မြန်မာနိုင်ငံသစ်တောပြန်လည်ထူထောင်ရေး၊ ဖွံ့ဖြိုးရေး နှင့် ရင်းနှီးမြှုပ်နှံမှုစီမံကိန်း၏ ပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာ ထိခိုက်နစ်နာမှုများ လျော့နည်းသက်သာစေရန် ရေးဆွဲထားရှိသည့် စီမံချက်(မူကြမ်း)များအပေါ် သဘောထားမှတ်ချက်နှင့် အကြံပြုချက်များ တောင်းခံခြင်း

သစ်တောဦးစီးဌာနသည် ကမ္ဘာ့ဘဏ်၏ ချေးငွေအစီအစဉ်ဖြင့် အကောင်အထည်ဖော် ဆောင် ရွက်မည့် မြန်မာနိုင်ငံသစ်တောပြန်လည်ထူထောင်ရေး၊ ဖွံ့ဖြိုးရေး နှင့် ရင်းနှီးမြှုပ်နှံမှု စီမံကိန်း (Forest Restoration, Development and Investment Project -FREDIP) ကို ပြင်ဆင်ရေးဆွဲ လျက်ရှိပါသည်။ အဆိုပါ FREDIP (စီမံကိန်း)၏ ဖွံ့ဖြိုးမှုဆိုင်ရာ ရည်မှန်းချက်သည် “မြန်မာ နိုင်ငံတွင် စီမံကိန်း ဆောင်ရွက်မည့် ဒေသများရှိ ဒေသခံပြည်သူများ အနေဖြင့် သစ်တောများမှ ရရှိမည့် အကျိုးကျေးဇူးများ ပိုမိုတိုးပွားလာစေရန် နှင့် ရေရှည်တည်တံ့စေသည့် ပြည်သူလူထု ပူးပေါင်းပါဝင်သော သစ်တော စီမံအုပ်ချုပ်မှုစနစ် ပိုမိုတိုးတက်ကောင်းမွန် လာစေရန်” ဖြစ်ပါသည်။ စီမံကိန်းအား ပြည်ထောင်စုနယ်မြေ နေပြည်တော်နှင့် တိုင်းဒေသကြီး (၅)ခု (ဧရာဝတီ၊ ပဲခူး၊ မကွေး၊ မန္တလေး၊ စစ်ကိုင်း) တို့တွင် ဆောင်ရွက်သွားမည် ဖြစ်ပြီး အဓိကအားဖြင့် အပိုင်း-၁ ထုတ်လုပ်ရေးသစ်တောများ၊ အပိုင်း-၂ အသက်မွေးဝမ်းကျောင်းမှု လုပ်ငန်းများအတွက် ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်း၊ အပိုင်း-၃ သစ်တောကာကွယ်ခြင်း၊ အပိုင်း-၄ အဖွဲ့အစည်းများ အားကောင်းစေခြင်း နှင့် စီမံကိန်းစီမံခန့်ခွဲမှု အစရှိသည့် အပိုင်း(၄)ပိုင်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ အဆိုပါ စီမံကိန်း ပြင်ဆင်ရေးဆွဲခြင်း လုပ်ငန်းစဉ်များ၏ အစိတ်အပိုင်းတစ်ရပ်အနေဖြင့် စီမံကိန်းလုပ်ငန်းများ ကြောင့် ဖြစ်ပေါ်လာနိုင်သော ပတ်ဝန်းကျင် နှင့် လူမှုရေးဆိုင်ရာ ထိခိုက်နစ်နာမှုများ လျော့နည်း သက်သာစေရန်အတွက် ပတ်ဝန်းကျင်နှင့် လူမှုဘဝဆိုင်ရာ စီမံခန့်ခွဲမှု မူဘောင် (Environmental and Social Management Framework – ESMF)၊ ပတ်ဝန်းကျင်နှင့် လူမှုဘဝဆိုင်ရာ ကတိကဝတ်များအား ဖော်ဆောင်မည့် လုပ်ငန်းအစီအစဉ် (Environmental and Social Commitment Plan - ESCP)၊ လူမှုဘဝဆိုင်ရာ ဆန်းစစ်ခြင်း (Social Assessment)နှင့် ဆက်စပ်ပတ်သက်သူများနှင့် ဆက်သွယ်ညှိနှိုင်းခြင်း အစီအစဉ် (Stakeholder Engagement Plan - SEP) များကို ရေးဆွဲလျက်ရှိရာ ၎င်းမူဘောင်နှင့် အစီအစဉ် (မူကြမ်း)များအပေါ် အကျိုးဆက်စပ် ပတ်သက်သူများ၏ သဘောထား မှတ်ချက်များ နှင့် အကြံပြုချက်များ ရယူ သွားမည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ဖော်ပြပါ မူဘောင်နှင့် အစီအစဉ်(မူကြမ်း)များကို အင်္ဂလိပ်၊ မြန်မာ(၂)ဘာသာဖြင့် အောက်ပါ download link များတွင် ဝင်ရောက်ဖတ်ရှု၍ သဘောထား မှတ်ချက်များနှင့် အကြံပြုချက်များကို ယခု Web Page ၏ Comment Box တွင် လည်းကောင်း၊ Gmail account – [email protected] သို့ လည်းကောင်း ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၂၂) ရက်နေ့ နောက်ဆုံးထား၍ ပေးပို့နိုင်ပါရန် တင်ပြအပ်ပါသည်။

ဆက်လက်ဖတ်ရှုရန်
++++++++++++++
https://bit.ly/3ror91r

date: 
Thursday, December 24, 2020 - 22:15