Welcome to Forest Department
No front page content has been created yet.
သတင်းနှင့်ကြေငြာချက်များ
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနအနေဖြင့် မြန်မာ့ကျွန်းသစ်မူရင်း ဒေသဖြစ်သော ပဲခူးရိုးမအတွင်း ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှစ၍ တရားဝင် သစ်ထုတ်လုပ်ခြင်းလုပ်ငန်းအား (၁၀)နှစ်ရပ်နားထားပြီး သစ်တောပြုစုထိန်း သိမ်းခြင်း လုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်နေလျှက်ရှိသည့်အပြင် တရားမဝင် သစ်ခိုး ထုတ်ခြင်း၊ တရားမဝင်တောရိုင်းတိရစ္ဆာန်များ သတ်ဖြတ်ခြင်းနှင့် ကျူးကျော်အခြေချ နေထိုင်ခြင်းများအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် စီမံချက်ချအကောင်အထည်ဖော် ဆောင်ရွက် နေလျှက်ရှိပါသည်။ ပဲခူးရိုးမစိမ်းလန်းစိုပြည်ရေး ဧရိယာအတွင်းမှ (၁-၇-၂၀၂၄)ရက်နေ့မှ (၇-၇-၂၀၂၄) ရက်နေ့ထိ တစ်ပတ်တာကာလအတွင်း တရားမဝင်ကျွန်း၊ သစ်မာ၊ အခြား စုစုပေါင်း (၁၉.၀၅၁၀) တန်ဖမ်းဆီးရမိခဲ့ပါသည်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီး ဌာနသည် ကိုရီးယားနိုင်ငံ၊ အာရှဒေသသစ်တောကဏ္ဍဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (Asian Forest Cooperation Organization – AFoCO)၏ ရန်ပုံငွေအထောက်အပံ့ဖြင့် “သစ်တောများအား မှီခိုနေထိုင်သူများ၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရန်အတွက် သစ်တော ထိန်းသိမ်းခြင်းနှင့် ဒေသခံပြည်သူအခြေပြု စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးမှုဆိုင်ရာ စံပြသစ်တောများ တည်ထောင်ခြင်းစီမံကိန်း (FD-AFoCO Model Forest Project)” ကို ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလမှစတင်၍ ၂၀၂၅ ခုနှစ်၊ မတ်လအထိ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ အဆိုပါ စီမံကိန်း၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို သစ်တောဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးတွင် ၂၀၂၄ ခုနှစ်၊ဇူလိုင်လ(၁၄) ရက် (တနင်္ဂနွေနေ့) နံနက် (၁၀:၀၀) နာရီမှ မွန်းတည့် (၁၂:၀၀) နာရီအထိ ကျင်းပပြုလုပ်ခဲ့ပါသည်။အစည်းအဝေးကို လေ့ကျင့်ရေးနှင့်သုတေသနဖွံ့ဖြိုးရေးဌာနနှင့် ပဲခူးတိုင်းဒေသကြီးမှ ညွှန်ကြားရေးမှူးများ၊ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ်နှင့် ပြည်ခရိုင်၊ ပေါက်ခေါင်း မြို့နယ်နှင့် ရွှေတောင်မြို့နယ်တို့မှ လက်ထောက်ညွှန်ကြားရေးမှူးများ၊ ဦးစီးအရာရှိများ၊ တောအုပ်ကြီးများအပါအဝင် စုစုပေါင်း (၁၄) ဦးတက်ရောက်လျက် လုပ်ငန်းညှိနှိုင်း ဆွေးနွေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(လေ)တို့၏ ပူးပေါင်းစီစဉ်မှုဖြင့် ပြည်ထောင်စုနယ်မြေနေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ အထက်ဆင်သေကြိုးဝိုင်းအတွင်းရှိ တောနိမ့်တောပါး တောင်ကတုံးများတွင် တပ်မတော်ရဟတ်ယာဉ်ဖြင့် သစ်စေ့မြေလုံးများ ကြဲချခြင်းကို ၁၄-၇-၂၀၂၄ ရက်နေ့တွင် ပြုလုပ်ခဲ့ပါသည်။ ၂၀၂၄ ခုနှစ်၊ မိုးရာသီ၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ ဆင်သေချောင်းရေဝေရေလဲဧရိယာအတွင်း အထက်ဆင်သေကြိုးဝိုင်း အကွက်အမှတ်(၅၆)ရှိ နေရာ(၁)နေရာ၊ဧရိယာ (၁၀.၅)ဧကတွင် ဒေသနှင့်ကိုက်ညီသော သစ်ပင်အမျိုးအစား (၉) မျိုးဖြစ်သည့် မြန်မာကုက္ကို၊ စစ်၊ စိန်ပန်း၊ မဲဇလီ၊ ဘောစကိုင်း၊ မန်ဂျန်ရှားစသည့် သစ်စေ့များဖြင့် ပြုလုပ်ထားသော သစ်စေ့မြေလုံးစုစုပေါင်း (၁၀၀,၀၀၀) ကြဲချခြင်းအခမ်းအနားသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းသူ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်(၅) ဦးဟန်သူ၊ နေပြည်တော်လေတပ်စခန်းမှ တာဝန်ရှိသူများနှင့် သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်အားပေးကြပြီး နံနက် ၉:၃၀ နာရီအချိန်တွင် ရဟတ်ယာဉ်ဖြင့် ကြဲချခဲ့ပါသည်။
သစ်စေ့မြေလုံးပြုလုပ်ရန် သစ်မျိုးရွေးချယ်ရာတွင် အပင်ပေါက်ရောက်မှုနှုန်း အနည်းဆုံး (၆၀ %)နှင့် အများဆုံး (၉၀%) ပေါက်ရောက်ပြီး အပင်ပေါက်ရောက်မှုရာခိုင်နှုန်း ကောင်းမွန် သည့် မြန်မာကုက္ကို၊ စစ်၊ စိန်ပန်း၊ မဲဇလီ၊ ဘောစကိုင်း၊ မန်ဂျန်ရှားစသည့် သစ်မျိုး(၉)မျိုး ကိုသာ ရွေးချယ်ဆောင်ရွက်ခြင်းဖြစ်ပြီး သစ်စေ့အရွယ်အစားအရ သစ်စေ့မြေလုံး (၁)လုံးလျှင် သစ်စေ့ (၂)စေ့မှ (၅)စေ့အထိ ထည့်သွင်းဆောင်ရွက်ခဲ့ပါသည်။
နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင်ကျွန်း(၁၀.၆၃၄၄)တန်၊ သစ်မာ (၂၆.၉၆၆၄)တန်၊ အခြား(၈.၇၅၅၂)တန်၊ စုစုပေါင်း(၄၆.၃၅၆၀)တန်၊ ယာဉ်/ ယန္တရား (၉)စီး၊ တရားခံ (၂၁)ဦး ဖမ်းဆီးရမိခဲ့ပါသည်-ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၁၇-၁၁-၂၀၂၄ နှင့် ၁၈-၈-၂၀၂၄ ရက်နေ့တို့တွင် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်၊ ပြည် ကြီး(အရှေ့)ဘိနယ်၊ အကွက် H-201၊ အမှတ် (၁၇၊ ၁၈၊ ၁၉၊ ၂၀)၊ (၅၈)လမ်း၊ (၁၃၆ x ၁၃၇)ကြား၊ (ဈ)ရပ်ကွက်၊ ပြည်ကြီးတံခွန်မြို့နယ်၊ ဦးသိန်းထွန်း (ရွှေပဒေသာထွန်း) သစ်အချောထည်စက်ရုံဝင်းအတွင်းမှ တရားမဝင် ကျွန်း/ပိတောက် ခွဲသား (၃၅၄၃) ချောင်း (၁၈.၅၃၀၆)တန်၊ တရားခံ (၁)ဦး ဖမ်းဆီးရမိမှုဖြစ်ပါသည်-
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသောင်းနိုင်ဦးနှင့်အဖွဲ့တို့သည်(၁၃-၇-၂၀၂၄) ရက်နေ့တွင် ၂၀၂၄ ခုနှစ်၊ မိုးရာသီတွင် မိတ္ထီလာ-ကျောက်ပန်းတောင်း-ညောင်ဦးလမ်းနှင့် ကျောက်ပန်းတောင်း-ချောက် လမ်းဘေးဝဲယာတို့တွင် သစ်တောဦးစီးဌာနနှင့် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာနတို့မှ တည်ထောင်စိုက်ပျိုးခဲ့သည့် စိမ်းလန်းစိုပြည်ရေး တစ်အုပ်တစ်မ စိုက်ခင်းများ၊ လမ်းနယ်အတွင်း စိုက်ပျိုးနိုင်သည့်နေရာများ၌ လမ်းဦးစီးဌာနနှင့် BOT ကုမ္ပဏီများမှ စိုက်ပျိုး ဆောင်ရွက်လျက်ရှိသည့် စိမ်းလန်းစိုပြည်ရေး စိုက်ခင်းများတည်ထောင်စိုက်ပျိုးထားရှိမှု အခြေအနေတို့အား စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။
(၁၃-၇-၂၀၂၄)ရက်နေ့၊ (၀၇:၀၀)နာရီအချိန်တွင် အစိုးရစက်မှုလက်မှုသိပ္ပံ(ဘားအံ)၌ ၂၀၂၄ ခုနှစ်၊ မိုးရာသီ(တတိယအကြိမ်) ပြည်နယ်အဆင့် သစ်ပင်စိုက်ပွဲ အခမ်းအနားကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ တက္ကသိုလ်/ ကောလိပ်/ သင်တန်းကျောင်းများမှ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူ၊ သင်တန်းသား/ သင်တန်းသူများ စုစုပေါင်း(၆၀၀)ဦးတက်ရောက်ခဲ့ပြီး ကျွန်း(၃၆၈)ပင်၊ ပိတောက် (၃၉၁)ပင်၊ ကံကော် (၆၂)ပင်၊ ငုရွှေဝါ (၁၅၄)ပင်၊ သပြေ (၁၁၀)ပင်၊ ခရေ(၁၁၀)ပင်၊မဟော်ဂနီ(၁၃၈)ပင်၊ ရေတမာ(၂၈)ပင်၊ စုစုပေါင်း(၁၃၆၁)ပင်အား အောင်မြင်စွာ စုပေါင်းစိုက်ပျိုးခဲ့ပါကြောင်း သိရှိရပါသည်။
သစ်တောဦးစီးဌာန၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်အနေဖြင့်(၁၂.၇.၂၀၂၄)ရက်နေ့တွင် ဒေသအဆင့် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးရုံး၌ ပြည်သူလူထုပူးပေါင်းပါဝင်သော သစ်ပင်စိုက်ပျိုးခြင်း အသိပညာပေးဆွေးနွေးခြင်းအစီအစဉ် (Talk Show)အားကျင်းပ ဆောင်ရွက်ခဲ့ရာ သစ်တော၊သစ်ပင်စိုက်ပျိုးရခြင်း၏ရည်ရွယ်ချက်၊ သစ်တော၊ သစ်ပင် စိုက်ပျိုးခြင်းဖြင့်ရရှိမည့် အကျိုးကျေးဇူးများ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း သစ်တောဦးစီးဌာနမှ သစ်တောလုပ်ငန်းများဆောင်ရွက်ထားရှိမှုအခြေအနေ၊ ပြည်သူလူထု ပူးပေါင်းပါဝင်မှုဖြင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲများ ကျင်းပဆောင်ရွက်ထားရှိမှု အခြေအနေ နှင့် သစ်တောဥပဒေအရ ပြည်သူများအနေဖြင့် သစ်ပင်စိုက်ပျိုးခြင်းနှင့်ပတ်သက်၍ ဥပဒေပါ အချက်များအားရှင်းလင်းခြင်းတို့်ကို (၁၀)မိနစ်စာ Talk Show ပြုလုပ်ခဲ့ပါကြောင်း သိရှိရပါ သည်။
မိုင်းဆတ်မြို့နယ် သစ်တောဦးစီးဌာနအနေဖြင့်(၁၂.၇.၂၀၂၄) ရက်နေ့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးရုံး၌ ပြည်သူလူထုပူးပေါင်းပါဝင်သော သစ်ပင်စိုက်ပျိုးခြင်း အသိပညာပေးဆွေးနွေးခြင်းအစီအစဉ် (Talk Show) အား ကျင်းပဆောင်ရွက်ခဲ့ရာ သစ်တောသစ်ပင်စိုက်ပျိုးရခြင်း၏ရည်ရွယ်ချက်၊ သစ်တောသစ်ပင်စိုက်ပျိုးခြင်းဖြင့် ရရှိမည့်အကျိုးကျေးဇူးများ၊ သစ်တောဦးစီးဌာနမှ သစ်တောလုပ်ငန်းများဆောင်ရွက်ထားရှိမှု အခြေအနေ၊ ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲများ ကျင်းပဆောင်ရွက်ထားရှိမှုအခြေအနေများအား (Talk Show) ပြုလုပ်ခဲ့ပါကြောင်းသိရှိရပါသည်။