ရခိုင်ပြည်နယ် အမ်းမြို့နယ်တွင် တရားမဝင် သစ်များ ဖမ်းဆီးရမိ (၁၆.၁၂.၂၀၁၃၊နေပြည်တော်)

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန သစ်တောဦးစီးဌာနသည် ကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်တောနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများဟူ၍ အဆင့်ဆင့်ခွဲခြား သတ်မှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့်အပြင် တရားမဝင် သစ်နှင့်သစ်တော ထွက်ပစ္စည်းများ ခိုးယူထုတ်လုပ်ခြင်းလုပ်ငန်းများကို ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် စီမံချက် ချမှတ်၍ ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိရာ ၂၀၁၃ - ၂၀၁၄ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် ဧပြီလ မှ နိုဝင်ဘာလအထိ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ ကျွန်း၊ သစ်မာနှင့် အခြားသစ်မျိုးစုံ (၁၈၇၆၀.၈၈၉၆)တန်၊ မီးသွေး (၉၆၇၆.၈၉၈၉)တန်၊ ယာဉ်/ယန္တရား (၉၄၁)စီးနှင့် သစ်စက်/ အင်ဂျင် (၂၀၂) လုံးအား ဖမ်းဆီးရမိပါသည်။

          ရခိုင်ပြည်နယ် ကျောက်ဖြူခရိုင် အမ်းမြို့နယ်မှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံ ရဲတပ် ဖွဲ့ဝင်များနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် (၇-၁၂-၂၀၁၃) ရက်နေ့ တွင် အမ်းမြို့နယ် အမ်း- စစ်တွေကားလမ်း၊ အမ်း- မအီကားလမ်းတစ်လျှောက် ရှောင်တခင် စစ်ဆေးခဲ့ရာ (၂၀:၃၅)နာရီအချိန်တွင် အမ်း-မအီကားလမ်း မိုင်တိုင်(၀/၂)အနီး၌ ကားလမ်း ဘေးချရပ်ထားသည့် မိုးကာအုပ်သံသယရှိသော ယာဉ်အမှတ် ၅ဂ/၂၉၆၃ ဟီနိုး(၁)စီးနှင့်အတူ ယာဉ်နောက်တွင် ဖွဲအိတ်များနှင့်ဖုံးလျက် တရားမဝင် ကျွန်းခွဲသားဆိုဒ်စုံ(၄၇)ချောင်း (၇.၂၉၈၄) တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိပါသည်။ ယာဉ်ပိုင်ရှင်/ ယာဉ်မောင်း/ သစ်ပိုင်ရှင်တို့အား စုံစမ်း စစ်ဆေးဖော်ထုတ် အရေးယူနိုင်ရန် သစ်တောဥပဒေပုဒ်မ ၄၃(က)ဖြင့် အမ်းမြို့နယ် ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားထားကြောင်း သတင်းရရှိသည်။