FD-AFoCO Model Forest စီမံကိန်း ၏ ပထမအကြိမ်စီမံကိန်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအစည်းအဝေးကျင်းပခြင်း

သစ်တောဦးစီးဌာနနှင့် အာရှဒေသ သစ်တောကဏ္ဍဆိုင်ရာ ပူးပေါင်းဆောင်ရွက် ရေးအဖွဲ့ “သစ်တောမှီခိုနေထိုင်သူများ၏ လူမှုဘဝဖွံ့ဖြိုးတိုးတက် စေရေးအတွက် သစ်တော ထိန်းသိမ်းခြင်းနှင့် ဒေသခံပြည်သူအခြေပြု စီးပွားရေးလုပ်ငန်းများ ဖော်ဆောင်မှုဆိုင်ရာ စံပြသစ်တောများတည်ထောင်ခြင်းစီမံကိန်း” ၏ ပထမအကြိမ် စီမံကိန်း လုပ်ငန်းကြီးကြပ် ရေးကော်မတီ အစည်းအဝေးကို ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၁၉) ရက်နေ့ နံနက် ၁၀:၀၀ နာရီ တွင် virtual နည်းလမ်းဖြင့် ကျင်းပခဲ့ပါသည်။ အစည်းအဝေးတွင် စီမံကိန်း လုပ်ငန်းကြီးကြပ် ရေးကော်မတီ၏ ဥက္ကဌဖြစ်သူ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ညီညီကျော်၊ အဖွဲ့ဝင်များဖြစ်သော ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများ၊ စီမံကိန်းမန်နေဂျာနှင့် ကိုရီးယားသမ္မတနိုင်ငံမှ AFoCO Secretariat မှ တာဝန်ရှိသူများ၊ စီမံကိန်းဒေသဖြစ်သော ရှမ်းပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးမှ ညွှန်ကြားရေးမှူးများ၊ စုစုပေါင်း (၁၃) ဦး တက်ရောက်ခဲ့ပါသည်။ အစည်းအဝေးတွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကား ပြောကြားပြီးနောက် ကော်မတီ၏ စည်းမျဉ်း စည်းကမ်းများ၊ မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းနှင့်အညီ စီမံကိန်း အကောင်အထည်ဖော်မည့်လုပ်ငန်းစဉ်များ၊ ကိုဗစ်ကာလအတွင်း စီမံကိန်းအကောင်အထည် ဖော်ဆောင်ရွက်ချက်များကို ဆွေးနွေးပါသည်။ ဆက်လက်၍ ၂၀၂၀ ပြည့်နှစ်အတွင်း လုပ်ငန်းဆောင်ရွက်များနှင့်ဘဏ္ဍာငွေအသုံးစရိတ်၊ ၂၀၂၁ ခုနှစ်အတွင်းအကောင်အထည်ဖော် မည့်လုပ်ငန်းလျာထားချက်များ၊ ဘဏ္ဍာငွေလျာထားချက်များနှင့် ကိုဗစ်ကာလအတွင်း လုပ်ငန်းများနှောင့်နှေးမှု မရှိစေရန် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေး ကြပါသည်။ ထို့နောက် တက်ရောက်လာသူများမှ ဆွေးနွေးချက်များနှင့် ပတ်သက်၍ အတည်ပြုခြင်းနှင့် အကြံပြုခြင်းများပြုလုပ်၍ ပထမအကြိမ် စီမံကိန်းလုပ်ငန်းကြီးကြပ်ရေး ကော်မတီ အစည်းအဝေးကို နေ့လည် ၁၂:၄၀ နာရီတွင် ရုပ်သိမ်းပါသည်။

date: 
Tuesday, January 19, 2021 - 15:15