ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန၏ နိုင်ငံတော်ပြုပြင်ပြောင်းလဲမှု တတိယအဆင့်(Third Wave) အရှိန်မြှင့်တင်မှု လုပ်ငန်းစဉ်များ ဆွေးနွေးပွဲကျင်းပ (၃၀-၆-၂၀၁၄၊ နေပြည်တော်)

နိုင်ငံတော်၏ ပြုပြင်ပြောင်းလဲမှုများအား တတိယအဆင့်အရှိန်မြှင့်တင်မှု (Third Wave) လုပ်ငန်းစဉ်(၁)ကို အကောင်အထည်ဖေါ်ဆောင်ရွက်မှုအဖြစ် တာဝန်သိမှု၊ တာဝန်ယူဖြင့် ပေါင်းစပ် ညှိနှိုင်းစီမံခန့်ခွဲခြင်းဆိုင်ရာ ဆွေးနွေးပွဲကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီး ဌာန၊ သစ်တောဦးစီးဌာန၊ ဦးစီးရုံးချုပ် အင်ကြင်းခန်းမ၊ နေပြည်တော်၌ ဇွန်လ(၃၀) ရက်နေ့ နံနက် (၀၉:၀၀) နာရီတွင် ကျင်းပဆွေးနွေးခဲ့ကြကြောင်းသိရသည်။ အဆိုပါဆွေးနွေးပွဲတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်း၊ ဒုတိယဝန်ကြီးများ၊ ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများနှင့် လုပ်ငန်းဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ဦးဆောင်ညွှန်ကြားရေးမှူး၊ သစ်တောတက္ကသိုလ် ပါမောက္ခချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယပါမောက္ခချုပ်နှင့် အရာထမ်း/ အမှုထမ်း စုစုပေါင်း( ၃၉၄ )ဦး တက်ရောက်ခဲ့ကြပါသည်။ ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာနလက်အောက်ရှိ စီမံကိန်းနှင့်စာရင်းအင်းဦးစီးဌာန၊ သစ်တောဦးစီးဌာန၊ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ မြန်မာ့သစ်လုပ်ငန်း၊ ပတ်ဝန်း ကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် မြေတိုင်းဦးစီးဌာနတို့အနေဖြင့် နိုင်ငံတော်အစိုးရ တာဝန်ယူ အကောင်အထည်ဖော်လျက်ရှိသည့် ဒီမိုကရေစီနိုင်ငံသစ် ဖော်ဆောင်ရာတွင် အခြေခံအုတ်မြစ် ခိုင်မာစေရန် ဆောင်ရွက်ပေးရမည့် တာဝန်များနှင့် ပြည်သူလူထု၏ လူမှုစီးပွားရေး ဦးစားပေး လိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက်ပေးရမည့် တာဝန်များကို တတိယအဆင့် အရှိန်အဟုန် မြှင့်တင်မှု (Third Wave) အဖြစ်ထိထိရောက်ရောက် ကြိုးပမ်းဆောင်ရွက် ရမည်ဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် ဗဟိုချုပ်ကိုင်မှုလျှော့ချရေးအတွက် ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့များသို့ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ လုပ်ပိုင်ခွင့်များကို ခွဲဝေပေးခဲ့ကြောင်း၊ သစ်နှင့် သစ်တောထွက်ပစ္စည်းများ ထုတ်လုပ်မှုနှင့် ပြည်ပသို့ သစ်တောထွက် ပစ္စည်းများ တင်ပို့မှုတို့ကို နှောင့်နှေးကြန့်ကြာမှု မရှိစေရေးအတွက် သတ်မှတ်လုပ်ထုံး လုပ်နည်းများနှင့်အညီ ဖြေလျှော့ ပေးခဲ့ကြောင်း၊ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသော လုပ်ငန်းများကို လျာထားချက်၊ သတ်မှတ်ကာလအတိုင်း စနစ်တကျ ပြီးမြောက်အောင်မြင် စေရန်နှင့် နိုင်ငံတော် ပြုပြင်ပြောင်းလဲ ရေးမူဝါဒနှင့်အညီ ဝန်ထမ်းအသီးသီး၏စိတ်ဓါတ်၊ ခံယူချက်နှင့် လုပ်ငန်းနည်းစနစ်များ ပြုပြင် ပြောင်းလဲရေးအတွက် အဓိကကျသည့် တာဝန်သိမှု၊ တာဝန်ယူလုပ်ကိုင်မှုများ ပိုမိုသိရှိနားလည် သဘောပေါက် လိုက်နာဆောင်ရွက်ကြစေလိုကြောင်း၊ အထူးသဖြင့် ဌာနလုပ်ငန်းစဉ်အားလုံးကို ဝန်ထမ်းအဆင့်ဆင့်က သိရှိနားလည်ပြီး မိမိတို့၏ တာဝန်ဝတ္တရားများကို ကျေပွန်အောင် ဆောင် ရွက်ကြရမည်ဖြစ်ကြောင်း၊ စိတ်နေစိတ်ထား Mind-Set နှင့် လုပ်နည်းလုပ်ဟန် ပြောင်းလဲပြီး ပြည်သူလူထုအား အပြည့်အဝဝန်ဆောင်မှုပေးကြ ရန်ဖြစ်ကြောင်း၊ ဝန်ထမ်းများ၏ လုပ်ငန်း တာဝန်များ ထမ်းဆောင်မှုအပေါ် အရည်အသွေး အကဲဖြတ်ဆန်းစစ်ခြင်းများ ဆောင်ရွက်ပြီး ဆန်းစစ်ချက် ရလဒ်ပေါ်မူတည်ပြီး အရာထမ်းနှင့် အမှုထမ်းများအား စွမ်းဆောင်ရည် မြှင့်တင်ရေး (Capacity Building) သင်တန်းများဖွင့် လှစ်ပို့ချပေးရမည်ဖြစ်ကြောင်း၊ ရုံးလုပ်ငန်းများ မြန်ဆန်သွက်လက်စေရေးအတွက်e-Government လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ရေး အတွက် တွန်းအားပေးဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ဝန်ထမ်းအချင်းချင်း၊ ဌာနအချင်းချင်း ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ကြရန်မှာကြားပြီး ဝန်ကြီးဌာနလက်အောက်ရှိ ဦးစီးဌာနနှင့် လုပ်ငန်းဌာနများ အလိုက် ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် လုပ်ငန်း အကောင်အထည်ဖော်ပြီးစီးမှု၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် လုပ်ငန်းဆောင်ရွက်မှုတို့အပေါ် ဆန်းစစ်သုံးသပ်ခြင်းနှင့် ဌာန/ လုပ်ငန်း အလိုက် မိမိတို့ဆောင်ရွက် ရမည့်လုပ်ငန်းများ အောင်မြင်ပြီးမြောက်စေရေးအတွက် အလေးထား လိုက်နာရမည့်ကိစ္စရပ်များကို အကျယ်တဝင့် ရှင်းလင်းမှာကြားပါသည်။ အထူးသဖြင့် ပြည်သူ လူထုနှင့် ဆက်ဆံရာတွင် ပွင့်လင်းမြင်သာမှုရှိစွာ ထိတွေ့ဆောင်ရွက်ကြရန်၊ ပြည်သူဗဟိုပြု လုပ်ငန်းစဉ်များအား ထိရောက်အောင်မြင်စွာဆောင်ရွက်ရန်၊ လာဘ်ပေးလာဘ်ယူမှု၊ လုပ်ပိုင်ခွင့် အပေါ်အလွဲသုံးစားပြုမှုရှောင်ရှားရန်နှင့် အဂတိတရားကင်းရှင်းစွာဖြင့်ဆောင်ရွက်ကြရန် မှာကြား ခဲ့သည်။ ထို့နောက် ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနနှင့် လုပ်ငန်းဌာနများမှ မိမိတို့သက်ဆိုင်ရာဌာန အလိုက် တာဝန်သိမှု၊ တာဝန်ယူမှုဖြင့် ပေါင်းစပ်ညှိနှိုင်း စီမံခန့်ခွဲခြင်းဆိုင်ရာလုပ်ငန်းများ၊ ပြုပြင် ပြောင်းလဲ ဆောင်ရွက်ရမည့် လုပ်ငန်းအစီအမံများကို သီးခြားစုဖွဲ့ဆွေးနွေးမှုများ ပြုလုပ်ကြောင်း သိရှိရသည်။