၂၀၁၄ ခုနှစ်၊ မတ်လ ၁၃ ရက်နေ့မှ ၁၄ ရက်နေ့အထိ နေပြည်တော်၊ သစ်တောဦးစီးဌာန၊ အင်ကြင်းခန်းမ၌ ၂၀၁၅ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ ၁၀ နှစ်ကာလ သဘာဝသယံဇာတ အရင်းအမြစ်များ စီမံအုပ်ချုပ်မှုဆိုင်ရာ မဟာဗျူဟာမူဘောင်ရေးဆွဲရေးဆိုင်ရာ နှီးနှောဆွေးနွေးပွဲ ကျင်းပသည့်သတင်း

၂၀၁၄ ခုနှစ်၊ မတ်လ ၁၃ ရက်နေ့ နံနက် (၀၈:၃၀) နာရီတွင် နေပြည်တော်၊ သစ်တောဦးစီးဌာန၊ အင်ကြင်းခန်းမ၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာနနှင့် Smithsonian Institution (SI) ၊ United Nations Development Programme (UNDP) ၊Green Economy and Green Growth (GEGG) တို့ ပူးပေါင်း၍ ၂၀၁၅ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ ၁၀ နှစ်ကာလ သဘာဝအရင်းအမြစ်များ စီမံအုပ်ချုပ်မှုဆိုင်ရာ မဟာဗျူဟာ မူဘောင်ရေးဆွဲရေး နှီးနှောဆွေးနွေးပွဲကို ကျင်းပပြုလုပ်ရာ ပတ်ဝန်းကျင်ထိန်း သိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးဝင်းထွန်း အမှာစကားပြော ကြားခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ UNDP မှ Resident Representative & U.N. Resident Coordinator၊ Ms. Renata Lok-Dessallien ၊ Smithsonian Conservation Biology Institute(SCBI) မှ Director Dr. Steve Monfort ၊ GEGG Myanmar မှ Founder & Hon. Patron၊ ဒေါက်တာ နေထွန်း၊ ဆက်စပ်ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ၊ ပြည်တွင်း/ပြည်ပအဖွဲ့အစည်းများ၊ သတင်းမီဒီယာများ၊ စာတမ်းရှင်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက် ကြပါသည်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန သည် Smithsonian Institution (SI)၊ Green Economy and Green Growth (GEGG) နှင့်အတူ သစ်တောများအား ထိန်းသိမ်းခြင်းနှင့် စီမံခန့်ခွဲအုပ်ချုပ်ခြင်း၊ သဘာဝထိန်းသိမ်းရေး နယ်မြေများနှင့် ဇီဝမျိုးစုံမျိုးကွဲများအား ရေရှည်တည်တံ့စေခြင်း၊ သဘာဝသယံဇာတများနှင့် ပတ်ဝန်းကျင်အား ရေရှည်တည်တံ့စေမည့် နည်းလမ်းများနှင့် မဟာဗျူဟာများ ဖော်ထုတ်ခြင်း တို့တွင် အတူတကွ ပူးပေါင်းဆောင်ရွက်လျက် ရှိပါကြောင်း၊ မြေပေါ်မြေအောက်တွင် သက်ရှိ/သက်မဲ့သယံဇာတများ ပေါများစွာ ရှိခြင်းသည် နိုင်ငံ တစ်နိုင်ငံ၏ စီးပွားရေးအခြေအနေကို ပုံဖော်ပေးရာတွင် အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင် လျက် ရှိပါကြောင်း၊ ထို့ကြောင့် ယင်းသယံဇာတများအား ရေရှည်တည်မြဲစေရန် အသုံးပြုသည့် နည်းလမ်းများနှင့် စီမံအုပ်ချုပ်သည့် နည်းလမ်းများသည် အလွန်အရေးပါလျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံသည် မြောက်ဘက်ရှိ ဟိမဝန္တာတောင်တန်းများ၊ တောင်ဘက်ရှိ အဏ္ဏဝါ ဂေဟစနစ်နှင့် သန္တာကျောက်တန်းများ၊ အလယ်ပိုင်းတွင် သစ်တောများနှင့် ပေါများကျယ်ပြန့် သော မြစ်၊ ချောင်းများ တို့ကြောင့် အမျိုးစုံလင်လှသော ဂေဟစနစ်များနှင့် မြောက်မြားလှစွာ သော ဇီဝမျိုးစုံမျိုးကွဲ များဖြင့် ကြွယ်ဝသော နိုင်ငံတစ်နိုင်ငံ ဖြစ်ပါကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံ၏ သဘာဝသယံဇာတများအား ရေရှည်တည်တံ့ရန်စီမံအုပ်ချုပ် ခြင်းသည် အဓိက ရည်ရွယ်ချက်ဖြစ်ပါကြောင်းနှင့် ၎င်းရည်ရွယ်ချက်များကို ပြည့်မြောက်စေရန် လူ့အရင်းအမြစ်များ၊ ရန်ပုံငွေများနှင့် နည်းပညာပိုင်းဆိုင်ရာ အကူအညီအထောက်အပံ့များဖြင့် အကောင်းဆုံးဆောင်ရွက်လျက် ရှိပါကြောင်း၊ သဘာဝသယံဇာတများ ထိန်းသိမ်းခြင်းကို လူသားတိုင်း၏ အတွင်းစိတ်သန္ဓေ၌ ယဉ် ကျေးမှုအရဖြစ်စေ၊ မိရိုးဖလာအရဖြစ်စေ၊ ဘာသာရေးအရဖြစ်စေ အလေးထား ဆောင်ရွက် ရန်လိုအပ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် ဆင်းရဲမှု လျှော့ချခြင်းနှင့် သဘာဝပတ်ဝန်းကျင်ဖွံ့ဖြိုးတိုးတတ်မှု လုပ်ငန်းများ ဆောင်ရွက်ခြင်းတို့တွင် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသော်လည်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးတို့အား ညီမျှစွာ ယှဉ်တွဲဖွံ့ဖြိုးလာစေ ရန် ဆောင်ရွက်လျက် ရှိပါကြောင်း၊ အဆိုပါအချက် (၂) ချက်အား နိုင်ငံအဆင့် စီမံကိန်း မူဘောင်များ၊ မဟာဗျူဟာများနှင့် လုပ်ငန်းစီမံချက်များ ရေးဆွဲရာတွင် အလေးထားဆောင် ရွက်လျက် ရှိပါကြောင်း၊ မြန်မာနိုင်ငံအစိုးရသည် ကမ္ဘာအဆင့်၊ နိုင်ငံအဆင့်နှင့် ဒေသအဆင့် သဘာဝပတ်ဝန်း ကျင်အား ရေရှည်တည်တံ့စေမည့် ဖွံ့ဖြိုးတိုးတက်ခြင်းနှင့် ကာကွယ်ထိန်းသိမ်းခြင်းဆိုင်ရာ မဟာဗျူဟာများနှင့် ဆက်စပ်လျက်ရှိသည့် လူမှုရေးနှင့် စီးပွားရေးဆိုင်ရာ မူဘောင်များ (Framework for Economic and Social Reforms- FESR) ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယင်းတို့သည် သဘာဝသယံဇာတများ အဓွန့်ရှည်တည်တံ့စေရန် အတွက် လိုအပ်ချက်များကို မီးမောင်းထိုးပြလျက်ရှိပါကြောင်း၊ သဘာဝသယံဇာတများသည် လူသားများအတွက် လူမှုရေး၊ စီးပွားရေး အစရှိသည် တို့တွင် အဘက်ဘက်မှ အထောက်အပံ့ပေးလျက်ရှိသည့်အတွက် အရေးကြီးသည့် အခန်း ကဏ္ဍမှ ပါဝင်လျက်ရှိပါကြောင်း၊ သစ်တောထွက်ပစ္စည်းများ ထုတ်ယူခြင်းနှင့် အခြားသော သဘာဝသယံဇာတများ ထုတ်ယူခြင်းတို့သည် ယင်းတို့၏ ဂေဟစနစ်များအား ပြောင်းလဲသွား စေနိုင်ပါကြောင်း၊ ထို့ကြောင့် ယင်းတို့အား ရေရှည်တည်တံ့စေရေးသည် မိမိတို့၏ တာဝန်သာ ဖြစ်ပါကြောင်း၊ ယနေ့ ဆွေးနွေးပွဲမှ ရရှိမည့် ရလဒ်များသည် သဘာဝသယံဇာတများအား ထိန်းသိမ်းခြင်း၊ စီမံအုပ်ချုပ်ခြင်းနှင့် ရေရှည်တည်တံ့စွာ အသုံးပြုနိုင်ရန်အတွက် အကောင်းဆုံး လမ်းညွှန်ပြသပေးမည့် ၁၀ နှစ် မဟာဗျူဟာစီမံကိန်း ရေးဆွဲရေးအတွက် အထောက်အကူဖြစ် မည်ဟု ယုံကြည်မိပါကြောင်းဖြင့် ပြောကြားပါသည်။ ၂၀၁၄ ခုနှစ်၊ မတ်လ ၁၃ ရက်နေ့နှင့် ၁၄ ရက်နေ့တို့တွင် ကျင်းပမည့် အခမ်းအနား တွင် တနင်္သာရီတိုင်းဒေသကြီးရှိ ကုန်းတွင်းနှင့် ပင်လယ်ဒေသများရှိ သဘာဝထိန်းသိမ်းရေး နယ်မြေများ ထိန်းသိမ်းရေးဆက်စပ်ဧရိယာများ၊ ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ အရေးကြီးနေရာများ ဖော်ထုတ်ခြင်း၊ သယံဇာတထုတ်လုပ်မှု ကဏ္ဍများတွင် ဇီဝမျိုးစုံမျိုးကွဲများနှင့် ဂေဟစနစ်ဆိုင်ရာ အသိပညာများ လက်ခံကျင့်သုံးရေးအတွက် ပုဂ္ဂလိကကဏ္ဍမှ ပူးပေါင်းပါဝင်စေခြင်း၊ ဒေသကြီး အဆင့်နှင့်နိုင်ငံအဆင့်များ၌ သဘာဝသယံဇာတများ စီမံခန့်ခွဲမှုတွင် ပြည်သူလူထုနှင့် ပုဂ္ဂလိက အကျိုးစီးပွား ပတ်သက်ဆက်စပ်သူများ ပူးပေါင်းပါဝင်ခြင်းနှင့် စွမ်းဆောင်ရည်မြှင့်တင်ခြင်း ဆိုင်ရာ လိုအပ်ချက်များနှင့် မဟာဗျူဟာများ ဖော်ထုတ်ခြင်းတို့ကို နိုင်ငံတကာနှင့် မြန်မာနိုင်ငံမှ ပညာရှင်များက စာတမ်းများ ဖတ်ကြားကာ ဆွေးနွေးကြကြောင်း သိရှိရပါသည်။