ဘေးမဲ့တောဝန်းကျင်ရှိ ဒေသခံပြည်သူများအား ပညာပေးဟောပြောပွဲများ ဆောင်ရွက်လျက်ရှိ

ဇီဝမျိုးစုံမျိုးကွဲများသည် လူသားနှင့် သဘာဝဝန်းကျင် ညီညွတ်မျှတမှုကို ဖန်တီးပေးသည့် အပြင် လူသားတို့အတွက် အစားအစာများ၊ ဆေးဝါးများ၊ သစ်တောထွက်ပစ္စည်းများနှင့် စက်မှု ကုန်ကြမ်းများစသည်တို့ဖြင့် ပံ့ပိုးပေးလျက်ရှိပါသည်။ မြန်မာနိုင်ငံ၏ သဘာ၀စနစ် ကွဲပြားမှု များပြားသည့်အတွက် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးလုပ်ငန်းများတွင် ဒေသခံပြည်သူများ ပူးပေါင်းပါဝင်မှုရှိလာစေရန်နှင့် သိမြင်နိုးကြားမှုရရှိစေရန်ရည်ရွယ်၍ ပတ်ဝန်းကျင်ထိန်းသိမ်း ရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနသည် ပညာပေးဟောပြောပွဲများကို ဆောင်ရွက်လျက်ရှိပါသည်။
သစ်တောဦးစီးဌာန၊ သဘာ၀ဝန်းကျင်နှင့် သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဌာန အောက် ရှိ ရွှေစက်တော်ဘေးမဲ့တောမှ ဝန်ထမ်းများသည် (၂၁-၁၂-၂၀၁၃) မှ (၂၈-၁၂-၂၀၁၃) ရက်နေ့ အထိ ပတ်ဝန်းကျင်ကျေးရွာများဖြစ်သော ဖအိုင်း၊ ဒုံချောင်း၊ ရေပုတ်၊ လေးအိမ်စု၊ ညောင်ကိုင်း၊ သံပုရာကိုင်း၊ ပန်းတောင်းနှင့် ဥယျာဉ်ရွာများတွင် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးဟောပြောပွဲနှင့် ဒေသခံပြည်သူများမှ သစ်တောသယံဇာတအပေါ် မှီခိုစစ်တမ်းကောက်ယူခြင်း လုပ်ငန်းများကို လည်းကောင်း၊မင်းစုံတောင်တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောမှ ဝန်ထမ်းများသည်(၁၃-၁၂-၂၀၁၃)၊ (၁၆-၁၂-၂၀၁၃)နှင့် (၃၁-၁၂-၂၀၁၃) ရက်နေ့များတွင် ပတ်ဝန်းကျင်ကျေးရွာများဖြစ်သော ခက်လန်း၊ ထန်းတောနှင့် ဇေဒိတ်ကျေးရွာများရှိ ရွာဦးကျောင်းဓမ္မရုံ ကျန်းမာရေးဆေးပေးခန်း နှင့်ကျေးရွာအုပ်ချုပ်ရေးမှူးနေအိမ်တို့၌ မင်းစုံတောင်တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောတည်ထောင် ခြင်းနှင့် ဆောင်ရွက်သည့်လုပ်ငန်းများ၊ ကြယ်လိပ်များအား သဘာဝတောတွင်းစေလွှတ်ခြင်း အစီအစဉ်၌ လူထုမှပူးပေါင်းပါဝင်ရေး သဘာဝဝန်းကျင်နှင့် သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေး ဥပဒေ၊ နည်းဥပဒေအကြောင်း စသည့် ခေါင်းစဉ်များဖြင့် အသီးသီးဟောပြောခဲ့ကြရာ ဒေသခံ ကျေးရွာများမှ ပြည်သူလူထု (၂၁၄)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။