင်ပြရန်နှင့် လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပါသည်။ အဆိုပါ ဆေးဖက်ဝင်ပင်ဥယျာဉ်ကို ၁၉၈၆ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး ပျိုးထောင်ထိန်းသိမ်းထားခဲ့သည့် ဆေးဖက်ဝင်ပရဆေးပင်ပေါင်း ၄၀၉ မျိုးရှိပါကြောင်းသိရသည်။

date: 
Wednesday, July 22, 2020 - 09:30