အပြည်ပြည်ဆိုင်ရာသစ်တောများနေ့အခမ်းအနားကျင်းပ

အပြည်ပြည်ဆိုင်ရာသစ်တောများနေ့ အခမ်းအနားအား (၂၁-၃-၂၀၂၂) ရက်နေ့၊ နံနက်ပိုင်း တွင် စုဝေးခန်းမ၊ သစ်တောသုတေသနဌာန၊ နေပြည်တော်တွင် ကျင်းပပြုလုပ်ရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ တက်ရောက် အဖွင့်အမှာစကားပြောကြားသည်။
ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် ယနေ့ကမ္ဘာ့နိုင်ငံအသီးသီးတွင် ပတ်ဝန်းကျင် ယိုယွင်းပျက်စီးလာမှုများကြောင့် ရာသီဥတုပြောင်းလဲမှုများနှင့်အတူ သဘာဝဘေးအန္တရာယ်များကို နှစ်စဉ်ရင်ဆိုင်ကြုံတွေ့နေရကြောင်း၊ ပတ်ဝန်းကျင်ဆိုင်ရာပြဿနာများကို ရင်ဆိုင်ဖြေရှင်းရာတွင် သစ်တောများ၏ ရေရှည်တည်တံ့မှုနှင့် ပတ်ဝန်းကျင်ဆိုင်ရာဝန်ဆောင်မှုများသည် အရေးကြီးသော အခန်းကဏ္ဍတစ်ရပ်အဖြစ် ပါဝင်နေကြောင်း၊ ၂၀၁၂ ခုနှစ်၊ ကုလသမဂ္ဂအထွေထွေညီလာခံတွင် မတ်လ (၂၁) ရက်နေ့ကို အပြည်ပြည်ဆိုင်ရာသစ်တောများနေ့အဖြစ် သတ်မှတ်ကြေညာခဲ့ကြောင်း၊ ယခုနှစ်အတွက် သတ်မှတ်ထားသော “ မျှတဆင်ခြင် ထုတ်သုံးလျင်၊ သစ်တောများတည်မြဲ ထာဝစဉ် ” “ Forests and Sustainable Production and Consumption ” ဆောင်ပုဒ်နှင့်အညီ သစ်တော သယံဇာတများကို ထာဝစဉ်တည့်တံ့အောင် ထိန်းသိမ်းရန်နှင့် စနစ်တကျထုတ်ယူသုံးစွဲရန် အလေးထား ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ သစ်တောများသည် သစ်၊ လောင်စာ၊ အစားအစာ နှင့် တိရစ္ဆာန်အစာများကို ထောက်ပံ့နေသည့်အပြင် ရာသီဥတုပြောင်းလဲမှု လျှော့ချခြင်း၊ ဇီဝမျိုးစုံ မျိုးကွဲ၊ မြေဆီလွှာနှင့်မြစ်ချောင်းများကို ကာကွယ်ပေးခြင်းတို့ကြောင့် ကမ္ဘာမြေကြီး ရေရှည် တည်တံ့ကောင်းမွန်စေရေး၊ ဂေဟစနစ်တည်ငြိမ်ရေးနှင့် လူသားများ၏ကောင်းကျိုးအတွက် မရှိ မဖြစ် လိုအပ်ကြောင်း၊
သစ်တောသယံဇာတများကို ထုတ်ယူသုံးစွဲသည့်အခါ ရေရှည်တည်တံ့စေသောနည်းလမ်း များကို ကျင့်သုံးခြင်းဖြင့် လူသားများအတွက်သာမက ကမ္ဘာမြေကြီးအတွက်ပါ အကျိုးရှိသည့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို တည်ဆောက်နိုင်မည်ဖြစ်ကြောင်း၊ သစ်တောပြုန်းတီးမှု လျော့ချရေး နှင့် သစ်တောများထာဝစဉ်တည်တံ့စေရေးအတွက် အမြဲတမ်းသစ်တောနယ်မြေများကို နိုင်ငံ ဧရိယာ၏ ၃၀%၊ သဘာဝထိန်းသိမ်းရေးနယ်မြေများကို နိုင်ငံဧရိယာ၏ ၁၀% တိုးချဲ့ဖွဲ့စည်း နိုင်ရန် စီမံချက်ချမှတ် ဆောင်ရွက်လျက်ရှိကြောင်း၊ သစ်ထုတ်လုပ်မှုရပ်နားခြင်းနှင့် သစ်ထုတ်လုပ်မှု လျှော့ချခြင်းများကို ဆောင်ရွက်သကဲ့သို့ သစ်အလုံးလိုက် တင်ပို့ခြင်းကိုလည်း ရပ်ဆိုင်းခဲ့ပြီး ထွက်ရှိသော သစ်ခွဲသားများကို အပြည့်အဝ ထိရောက်စွာအသုံးချနိုင်ရေးနှင့် တန်ဖိုးမြှင့်ခွဲသားများ ထုတ်လုပ်ရေး၊ သစ်အခြေခံ စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆောင်ရွက်လျက် ရှိကြောင်း၊ သစ်တောများရေရှည် တည်တံ့ရေးနှင့် စနစ်တကျ ထုတ်ယူသုံးစွဲနိုင်ရေးအတွက် ဆက်စပ်ဌာနများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ ပုဂ္ဂလိကနှင့် ပြည်သူများ ပူးပေါင်းပါဝင်မှသာ အောင်မြင်နိုင်မည် ဖြစ်သည့်အတွက် အားလုံးပူးပေါင်း ဆောင်ရွက်ကြရန် အလေးအနက်ထား တိုက်တွန်းပါကြောင်း ပြောကြားသည်။
အခမ်းအနားတွင် အပြည်ပြည်ဆိုင်ရာသစ်တောများနေ့အထိမ်းအမှတ် Video Clip ကိုပြသ ပြီး သစ်တောစိုက်ခင်းများ တည်ထောင်ခြင်းလုပ်ငန်းများတွင် ထူးချွန်စွာ ဆောင်ရွက်ခဲ့ကြသည့် မြို့နယ်(၃)မြို့နယ်နှင့် သဘာဝဝန်းကျင်နှင့် သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးတွင် စွမ်းဆောင် ရည်ထူးချွန်သည့် သဘာဝထိန်းသိမ်းရေးနယ်မြေများမှ ဥယျာဉ်အုပ်ချုပ်ရေးမှူး (၃)ဦး တို့အား ပြည်ထောင်စုဝန်ကြီးက ဆုများပေးအပ်ချီးမြှင့်သည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ပြသထားသော ပိုစတာများအား လှည့်လည် ကြည့်ရှုစစ်ဆေးပါသည်။

date: 
Wednesday, March 23, 2022 - 15:15