ရတနာဆင်ဖြူတော် ပေါ်ထွန်းလာခြင်းသတင်း (၂၈-၂-၂၀၁၅၊ နေပြည်တော်)

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန၊ မြန်မာ့သစ်လုပ်ငန်းမှ ဒုတိယ အထွေထွေမန်နေဂျာ ဦးထွန်းထွန်းဦး၊ လက်ထောက်အထွေထွေမန်နေဂျာ ဒေါက်တာစည်သူဝမ်ထွန်း တို့ ဦးဆောင်သော အဖွဲ့ဝင်(၁၂)ဦးပါဝင်သည့် အဖွဲ့သည် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ် သလပ်ခွာကြိုးဝိုင်း၊ အကွက်အမှတ်(၈)၊ သစ်ပုတ်ချောင်းဖျားတွင် (၂၇-၂-၂၀၁၅) ရက်နေ့၊ နံနက် (၁၁:၁၅) နာရီ၌ ရတနာဆင်ဖြူတော်ပေါ်ထွန်းကြောင်း သိရှိရပါသည်။

အဆိုပါ ရတနာဆင်ဖြူတော်သည် အမဖြစ်ပြီး ကြန်အင်လက္ခဏာများမှာ အသက်(၇)နှစ် ခန့်မှန်း၊ အရပ်အမြင့် ၆ ပေ ၃ လက်မ(ခန့်မှန်း)၊ ကိုယ်လုံးပတ် ၈ ပေ ၈လက်မ(ခန့်မှန်း)၊ ကျောကုန်းမှာ ငှက်ပျောကိုင်း၊ နားရွက်(နားလတ်)၊ မျက်လုံး(ပုလဲရောင်)၊ အမြီးတံခါးစောင်း (၂ ပေ ၇ လက်မ)၊ ခြေသည်းရှေ့(၅×၅)၊ နောက် (၄×၄)၊ အသားရောင်(ပန်းနုရောင်) ဖြစ်ကြောင်း သိရှိရပါသည်။

ယခု ဆင်ဖြူတော်သည် နဝမမြောက်ဆင်ဖြူတော်ဖြစ်ပြီး နှစ်ဦးတွင် ရတနာဆင်ဖြူတော် ပေါ်ထွန်းလာခြင်းသည် နိုင်ငံတော်အတွက် ကျက်သရေမင်္ဂလာအဖြာဖြာတိုးပွားစေပြီး ပြည်သူများ ဘေးရန်ဝေးကွာ၍ သာယာဖွံ့ဖြိုးတိုးတက်စေမည့် နိမိတ်လက္ခဏာဖြစ်စေပါကြောင်းနှင့် ရတနာ ဆင်ဖြူတော်ကို ရေသိုးစခန်းတွင် မှိန်းသင်ကြားနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရ ပါသည်။