ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်း အား Indo-Myanmar Chamber of Commerce and Industries(IMCCI) မှ Vice President Mr.A.K. Murarka လာရောက်တွေ့ဆုံသည့်သတင်း (၁၃-၃-၂၀၁၄)

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်း အား Indo-Myanmar Chamber of Commerce and Industries- IMCCI မှ Vice President Mr.A.K. Murarka သည် ယနေ့ ၁၃-၃-၂၀၁၄ ရက်နေ့ နံနက် ၁၄:၀၀ နာရီတွင် ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံဆွေးနွေးသည်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးမြင့်မောင်၊ စီမံကိန်းနှင့် စာရင်းအင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးတင်ထွန်း၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်၊ မြေတိုင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန်းလှိုင်တို့ တက်ရောက်ကြသည်။ ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ၂၀၁၄ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှစ၍ သစ်လုံးအလိုက် ပြည်ပသို့ တင်ပို့ခြင်းရပ်ဆိုင်းပြီး နောက်ပိုင်း မြန်မာနိုင်ငံ၏ သစ်အခြေခံစက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး အတွက် အိန္ဒိယနိုင်ငံမှ လုပ်ငန်းရှင်များအနေဖြင့် ရင်းနှီးမြှုပ်နှံနိုင်မည့်အခြေအနေနှင့် အလားအလာ၊ သစ် အခြေခံစက်မှုဇုန်များတွင် စက်ရုံများတည်ထောင်၍ ပြည်တွင်းတွင် တန်ဖိုးမြင့်သစ်အချောထည်များ (High Value-added Wood Products) ထုတ်လုပ်နိုင်ရေး၊ လိုအပ်သော သစ်ကုန်ကြမ်းအတွက် သဘာဝတောမှ သစ်ကုန်ကြမ်းကို အားမကိုးဘဲ ရင်းနှီးမြှုပ်နှံသူမှ အကြီးမြန်သစ်မျိုးများဖြင့် သစ်တော စိုက်ခင်းများတစ်ပါတည်းတည်ထောင်၍ Package အလိုက် ရင်းနှီးမြှုပ်နှံဆောင်ရွက်သွားရေး၊ မြန်မာ့ သစ်လုပ်ငန်းနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်သွားရေးတို့နှင့်ပတ်သက်၍ ဆွေးနွေးကြကြောင်း သတင်း ရရှိသည်။