ဒေသခံပြည်သူများ သစ်တောလုပ်ငန်းများ၌ ကိုယ်တိုင်ကိုယ်ကျပူးပေါင်းပါဝင်၍ ပတ်ဝန်းကျင်အခြေအနေကောင်းများဖော်ဆောင်နိုင်ရေး ဒုတိယဝန်ကြီးတွေ့ဆုံအားပေး (၃-၃-၂၀၁၅၊ နေပြည်တော်)

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနသည် နိုင်ငံတော်၏ စီးပွား ရေးဖွံ့ဖြိုးတိုးတက်မှုအပေါ် အထောက်အကူဖြစ်စေရန်၊ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်၍ ဂေဟစနစ် တည်ငြိမ်စေရေးနှင့် ဒေသခံပြည်သူများ၏ အခြေခံစားဝတ်နေရေးလိုအပ်ချက်များ ဖြည်းဆည်းနိုင်ရေးနှင့် အနာဂတ်အတွက် သဘာဝပတ်ဝန်းကျင်အခြေခံကောင်းများ ဖော်ဆောင် နိုင်ရေးအတွက် ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တော လုပ်ငန်းဆိုင်ရာ ညွှန်ကြားချက်များကို ၁၉၉၅ ခုနှစ်တွင်ထုတ်ပြန်ကာ ဒေသခံပြည်သူများအား သစ်တောလုပ်ငန်းများ၌ ကိုယ်တိုင် ကိုယ်ကျ ပူးပေါင်းဆောင်ရွက်နိုင်စေရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနသည် သစ်တောပြုစုထိန်း သိမ်းရေးလုပ်ငန်းများကို နှစ်ရှည်၊ နှစ်တိုစီမံကိန်းများရေးဆွဲ ဆောင်ရွက်လျက်ရှိရာ နှစ်(၃၀) သစ်တောကဏ္ဍ ဘက်စုံပင်မစီမံကိန်း၌ ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောများကို ဧက (၂.၂၇) သန်းထိ တည်ထောင်ရန် လျာထားသတ်မှတ်ခဲ့ရာ ယနေ့အထိ ဧရိယာ(၂)သိန်းခန့်ကို အစုအဖွဲ့ ပေါင်း (၈၂၁)ဖွဲ့မှ အဖွဲ့ဝင်ပေါင်း (၃၂၃၇၅)ဦးဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိ ကြောင်းသိရသည်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးမြင့်မောင် သည် ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန် အတွက် ဖေဖော်ဝါရီလ ၂၈ ရက်နေ့၌ ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောလုပ်ငန်းများ အား ကိုယ်တိုင်ကိုယ်ကျဆောင်ရွက်လျက်ရှိသည့် မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ်အတွင်းရှိ ကျေးရွာများမှ ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးကာ လိုအပ်ချက်များ စီမံဖြည့်ဆည်းပေးခဲ့ကြောင်း သိရှိရပါသည်။ မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ်အတွင်းရှိ ငလှိုင်စမ်း၊ ဥယျာဉ်ပု၊ ကျီးကန်၊ ပေတော၊ ပြောင်ပြာ၊ ကံလည် စသည့်ကျေးရွာများမှ ဒေသခံပြည်သူများသည် သစ်တော ဦးစီး ဌာနနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းတစ်ခုဖြစ်သည့် FREDA အဖွဲ့တို့၏ နည်းပညာနှင့် ရန်ပုံငွေထောက်ပံ့မှုဖြင့် ယင်းကျေးရွာများ အနီးဝန်းကျင်၌ သစ်တောစိုက်ခင်း တည်ထောင်ခြင်း နှင့် သဘာဝတောထိန်းသိမ်းခြင်းလုပ်ငန်းများကို ဒေသခံပြည်သူများ ကိုယ်တိုင်ကိုယ်ကျ အောင် မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။ ဒုတိယဝန်ကြီးသည် ဒေသခံပြည်သူများနှင့် တွေ့ဆုံရာ၌ နိုင်ငံတော်က တိုးတက်ပြောင်းလဲလာသည့် ခေတ်စနစ်နှင့်အညီ ဘက်စုံဒေါင့်စုံမှ ဖွံ့ဖြိုးတိုးတက်အောင် ဖော်ဆောင်ပေးလျက်ရှိပါကြောင်း၊ ဒေသခံပြည်သူအစု အဖွဲ့ပိုင် သစ်တောလုပ်ငန်းသည် ပြည်သူဗဟိုပြုသည့် လူမှုစီးပွားရေးနှင့် သဘာဝပတ်ဝန်းကျင် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတစ်ရပ်ဖြစ်ကြောင်း၊ ဤဒေသတွင် ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းများ အောင်မြင်ရခြင်းကို လေ့လာကြည့်သည့်အခါတွင် ပြည်သူ၊ အစိုးရဌာန နှင့်လူမှုရေးအဖွဲ့အစည်းများအကြား ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှုနှင့် တာဝန်သိမှုများကို အခြေခံ၍ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းကြောင့်ဖြစ် သည်ကိုတွေ့ရှိရကြောင်း။ ထို့ကြောင့် ဤဒေသ၏ ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောလုပ်ငန်းများ အောင်မြင်မှုကို နိုင်ငံ၏အခြားဒေသများသို့ ပြန့်နှံ့၊ အတုယူဆောင်ရွက်သွားရန် လိုအပ်ကြောင်း မှာကြားခဲ့ပါသည်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနအနေဖြင့် လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေး၊ ဒေသခံပြည်သူတို့၏ အခြေခံစားဝတ်နေရေးလိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေး သာမက ဂေဟစနစ်တည်ငြိမ်၍ အနာဂတ်အတွက် ပတ်ဝန်းကျင်အခြေခံကောင်းများအား ဖော်ဆောင်ပေးနိုင်မည့် ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အမျိုးသားအဆင့် ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်း အဖွဲ့ (CFNWG) ဖွဲ့စည်း ဆောင်ရွက်လျက်ရှိသည့်အပြင် အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ အပြည်ပြည်ဆိုင်ရာအဖွဲ အစည်းများနှင့်လည်း ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါသည်။ ယခုအခါ အာရှ နှင့် ပိစိဖိတ်ဒေသဆိုင်ရာ ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောပညာ လေ့ကျင့်ပညာပေးရေး ဌာန (RECOFTC) နှင့် ပူးပေါင်း၍ တိုင်းဒေသကြီးနှင့် ပြည်နယ်(၇) ခုတို့၌ စံပြဒေသခံအစုအဖွဲ့ပိုင် သစ်တောဧရိယာဧက (၁)သိန်းခန့်ကို တည်ထောင်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။