မြန်မာနိုင်ငံ ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောတည်ထောင်မှု အရှိန်မြှင့်တင်ခြင်း စီမံကိန်း၏ အမျိုးသားအဆင့် ကနဦးအလုပ်ရုံဆွေးနွေးပွဲ ကျင်းပခြင်းသတင်း (၂၆-၂-၂၀၁၅၊ နေပြည်တော်)

မြန်မာနိုင်ငံ ဒေသခံပြည်သူ အစုအဖွဲ့ပိုင်သစ်တောတည်ထောင်မှု အရှိန်မြှင့်တင်ခြင်း စီမံကိန်း ၏ အမျိုးသားအဆင့် ကနဦးအလုပ်ရုံဆွေးနွေးပွဲ ကျင်းပခြင်း ဖွင့်ပွဲအခမ်းအနားကို ရေဆင်းသုတေ သန၊ စုဝေးခန်းမ၌ ယနေ့ (၂၆-၂-၂၀၁၅) ရက်နေ့၊ နံနက် (၀၈:၃၀) နာရီတွင် ကျင်းပခဲ့ရာ ပတ်ဝန်း ကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးမြင့်မောင် တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့သည်။ အလုပ်ရုံဆွေးနွေးပွဲသို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ၀န်ကြီးဌာန၊ ဒုတိယ ဝန်ကြီး ဒေါက်တာဒေါ်သက်သက်ဇင်၊ ဝန်ကြီးဌာနလက်အောက်ရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူး ချုပ်များ၊ သစ်တောတက္ကသိုလ် ဒုတိယပါမောက္ခချုပ်နှင့် ပါမောက္ခများ၊ အရာရှိကြီးများ၊ RECOFTC မှ ဒေါက်တာတင့်လွင်သောင်းနှင့် ကျွမ်းကျင်သူပညာရှင်များ၊ နော်ဝေးနိုင်ငံသံရုံးမှ ကိုယ်စားလှယ် များ၊ ဆက်စပ်ဌာနအသီးသီးမှ ကိုယ်စားလှယ်များ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ ပုဂ္ဂိုလ် များ၊ ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောလုပ်ငန်း နိုင်ငံအဆင့်လုပ်ငန်းအဖွဲ့ (CFNWG)အဖွဲ့ဝင် များ၊ သုတေသီများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြပါသည်။ ဒုတိယဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားရာတွင် ပြောင်းလဲလာသည့် ခေတ်နှင့်အညီ နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအပေါ် အထောက်အကူဖြစ်ရန်၊ သဘာဝပတ်ဝန်းကျင်တည် ငြိမ်မှုနှင့် ဂေဟစနစ်မျှတမှုကို ပြန်လည်ရရှိစေရန်၊ ဒေသခံပြည်သူများ၏ အခြေခံစားဝတ်နေရေး လိုအပ်ချက်များဖြေရှင်းရာတွင် အထောက်အကူဖြစ်စေရန် အစုအဖွဲ့ပိုင်သစ်တောလုပ်ငန်းဆိုင်ရာ ညွှန်ကြားချက်များ (Community Forestry Instruction-CFI) ကို (၁၉၉၅) ခုနှစ်၌ ထုတ်ပြန်ပြီး ဒေသခံပြည်သူ အစုအဖွဲ့ပိုင်သစ်တောလုပ်ငန်းကို စတင်အကောင်အထည်ဖော်ခဲ့ပါကြောင်း၊ အစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းသည် ဒေသခံပြည်သူများ ကိုယ်တိုင်ကိုယ်ကျပါဝင်သည့် သစ်တောလုပ်ငန်းတစ်ရပ် ဖြစ်ပြီး သစ်တောစီမံအုပ်ချုပ်မှုများမှာ ဒေသခံပြည်သူများ ကိုယ်တိုင်ကိုယ် ကျပါဝင်ပြီးအကောင် အထည်ဖေါ်ဆောင်ရွက်ရသည့် ပြည်သူဗဟိုပြုလုပ်ငန်းစဉ်တစ်ရပ်ဖြစ်ပါကြောင်း၊ နှစ်(၃၀)မြန်မာ့သစ်တောကဏ္ဍ ပင်မစီမံကိန်းတွင် ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောများကို ဧက(၂.၂၇)သန်းထိ တည်ထောင်ရန် လျာထားခဲ့ပါကြောင်း၊ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးနှင့် ကျေးလက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းစဉ်သည် နိုင်ငံတော်၏ ဦးစားပေးလုပ်ငန်းစဉ်တစ်ရပ်ဖြစ်၍ မိမိတို့ ဝန်ကြီး ဌာနအနေနှင့် ပြည်သူလူထု၏စားဝတ်နေရေး၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရန်အတွက် သစ်တော နယ်မြေအတွင်း နှစ်ကာလအတိုင်းအတာတစ်ခုအထိ တရားမဝင်ကျူးကျော် အခြေချနေထိုင်သည့် အိမ်ခြေ(၅၀)နှင့်အထက် ပြည်ထဲရေးအမည်ပေါက် ကျေးရွာပေါင်း(၁,၁၈၄)ရွာအတွက် ရွာမြေ၊ လယ်မြေ နှင့် အများပိုင်/သာသနာ့မြေများကို သစ်တောမြေအဖြစ်မှ စွန့်လွှတ်ပယ်ဖျက်ပေးခဲ့ပြီး ယာမြေဧက ၈ သိန်း ကျော်ကို သီးနှံသစ်တော ရောနှောစနစ်ဖြင့် ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောများအဖြစ် ဆက်လက်လုပ်ကိုင်ခွင့်ပြုနိုင်ရန် စီစဉ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယခုအခါ သစ်တောဦးစီးဌာနနှင့် အာရှ-ပစိဖိတ်ဒေသဆိုင်ရာ ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောပညာလေ့ကျင့်ပေးရေးဌာန (RECOFTC- The Center for People and Forests) တို့ ပူးပေါင်းပြီး မြန်မာနိုင်ငံ ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောတည်ထောင်မှု အရှိန်မြှင့်တင်ခြင်း စီမံကိန်းအသစ်တစ်ခုကို တိုင်းဒေသကြီးနှင့် ပြည်နယ်(၇)ခုတို့တွင် ဧရိယာဧက ၁ သိန်းခန့် စံပြ ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောများအဖြစ် ၂၀၁၅ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ (၃) နှစ် လျာထား သတ်မှတ်တည်ထောင်သွားမည်ဖြစ်ပါကြောင်း၊ စီမံကိန်းမှာ ဆောင်ရွက်မည့် အဓိကလုပ်ငန်းစဉ် ၅ ရပ် မှာ (၁) အစုအဖွဲ့ပိုင်သစ်တောဆိုင်ရာ လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးရေးနှင့် လေ့ကျင့်ပညာပေးရေး အစီအစဉ်၊ (၂)အစုအဖွဲ့ပိုင်သစ်တောထူထောင်ခြင်း၊ (၃)အစုအဖွဲ့ပိုင်သစ်တောသတင်းအချက်အလက် စီမံခြင်းနှင့် ဆက်သွယ်ဆောင်ရွက်ခြင်း၊ (၄) အစုအဖွဲ့ပိုင် သစ်တောကွန်ယက် များဖွဲ့စည်းခြင်းနှင့် (၅) အစုအဖွဲ့ပိုင်သစ်တော မူဝါဒနှင့်မူဘောင်များခိုင်မာစေရန် ဆောင်ရွက်ခြင်းလုပ်ငန်းများဖြစ်ပါကြောင်း၊ လူနေမှုဘဝ တိုးတက်လာစေရန်နှင့် သစ်တောများကို ရေရှည်တည်တံ့စေရန် သစ်တော တည်ထောင် အုပ်ချုပ်လုပ်ကိုင်မှုလုပ်ငန်းများတွင် ဒေသခံပြည်သူများ ကိုယ်တိုင်ကိုယ်ကျ ပါဝင်မှသာ အောင်မြင်နိုင်မှာဖြစ်သည့်အတွက် ပြည်သူများကို မိမိတို့နှင့် ပူးပေါင်းပါဝင်ဆောင်ရွက်လာအောင် အစွမ်းကုန်ကြိုးပမ်းအားထုတ်ကြရမှာဖြစ်ပါကြောင်း၊ သစ်တောသယံဇာတနှင့် မြေယာလုပ်ပိုင်ခွင့်၊ ပိုင်ဆိုင်ခွင့်အပါအဝင် ဒေသခံပြည်သူအစုအဖွဲ့ ပိုင်သစ်တောလုပ်ငန်းနှင့် ဆက်စပ်သည့် စိန်ခေါ်မှုနှင့် အခွင့်အလမ်း(Opportunity and Challenge) များသည် ဒေသတစ်ခုချင်းစီ၏ ဂေဟစနစ်၊ လူမှုရေး၊ ယဉ်ကျေးမှုနှင့် စီးပွားရေးဆိုင်ရာ အခြေအနေ အရပ်ရပ်ပေါ်မှာ တည်မှီနေပါကြောင်း၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် အဖွဲ့အစည်းအဆင့်ဆင့်၏ စွမ်းဆောင်ရည်ကလည်း လုပ်ငန်းအောင်မြင်ရန် အဓိကအခန်းကဏ္ဍက ပါဝင်နေသဖြင့် ဝန်ထမ်းများ ၏ စွမ်းဆောင်ရည်များ တိုးတက်မြင့်မားလာစေရန် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးလုပ်ငန်းများ ကို စဉ်ဆက်မပြတ်ဆောင်ရွက်နေရန် လိုအပ်ပါကြောင်း၊ ယနေ့ကျင်းပသည့် ကနဦးအလုပ်ရုံဆွေးနွေးပွဲမှာ စံပြဒေသခံပြည်သူအစုအဖွဲပိုင် သစ်တော လုပ်ငန်းများ တည်ထောင်ရေးအပါအဝင် ၃ နှစ်တာကာလအတွင်း အကောင်အထည်ဖေါ်မည့် စီမံကိန်း လုပ်ငန်းများကို အသေးစိတ်ဆွေးနွေးတိုင်ပင်ညှိနှိုင်းရန်လိုအပ်ပါကြောင်း၊ RECOFTC မှ ကျွမ်းကျင် သူများ၏ နည်းပညာပံ့ပိုးပေးမှု၊ ကျွမ်းကျင်မှု၊ ကြွယ်ဝသည့်အတွေ့အကြုံ၊ ဗဟုသုတများကြောင့် ယခု အလုပ်ရုံဆွေးနွေးပွဲကို ရည်ရွယ်ချက်များအတိုင်း အောင်မြင်အောင် ကျင်းပနိုင်မည်ဟု ယုံကြည်ပါ ကြောင်း ပြောကြားသွားခဲ့ပါသည်။ ဆက်လက်၍ RECOFTC မှ Executive Director ဒေါက်တာတင့်လွင်သောင်းက ကျေးဇူး တင်စကားပြောကြားပြီး အလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားကို (၁၀:၀၀)နာရီတွင် ခေတ္တရပ်နားပြီး (၂၆-၂-၂၀၁၅) ရက်နေ့မှ (၂၇-၂-၂၀၁၅) ရက်နေ့အထိ (၂)ရက်ကြာ ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။