အမျိုးသားပညာရေးနှင့်ပတ်သက်၍ သဘောထားအမြင် တင်ပြပန်ကြားချက်

ပညာရေးကို ကမ္ဘာနှင့်အဝှမ်း အထူးအလေးထားဆောင်ရွက်နေကြသော ယနေ့ကာလတွင် ပြည့်စုံကောင်းမွန်သော အမျိုးသားပညာရေး ဥပဒေတစ်ရပ် ချမှတ်ဖော်ဆောင်နိုင်ရေးကို နိုင်ငံတိုင်းက ကြိုးပမ်းဆောင်ရွက်နေကြပါသည်။ မြန်မာနိုင်ငံတွင်လည်း ပညာရေးကို မြှင့်တင်ရန် ရည်ရွယ်၍ အမျိုးသားပညာရေးဥပဒေကို ရေးဆွဲအတည်ပြုခဲ့ပြီး ဖြစ်ပါသည်။ မည်သည့်အရာမျှ ပြီးပြည့်စုံခြင်းမရှိနိုင်သော လောကဓမ္မတာအရ ထိုဥပဒေသည်လည်း အားလုံးက ရာနှုန်းပြည့် သဘောတူညီနိုင်မည့် ဥပဒေမျိုး ဖြစ်မလာခဲ့သည်မှာ သဘာဝကျပါသည်။
မည်သို့ပင်ဖြစ်စေ မည်သည့်အရာကိုမဆို ပိုမိုကောင်းမွန်အောင် လူသားတို့ ဆောင်ရွက်နိုင်သည်သာဖြစ်ပါသည်။ ကောင်းသည်ထက်ကောင်းအောင် ကြိုးစားခြင်းသည် လူ့ဗီဇသဘောဟု ဆိုနိုင်ပါသည်။ သို့ဖြစ်ရာ ကျွန်တော်တို့၏ အမျိုးသားပညာရေးဥပဒေကိုလည်း အများက လက်ခံနိုင်မည့် ပိုမိုပြည့်စုံသည့် ပြဋ္ဌာန်းချက်ဖြစ်လာအောင် မလုပ်ဆောင် နိုင်စရာ အကြောင်းမရှိဟု ကျွန်တော် ရိုးသားစွာ ယုံကြည်မိပါသည်။
အများသဘောညီအောင် ဆောင်ရွက်ရသည့်အလုပ်မှာ မလွယ်ကူသကဲ့သို့ အချိန်တိုအတွင်း ပြီးမြောက်ရန် ခဲယဉ်းလှသည်ကို အားလုံးအသိပင်ဖြစ်ပါသည်။ သက်ဆိုင်သူများအားလုံးက ရိုးသားမှု၊ စိတ်ရှည်သည်းခံမှု၊ သဘောထားကြီးမှု၊ မတူခြားနားခြင်းကို နားလည်လက်ခံနိုင်မှု၊ အပြန်အလှန်ယုံကြည်မှုတို့ကို ကိုင်စွဲကာ မလျှော့သော ဇွဲဖြင့် ညှိနှိုင်းဆွေးနွေးခြင်းကသာလျှင် အများက လိုလားလက်ခံနိုင်မည့် ရလဒ်ကောင်းကို ဆောင်ကျဉ်းပေးနိုင်မည် ဖြစ်ပါသည်။
ယှဉ်ပြိုင်မှု ပြင်းထန်လှသော ယနေ့ကမ္ဘာကြီးတွင် ကျွန်တော်တို့ (အထူးသဖြင့် ကျွန်တော်တို့၏ လူငယ်မျိုးဆက်တို့) အတွက် ကမ္ဘာနှင့်ရင်ဘောင်တန်းနိုင်ရန် ပညာလိုပါသည်။ ပိုင်းခြားဝေဖန်တတ်ပြီး အညာမခံရစေရန် ပညာလိုပါသည်။ စိတ်အလိုလိုက်ပြီး အညှာမလွယ်မိစေရန် ပညာလိုပါသည်။ ထို့အတွက် ထိုက်သင့်သော ရင်းနှီးမြှုပ်နှံမှု လိုအပ်ပါသည်။ ထိုက်သင့်သော အားထုတ်မှု လိုအပ်ပါသည်။ ထိုက်သင့်သော အချိန် လိုအပ်ပါသည်။ ထိုက်သင့်သော အေးချမ်းတည်ငြိမ် မှု လိုအပ်ပါသည်။
သဘောထား ကွဲလွဲမှုများ ရှိကြမည်ဖြစ်သော်လည်း ကျွန်တော်တို့၏ ပညာရေးကိုကောင်းစေလိုသော ဆန္ဒမှာ အားလုံး သဘောညီကြသည့် အချက်ဖြစ်ပါသည်။ ထိုအချက်ကို ကိုင်စွဲ၍ ညှိနှိုင်းဆွေးနွေးကြရပါမည်။ ပညာရေးစနစ်ကောင်းမွန် လာစေရေးအတွက် အမျိုးသားပညာရေးဥပဒေသည် ကနဦးခြေလှမ်းတစ်လှမ်းမျှသာဖြစ်ပါသည်။ ရှေ့တွက်ဆက်လက်၍ လျှောက်လှမ်းရမည့် လမ်းက ရှည်လျားစွာ ရှိနေပါသေးသည်။ ဉာဏ်ပညာနှင့်မယှဉ်ဘဲ စိတ်ခံစားမှုကိုသာ ရှေ့တန်းတင် နေပါက ကျွန်တော်တို့မျှော်မှန်းသော ပန်းတိုင်မှာ မျှော်လေတိုင်းဝေး ဖြစ်နေပါဦးမည်။
ကျွန်တော့်သဘောထားအမြင်ကို ရိုးသားစွာ တင်ပြခြင်းသာဖြစ်ပါသည်။ တစ်စုံတစ်ဦး၊ တစ်ဖက်တည်းကိုသာ ရည်ရွယ် တင်ပြခြင်းမဟုတ်ဘဲ သက်ဆိုင်သူများအားလုံးသို့ ပန်ကြားခြင်းဖြစ်ပါသည်။ ကျွန်တော် တန်ဘိုးထားချစ်ခင်ရသော လုပ်ဖော်ကိုင်ဖက် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဝန်ထမ်းများ အခြေခံအားဖြင့် ကျွန်တော်နှင့် သဘောညီကြမည်ဟု ယုံကြည်ပါသည်။ အပြစ်မြင်၊ အပြစ်တင်ကြမည်ဆိုလျှင်လည်း ကျွန်တော်ကျေနပ်စွာ ခံယူရုံသာ ရှိပါတော့သည်။
ပါမောက္ခချုပ်၊ သစ်တောတက္ကသိုလ်၊ ရေဆင်း။
၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၅)ရက်။