“တစ်ဖက်နိုင်ငံသို့ တရားမဝင်သယ်ယူတင်ပို့မည့် အဖိုးတန်သစ်များကိုရှာဖွေဖော်ထုတ်ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိ”

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနသည် သစ်တောသယံဇာတများ ရေရှည်တည်တံ့ရေး၊ ဂေဟစနစ်တည်ငြိမ်စေရေး၊ နိုင်ငံတော်၏ လူမှုရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်၍ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အခြေအနေကောင်းများအား အနာဂတ်မျိုးဆက်သစ်များ ရရှိခံစားနိုင် စေရေး၊ သစ်တောသယံဇာတများ ပျက်စီးဆုံးရှုံးမှုမရှိစေရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါ သည်။ ယနေ့မျက်မှောက်ကာလတွင် အကြီးမားဆုံးစိန်ခေါ်မှုတစ်ရပ်ဖြစ်သည့် သဘာဝဘေးအန္တရာယ် ကျရောက်မှုများသည် ကမ္ဘာကြီးပူနွေးလာ၍ ရာသီဥတုပြောင်းလဲမှုများဖြစ်ပေါ်သည့် အကြောင်းရင်း တစ်ခုမှာ သစ်တောများပြုန်းတီးမှုကြောင့် ဖြစ်ပါသည်။ လတ်တလောအခြေအနေတွင် နယ်စပ် ဒေသများနှင့် ထိစပ်လျက်ရှိသော အဖိုးတန်သစ်တောသယံဇာတများတည်ရှိသည့် တိုင်းဒေသကြီး/ ပြည်နယ်များမှ တစ်ဖက်နိုင်ငံသို့ တရားမဝင် သစ်ခိုးထုတ်တင်ပို့ ရောင်းချနေမှုများကြောင့် ဖြစ်ကြောင်း သိရှိရသည်။ တရားမဝင်သစ် ထုတ်လုပ်တင်ပို့ ရောင်းချမှုများကြောင့် နိုင်ငံတော်၏ စီးပွားရေး၊ လူမှုရေးနှင့် ပတ်ဝန်းကျင် ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်ရသည့်အပြင် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ သစ်တောများသည် နိုင်ငံတော်၏ အသက်သွေးကြောဖြစ်သည့် ဧရာဝတီမြစ်ကြောင်းကွန်ယက်၏ ရေဝေရေလဲဒေသများဖြစ်သဖြင့် တရားမဝင်သစ်ခုတ်လှဲမှု အကျိုး ဆက်အဖြစ် သစ်တောပြုန်းတီးမှုများဖြစ်ပွားကာ မြေတိုက်စားခြင်း၊ ဧရာဝတီမြစ် သဲနှုံးပို့ချခြင်းများ ပိုမိုဖြစ်ပေါ်လာကြောင်း သိရှိရပါသည်။ တရားမဝင် သစ်ခုတ်လှဲထုတ်လုပ်မှုများအား ကာကွယ်တားဆီးရာတွင် ဒေသခံပြည်သူများ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ အစိုးရဌာနများ၊ လုံခြုံရေးအဖွဲ့အစည်းများ အဘက်ဘက်မှ ပူးပေါင်း ဆောင်ရွက်ကြရန် လိုအပ်ပါသည်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနသည် တရားမဝင်သစ်ခိုးထုတ်မှုဖြစ်စဉ်များ ပပျောက်ရေးအတွက် ရည်ရွယ်၍ တရားမဝင်သစ်များကို နည်းလမ်းပေါင်းစုံဖြင့် ဖော်ထုတ်ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိပါသည်။ တရုတ်နိုင်ငံနှင့် နယ်မြေချင်းထိစပ်လျက်ရှိသော ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ မဘိမ်း၊ မိုးမိတ်မြို့နယ်တို့တွင် တစ်ဖက်နိုင်ငံမှ တရုတ်နိုင်ငံသားအချို့ ပူးပေါင်းပါဝင်သည့် သစ်ခိုးထုတ် သည့်အဖွဲ့များမှ တရားမဝင်သစ်များစုပုံခုတ်လှဲလေ့ရှိကြောင်း သတင်းရရှိသဖြင့် ဝန်ကြီးဌာနအစီအမံ ဖြင့် စီမံဆောင်ရွက်ခဲ့ရာ ကျောက်မဲခရိုင်နှင့် ပြင်ဦးလွင်ခရိုင်တို့၌ ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ(၈)ရက်မှ (၁၉)ရက်နေ့အထိ တရားမဝင်သစ် ပျဉ်းကတိုး၊ ပိတောက်၊ တမလန်း၊ သစ်ယာ၊ အင်ကြင်း၊ သစ်လုံး/ ခွဲသား စုစုပေါင်း(၇၂၈)တန်ကျော် ဖမ်းဆီးရမိခဲ့ပါသည်။ ထိုကဲ့သို့ ရှာဖွေဖော်ထုတ် ဖမ်းဆီးရေး ဆောင်ရွက်စဉ် တစ်ပြိုင်တည်း မန္တလေး-မူဆယ်ကားလမ်းပေါ်တွင် တရားမဝင်သစ်သယ်ယူနေမှုများ အား ပိတ်ဆို့တားဆီးစစ်ဆေးခဲ့ရာ ယာဉ်ကြီး/ယာဉ်ငယ်(၇၀)စီးနှင့် ယာဉ်ပေါ်တွင် တင်ဆောင်လာသော တရားမဝင်သစ် ပိတောက်၊ တမလန်း၊ သင်းဝင်(၁၂၅.၁၂)တန်ကိုလည်းကောင်း၊ ဗန်းမော်ခရိုင်၊ မန်စီ မြို့နယ်၊ နန်းဟန်ကျေးရွာအနီးတွင် တရားမဝင်သစ် ကျွန်း၊ ပိတောက်၊ တမလန်း၊ စကားဝါ စုစုပေါင်း (၉၂၈)တန်နှင့် ကရိန်းယာဉ် (၅)စီး ကိုလည်းကောင်း ဖော်ထုတ်ဖမ်းဆီးရမိခဲ့ပါသည်။ နားဟန်ကျေးရွာမှ အဖိုးတန်သစ်များကို ဝန်ကြီးဌာနအစီအစဉ်ဖြင့် လုံခြုံရာနေရာသို့ တန်(၃၀၀)ခန့် သယ်ယူစုပုံပြီးဖြစ် သည်။ ထို့အပြင် ကျောက်မဲခရိုင်၊ မဘိမ်းမြို့နယ်ရှိ ရွှေလီမြစ်ရိုးတစ်လျှောက်ရှိ နတ်ကုန်း၊ ညောင်ပင်သာ၊ ပက်ပါ၊ အင်လှော် စသည့် ကျေးရွာနယ်မြေများတွင် တရားမဝင်သစ်အများအပြား စုပုံထားရှိကြောင်းနှင့် တစ်ဖက်နိုင်ငံသို့သယ်ယူရန် စီစဉ်ဆောင်ရွက်နေကြောင်း တာဝန်သိပြည်သူ သတင်းပေးပို့ချက်အရ ရှမ်းပြည်နယ်၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဦးစီးဌာနဝန်ထမ်းများ၊ မြန်မာ့သစ်လုပ်ငန်းဝန်ထမ်းများအား နေပြည်တော်တွင် စနစ်တကျစုဖွဲ့၍ မထင်မှတ်သည့်လမ်းကြောင်း မှ အလစ်အငိုက်ယူ ချီတက် ရှင်းလင်းဆောင်ရွက်စေခဲ့ရာ ၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလ (၁၇)ရက်မှ ယနေ့ (၆)ရက်တာ ကာလအတွင်း အဖိုးတန်သစ်မျိုးများဖြစ်သည့် ပိတောက်နှင့် တမလန်းသစ်မျိုး စုစုပေါင်း (၁၅၈၇)တန်၊ သစ်တင်ယာဉ် (၁၄)စီး၊ လက်ကိုင်လွှစက် (၅)လက်၊ သစ်ခွဲအင်ဂျင် (၂)လုံးတို့ အား ရှာဖွေ ဖော်ထုတ်ဖမ်းဆီးရမိခဲ့ပါသည်။ အဆိုပါ ရှင်းလင်းဖော်ထုတ် ဖမ်းဆီးရမိသောနယ်မြေသည် လုံခြုံရေး ကန့်သတ်ချက်ရှိသော နယ်မြေဖြစ်သော်လည်း လုံခြုံရေးလိုက်ပါရှိခြင်း မရှိဘဲ ဝန်ထမ်းများဖြင့်သာ စနစ်တကျစုဖွဲ့၍ စွန့်စားဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အထက်ပါ ရှင်းလင်းရေးအဖွဲ့အား အထောက်အကူပြုအနေဖြင့် သပိတ်ကျင်းမြို့နယ်၊ မိုင်းဒိုင်း ကြိုးဝိုင်းနှင့် စိုင်းသာကြိုးဝိုင်းနယ်မြေတို့တွင် ကသာခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင် သောအဖွဲ့ကလည်းကောင်း၊ မိုးမိတ်မြို့နယ်၊ မြစ်ဆုံတစ်ဝိုက်တွင် ရှမ်းပြည်နယ်၊ ဒုတိယညွှန်ကြားရေး မှူးဦးဆောင်သောအဖွဲ့ကလည်းကောင်း၊ မဘိမ်းမြို့နယ်၊ အင်းလှော်တစ်ဝိုက်တွင် မန္တလေးတိုင်း ဒေသကြီး ညွှန်ကြားရေးမှူးဦးဆောင်သော အဖွဲ့ကလည်းကောင်း အခြေပြုရှင်းလင်းဆောင်ရွက်ခဲ့သဖြင့် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းဒေသအတွင်း ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလအတွင်း ပူးပေါင်းဖမ်းဆီးရေးအဖွဲ့သည် တရားမဝင်သစ် ကျွန်း၊ ပျဉ်းကတိုး၊ ပိတောက်၊ တမလန်း၊ စကားဝါ၊ သစ်ယာ၊ အင်ကြင်း စုစုပေါင်း (၃၂၄၃.၂၈၆၃)တန်ကို ရှာဖွေဖော်ထုတ် ဖမ်းဆီးနိုင် ခဲ့ပါသည်။ အဖိုးတန်သစ်များအား တရားမဝင်ခိုးထုတ်ရာတွင် ရေတိုအကျိုးစီးပွားအတွက် အချို့သော အတ္တဆန်သည့် လူပုဂ္ဂိုလ်များသည် တစ်ဖက်နိုင်ငံသားများနှင့်ပူးပေါင်းပြီး နိုင်ငံနှင့်လူမျိုးအပေါ် သစ္စာဖောက်၍ လုံခြုံရေးနှင့် လမ်းပန်းဆက်သွယ်ရေး အကန့်အသတ်အခြေအနေများအပေါ် အခွင့်ကောင်းယူကာ တရားမဝင်လက်နက်ကိုင်အဖွဲ့အစည်းများ၏ အကူအညီဖြင့် ဗြောင်ကျကျ အတင့်ရဲစွာ ဆောင်ရွက်လျက်ရှိရာ သစ်တောဝန်ထမ်းများသည် တရားမဝင်သစ်များ ရှာဖွေဖမ်းဆီး ခြင်းလုပ်ငန်းများကို ဝန်ကြီးဌာန၏ ဦးဆောင်လမ်းညွှန်မှုဖြင့် သက်စွန့်စံဖျား ကြိုးပမ်းဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိပါသည်။