ရွှေဥဒေါင်းတောရိုင်းတိရစ္ဆာန်ဘေးမဲ့တော ပတ်ဝန်းကျင် တောဆင်ရိုင်းများ ပျံ့နှံ့ကျက်စားမှုနှင့် ပဋိပက္ခဖြစ်ပွားမှု အခြေအနေကွင်းဆင်းလေ့လာ

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၏ ၁-၁၁-၁၉၂၇ ရက်စွဲ ပါအမိန့်ကြော်ငြာစာအမှတ်၊ (၂၄၃/၁၉၂၇)ဖြင့် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ် ကျင်းမြို့နယ်၊ မိုးကုတ်မြို့နယ်နှင့် ရှမ်းပြည်နယ်၊ မိုးမိတ်မြို့နယ်များအတွင်းမှ ဧရိယာဧက (၈၀၅၄၆)အား ရွှေဥဒေါင်းတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောအဖြစ် ဖွဲ့စည်းတည်ထောင်ခဲ့ပြီး တောဆင်ရိုင်းများအား အဓိကထား ထိန်းသိမ်းကာကွယ်လျက်ရှိသည်။ မြန်မာနိုင်ငံသည် “မျိုးဆက်ပျက်သုဉ်းလုဆဲ တောရိုင်းတိရစ္ဆာန်နှင့် သစ်ပင်ပန်းမန်များ နိုင်ငံတကာ ကုန်သွယ်မှုဆိုင်ရာ ကွန်ဗင်းရှင်း (Convention on International Trade in Endangered Species of Wild Fauna and Flora - CITES) သို့ ဝင်ရောက်ခဲ့ပြီး၊ CITES အဖွဲ့သည် တောဆင်ရိုင်းများ တရားမဝင်သတ်ဖြတ်ခံရမှု ကာကွယ်တားဆီးခြင်းအား တိုးမြှင့် ဆောင်ရွက်နိုင်ရန်အတွက်“တောဆင်ရိုင်းများ တရားမဝင် သတ်ဖြတ်ခံရမှုစောင့်ကြည့် ထိန်းချုပ် ခြင်းအစီအစဉ် (Monitoring the Illegal Killing of Elephant - MIKE Programme)” ကို ချမှတ်ဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံရှိ သဘာဝထိန်းသိမ်းရေးနယ်မြေများအတွင်းမှ အလောင်းတော်ကဿပအမျိုးသားဥယျာဉ်နှင့် ရွှေဥဒေါင်းတောရိုင်း တိရစ္ဆာန်ဘေးမဲ့တောတို့ သည် MIKE Site များအဖြစ် သတ်မှတ်ထားပြီး ဖြစ်ပါသည်။ ရွှေဥဒေါင်းတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောမှ အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်း (၅) ဦး၊ မြို့နယ် သစ်တောဦးစီးဌာနမှ ဝန်ထမ်း (၁) ဦးပါဝင်သောအဖွဲ့ဖြင့် ဘေးမဲ့တောနှင့် ဆက်စပ်ဧရိယာများ ဖြစ်သည့် သပိတ်ကျင်းမြို့နယ်၊ (၇) မိုင် အောင်ချမ်းသာကျေးရွာအုပ်စု၊ (၄) မိုင် ကံသာကျေးရွာ၊ ရွှေမွှေးချောင်းအနီး အုန်းတကူးကျေးရွာ၊ ကျောက်ကွဲကွက်ရပ်၊ ခွေးမွေးချောင်းကွက်ရပ်၊ ဒူးဆစ်ချောင်းကွက်ရပ်၊ ဆင်မွှေးကွက်ရပ်များ၌ တောဆင်ရိုင်းများ ပျံ့နှံ့ကျက်စားရာဒေသများ အား မျက်ခြေမပြတ်စောင့်ကြည့်ခြင်း၊ ဒေသခံများနှင့်ပူးပေါင်း၍ သတင်းစုံစမ်းခြင်း၊ စားကျက် မြေများတွင်ကွင်းဆင်း၍ ဒေသခံများအား တွေ့ဆုံမေးမြန်းသတင်းစုဆောင်းခြင်း၊ တောဆင် ရိုင်းသွားလမ်းကြောင်းများ၊ ဆင်ချေးပုံများနှင့် စားကြွင်းစားကျန်များအား မှတ်တမ်းတင် လေ့လာခြင်းတို့အား ဆောင်ရွက်ခဲ့ကြရာ ကွင်းဆင်းဆောင်ရွက်စဉ်ကာလအတွင်း လူနှင့်ဆင် ပဋိပက္ခဖြစ်ပွားမှု (၂)ကြိမ်ဖြစ်ပွားခြင်းကို မှတ်တမ်းတင်နိုင်ခဲ့ကြောင်း၊ တောဆင်ရိုင်းများ နေထိုင် သည့် သဘာဝအနေအထားများ ပျက်စီးလျော့နည်းလာခြင်း၊ သဘာဝတောများအား အခြားမြေ အသုံးချမှုများအဖြစ် ပြောင်းလဲအသုံးပြုခြင်း၊ လူများကျူးကျော်ဝင်ရောက် နေထိုင်ခြင်းတို့ ကြောင့် တောဆင်ရိုင်းများ၏ ကျက်စားနယ်မြေများ လျော့နည်းလာရခြင်းဖြစ်ကြောင်းတို့ကြောင့် လူနှင့် ဆင်ပဋိပက္ခဖြစ်ပွားမှု နည်းပါးလာစေရေးအတွက် တောဆင်ရိုင်းများ ဖြတ်သန်းသွားလာ သည့် လမ်းကြောင်းများနှင့် ကျက်စားနယ်မြေများတွင် အသိပညာပေး / သတိပေးဆိုင်းဘုတ်များ ကို စိုက်ထူခြင်း၊ ဟောပြောပွဲကျင်းပခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။