သာစည်နှင့် ပုသိမ်ကြီးမြို့နယ်များတွင် တရားမဝင်သစ်များ ဖမ်းဆီးရမိ

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနသည် သစ်တောများမှရရှိနိုင် သည့် တိုက်ရိုက်နှင့်သွယ်ဝိုက်သောအကျိုးများကို စဉ်ဆက်မပြတ်ခံစားနိုင်ကြစေရန် သစ်တောသယံ ဇာတအရင်းအမြစ်များကို ထာဝစဉ်တည်တံ့နေစေရေးအတွက် ထိန်းသိမ်းနေသကဲ့သို့ တရားမဝင် သစ်နှင့်သစ်တောထွက်ပစ္စည်းများ ခိုးထုတ်သယ်ယူနေခြင်းများကိုလည်း ပြည်သူလူထု၏ အကူအညီ ရယူ၍ စီမံချက်များချမှတ်ကာ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိရာ ၂၀၁၃ ခုနှစ် ဧပြီလမှ ဒီဇင်ဘာလအထိ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ တရားမဝင် ကျွန်း၊ သစ်မာ နှင့်အခြားသားသစ်မျိုးစုံ (၂၂၅၈၇.၈၄၆၄)တန်၊ မီးသွေး (၁၀၈၈၃.၈၉၇၉)တန်၊ ယာဉ်ယန္တရား (၁၁၅၅)စီးနှင့် သစ်စက်/ အင်ဂျင် (၂၃၂)လုံးအား ဖမ်းဆီးရမိခဲ့ပါသည်။
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ် သစ်တောဦးစီးဌာနမှ ဝန်ထမ်းများသည် (၃-၁-၂၀၁၄)ရက်နေ့တွင် သာစည်မြို့နယ် ကွမ်းခြံရိုးကျေးရွာ မိုင်တိုင် (၁၁/၀)အနီးမှ ထော်လာဂျီ အမှတ် ၇ဌ/၃၄၈၀ လေးလုံးထိုး အပြာရောင်နှင့်အတူ တရားမဝင် ထောက်ကြန့်နှင့် အခြားသား (၄.၆၉၇၉)တန်အား ယာဉ်မောင်း ဦးမြင့်မောင် (ကြပ်စခန်းကျေးရွာ) တို့နှင့်အတူ ဖမ်းဆီးရမိ၍ သစ်တောဥပဒေပုဒ်မ ၄၁(က) အရလည်းကောင်း၊ ပုသိမ်ကြီးမြို့နယ် သစ်တောဦးစီးဌာနမှ ဝန်ထမ်း များသည် ပုသိမ်ကြီးမြို့နယ်(၁၆)မိုင် ရှောင်ကွင်းလမ်း၊ ကျောက်ချောရွာနှင့် ကျွဲနဖားရွာကြား အေ(၃)လုံး၊ ဘိလပ်မြေသွားလမ်းပေါ်မှ ယာဉ်အမှတ် ၉ခ/၁၂၂၈ နှင့်အတူ တရားမဝင် တမလန်း ဓားရွေနှင့် တိုင် (၀.၅၃၆၆)တန်အား ယာဉ်မောင်း ဦးမြင့်ဇော်ဦး (မန္တလေးမြို့) နှင့် ယာဉ်အမှတ် ၄စ/၉၀၄၉ နီဆန်းအက်တလက်နှင့်အတူ တရားမဝင် တမလန်း ဓားရွေနှင့်တိုင် (၀.၉၇၈၄)တန်အား ယာဉ်မောင်း ဦးသန့်ဇင်အောင် (မန္တလေးမြို့)တို့အား ဖမ်းမိ၍ သစ်တောဥပဒေပုဒ်မ ၄၂(ခ)အရ လည်းကောင်း အသီးသီးအရေးယူထားကြောင်း သိရှိရပါသည်။