ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းအား UN-HABITAT မှ Country Programme Manager, Mr. Bijay Karmacharya နှင့် Myanmar Climate Change Alliance - MCCA Programmeမှ Mr.Psaqurale Capizziတို့လာရောက်တွေ့ဆုံ

(နေပြည်တော်၊ ၂၅-၂-၂၀၁၅) ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းသည် UN-HABITAT မှ Country Programme Manager, Mr. Bijay Karmacharya (ဗီဂျေး ကန်မာချာရာ) နှင့် Myanmar Climate Change Alliance - MCCA Programme ၏ Chief Technical Advisor, Mr. Psaqurale Capizzi (ပါစကာလာကာပီစီ) တို့ ပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့ ၂၅-၂-၂၀၁၅ ရက်နေ့၊ မွန်းလွဲ ၀၂:၀၀ နာရီတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံဆွေးနွေးသည်။ ဆွေးနွေးပွဲသို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်၊ ပတ်ဝန်းကျင်ထိန်း သိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးနေအေး၊ မြေတိုင်းဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးသန်းလှိုင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ ထို့သို့ တွေ့ဆုံဆွေးနွေးရာတွင် ဥရောပသမဂ္ဂ၊ ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်၏ ရန်ပုံငွေအထောက်အပံ့ဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်း ရေးဦးစီးဌာနနှင့် UN-HABITAT၊ UNEP တို့အကြား နားလည်မှုစာချွန်လွှာ လက်မှတ် ရေးထိုးပြီး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် “မြန်မာရာသီဥတု ပြောင်းလဲမှု ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအစီအစဉ် (MCCA Programme)” တွင် Chief Technical Advisor အဖြစ် တာဝန်ထမ်းဆောင်မည့် Mr. Psaqurale Capizzi မှ ဆောင် ရွက် အကောင်အထည်ဖော်မည့် လုပ်ငန်းနှင့် အစီအစဉ်များ၊ မြန်မာနိုင်ငံမှ ရေးဆွဲပြုစုမည့် ရာသီဥတုပြောင်းလဲမှု မူဝါဒနှင့် လုပ်ငန်းမူဘောင်များ၊ အမျိုးသားအဆင့်နှင့် ကဏ္ဍ အလိုက် မဟာဗျူဟာများ၊ နိုင်ငံအဆင့်ရာသီဥတုပြောင်းလဲမှုအား လိုက်လျောညီထွေ ရှိစေရေး လုပ်ငန်းစီမံချက်များ၊ ကုလသမဂ္ဂပတ်ဝန်းကျင်အစီအစဉ် နှင့်ပူးပေါင်း၍ UN-HABITAT မှ မြန်မာနိုင်ငံတွင် ဆောင်ရွက်အကောင်အထည်ဖော်မည့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းအစီအစဉ်များ၊ လာမည့် ၂၀၁၅ ခုနှစ် ဒီဇင်ဘာလတွင် ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့၌ ကျင်းပမည့် (၂၁) ကြိမ်မြောက် ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကွန်ဗင်းရှင်းအဖွဲ့ဝင်နိုင်ငံများအစည်းအဝေးတွင် မြန်မာနိုင်ငံမှ တက်ရောက်ဆွေးနွေးမည့် ကိစ္စရပ်များကို ဆွေးနွေးကြသည်။ ဆက်လက်၍ မြန်မာနိုင်ငံ၏ အမျိုးသားမြေအသုံးချမှု မူဝါဒပေါ်ပေါက်လာရေး အတွက် UN-HABITAT မှ ပူးပေါင်းပါဝင်ဆောင်ရွက်မှု အခြေအနေ၊ နော်ဝေးနိုင်ငံ အစိုးရ၏ အထောက်အပံ့ဖြင့် သစ်တောဦးစီးဌာနနှင့် ပူးပေါင်းပြုစုရေးဆွဲခဲ့သည့် အင်းလေး ကန်ရေရှည်တည်တံ့ရေး၊ ထိန်းသိမ်းရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ စီမံချက်အား စတင်ထုတ်ပြန်နိုင်ရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အခြေပြ အစီရင်ခံစာ (State of the Environmental Report - SoER) ပြုစုရေးသားမှု အခြေအနေ တို့ကို ဆွေးနွေးကြကြောင်း သတင်းရရှိသည်။