သဘာဝထိန်းသိမ်းရေးနယ်မြေများ

မြန်မာနိုင်ငံရှိ သတ်မှတ်ဖွဲ့စည်းပြီး သဘာဝထိန်းသိမ်းရေးနယ်မြေများ မြန်မာနိုင်ငံတွင်  သဘာဝထိန်းသိမ်းရေးနယ်မြေ(၄၅)ခု သတ်မှတ်ဖွဲ့စည်းထားရှိပြီး နိုင်ငံဧရိယာ၏ ၅.၈၅ % ဖြစ်ပါသည်။ ဖွဲ့စည်းတည်ထောင်ပြီး သဘာဝထိန်းသိမ်းရေးနယ်မြေ (၄၅)ခုအနက် အာဆီယံဒေသအတွင်း ဇီဝမျိုးစုံမျိုးကွဲ၊ ဂေဟစနစ်နှင့် ယဉ်ကျေးမှုတို့အရ အာဆီယံအမွေအနှစ်ဥယျာဉ်များ (ASEAN Heritage Park−AHP) များအနေဖြင့် အသိအမှတ်ပြုသတ်မှတ်ခြင်းခံထားရသည့် သဘာဝထိန်းသိမ်းရေးနယ်မြေ(၈)ခုမှာ အလောင်းတော် ကဿပအမျိုးသားဥယျာဉ်၊ ခါကာဘိုရာဇီအမျိုးသားဥယျာဉ်၊ နတ်မတောင်အမျိုးသားဥယျာဉ်၊ လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်၊ အင်းလေးကန်တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၊ အင်းတော်ကြီး တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၊ မိန်းမလှကျွန်းတောရိုင်းတိရစ္ဆာန်ဘေးမဲ့တော နှင့် ထမံသီတောရိုင်းတိရစ္ဆာန်ဘေးမဲ့တော တို့ဖြစ်ကြပါ သည်။ ထို့အပြင် ရမ်ဆာကွန်ဗင်းရှင်း(Ramsar Convention) ဟု လူသိများသည့် ရေဝပ်ဒေသများ ကွန်ဗင်းရှင်းမှ နိုင်ငံတကာအဆင့် အရေးပါသည့် ရမ်ဆာရေဝပ်ဒေသ(Ramsar Site)အဖြစ် သတ်မှတ်ခံထားရသည့် သဘာဝထိန်းသိမ်းရေးနယ်မြေ(၅)ခုရှိပြီး၊ ၎င်းတို့မှာ မိုးယွန်းကြီးအင်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၊ အင်းတော်ကြီးတောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၊ မိန်းမလှကျွန်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၊ မုတ္တမပင်လယ်ကွေ့ဒေသ(မွန်ပြည်နယ်အပိုင်း) နှင့် အင်းလေးကန် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော တို့ဖြစ်ကြပါသည်။ ၎င်းတို့သည် ရာသီရွေ့ပြောင်း ကျရောက် ကျက်စားသည့် ကမ္ဘာ့ရွှေ့ပြောင်းငှက်မျိုးစိတ်များအတွက် အရေးကြီးသည့် အရှေ့အာရှ-သြစတြေးလျ ပျံသန်းလမ်းကြောင်း (East-Asian Australasian Flyway) နှင့် ဗဟိုအာရှဒေသ ပျံသန်းလမ်းကြောင်း (Central Asian Flyway) တို့တွင်လည်း ကျရောက်လျက်ရှိပါသည်။ သဘာဝဝန်းကျင်နှင့် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းခြင်းတွင် ဒေသခံပြည်သူများပါဝင်မှု၊ ထောက်ခံအားပေးမှုတို့အား မြှင့်တင်နိုင်ရန်ရည်ရွယ်၍ ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO) ၏ လူသားနှင့်ဇီဝအဝန်းနယ်မြေအဖြစ် (Man and Biosphere Reserve-MAB)အဖြစ် အင်းလေးကန်တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော နှင့် အင်းတော်ကြီး တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော သတ်မှတ်ခံထားရပြီးဖြစ်ပါသည်။