အင်းလေးကန် ဇီဝအဝန်းနယ်မြေ စီမံအုပ်ချုပ်မှု စွမ်းဆောင်ရည်မြှင့်တင်ခြင်း ဆိုင်ရာ ဆက်စပ်ပတ်သက်သူများ၏ ပထမအကြိမ် အလုပ်ရုံဆွေးနွေးပွဲကျင်းပ မတ် ၁၀ ရက်၊ နေပြည်တော်

သဘာဝနှင့် လူသားအပါအဝင် သက်ရှိတို့အကြား ညီညွတ်မျှတစွာ ယှဉ်တွဲနေထိုင်နိုင်မည့် အသက်မွေးဝမ်းကြောင်းမှုနည်းလမ်းအသစ်များ ဖော်ထုတ်ဆောင်ရွက်ရန်၊ ဒေသတစ်ခုအတွင်း ရှိ ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းရန်၊ ဒေသခံတို့၏ လူမှုစီးပွားရေးမြှင့်တင်ရန်နှင့် ယဉ်ကျေးမှုနှင့် ရှေးဟောင်းအမွေအနှစ်များ ထိန်းသိမ်းကာကွယ်ရန်အတွက် နိုင်ငံအသီးသီးတွင် ဇီဝအဝန်း နယ်မြေ (Man and Biosphere Reserve-MAB) များ ဖွဲ့စည်း သတ်မှတ်ဆောင်ရွက်လျက် ရှိသည်။ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနသည် UNDP၊ UNESCO တို့နှင့် ပူးပေါင်း၍ ရှမ်းပြည်နယ်၊ အင်းလေးဒေသ၌ ဇီဝအဝန်းနယ်မြေ ဖွဲ့စည်းဆောင်ရွက်နိုင်ရေး အတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ အင်းလေးကန်ဒေသ ဇီဝအဝန်းနယ်မြေ စီမံအုပ်ချုပ်မှု စွမ်းဆောင်ရည် မြှင့်တင်ခြင်းဆိုင်ရာ အကျိုးဆက်စပ်ပတ်သက်သူများ၏ ပထမအကြိမ်အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ၂၀၁၅ ခုနှစ်၊ မတ်လ (၉) ရက်နေ့၌ ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ Aureum Palace Resort & Spa ဟိုတယ်၌ ကျင်းပခဲ့သည်။ အလုပ်ရုံဆွေးနွေးပွဲသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ အင်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးဝင်းမြင့်နှင့် အစိုးရအဖွဲ့ဝင်များ၊ ပတ်ဝန်းကျင်ထိန်း သိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနနှင့် ဆက်စပ်ဌာန/ အဖွဲ့အစည်းများ၊ UNESCO၊ UNDP၊ INGO/ NGO များနှင့် ဒေသခံလူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ စုစုပေါင်း ကိုယ်စားလှယ် (၅၀) ဦး တက်ရောက်၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးမြင့်မောင်က အဖွင့်အမှာစကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။ ဒုတိယဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် လူနှင့်သဘာဝကြောင့် ဖြစ်ပေါ်လာသည့် ပတ်ဝန်းကျင်ထိခိုက်မှု၊ ဂေဟစနစ်ယိုယွင်းမှုနှင့် ဇီဝမျိုးစုံမျိုးကွဲများ ပျက်စီးဆုံးရှုံးမှုများအား လျော့နည်းသက်သာစေရန်၊ ဒေသ၏ ယဉ်ကျေးမှုနှင့် ရှေးဟောင်းအမွေအနှစ်များ ထိန်းသိမ်းရန် နှင့် ဒေသခံပြည်သူများ၏ လူနေမှုဘဝဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ အင်းလေးကန်ဒေသအား ဇီဝအဝန်းနယ်မြေအဖြစ် သတ်မှတ်၍ စီမံအုပ်ချုပ်လုပ်ကိုင်နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း၊ ကမ္ဘာတစ်ဝန်း နိုင်ငံပေါင်း (၁၁၉) နိုင်ငံ၌ ဇီဝအဝန်းနယ်မြေ (၆၃၁) ခု တည်ထောင်ထားရှိပြီး ဖြစ်ကြောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနအနေဖြင့် အင်းလေး ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဇီဝအဝန်းနယ်မြေသတ်မှတ်နိုင်ရေး အဆိုပြုလွှာရေးသားပြုစု၍ ယူနက်စကိုသို့ တင်သွင်းထားပြီးဖြစ်ကြောင်း၊ အင်းလေးကန်ဇီဝအဝန်းနယ်မြေ၌ အင်းလေးကန် ၏ရေဝေရေလဲဒေသဖြစ်သည့် ရှမ်းပြည်နယ်တောင်ပိုင်းရှိ မြို့နယ် (၁၀) မြို့နယ် ပါဝင်မှာ ဖြစ်ကြောင်း၊ ဇီဝအဝန်းနယ်မြေ တည်ထောင်ဖွဲ့စည်းနိုင်ခြင်းဖြင့် လူ့အဖွဲ့အစည်းဖွံ့ဖြိုးတိုးတက် ရေးနှင့် ထိန်းသိမ်းကာကွယ်ရေးတို့ကို ဟန်ချက်ညီညီဆောင်ရွက်နိုင်မည်ဖြစ်၍ အင်းလေးကန် ပြန်လည်တည်ထောင်ရေးနှင့် အင်းလေးဒေသနေ ဒေသခံပြည်သူများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုး တက်ရေးကို များစွာအထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သတင်းရရှိ သည်။ အင်းလေးဒေသ၌ ဇီဝအဝန်းနယ်မြေ ဖွဲ့စည်းတည်ထောင်ရာတွင် အပြည်ပြည်ဆိုင်ရာစံများနှင့် အညီ ဗဟိုဇုံ(Core Zone)၊ ကြားခံဇုံ(Buffer Zone) နှင့် အသွင်ကူးပြောင်းရေးဇုံ(Transition Zone) ဟူ၍ ဇုံများခွဲခြားစီမံခန့်ခွဲသွားမည်ဖြစ်သည်။ ဗဟိုဇုံအား သဘာဝအနေအထားပျက်ယွင်း မှုမရှိအောင် စီမံထိန်းသိမ်းသွားမည်ဖြစ်ပြီး၊ ကြားခံဇုံနှင့် အသွင်ကူးပြောင်းဇုံများတွင်မူ လူမှု စီးပွားရေးဖွံ့ဖြိုးရေးလုပ်ငန်းများကို သဘာဝပတ်ဝန်းကျင်နှင့် ဟန်ချက်ညီအောင် ဆောင်ရွက် သွားနိုင်မည်ဖြစ်သည်။ အင်းလေးဒေသအား မြန်မာနိုင်ငံ၏ပထမဆုံး ဇီဝအဝန်းနယ်မြေ တည် ထောင်နိုင်ခြင်းဖြင့် မြန်မာနိုင်ငံ၏ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ပုံရိပ်ကို မြှင့်တင် နိုင်မည်ဖြစ်ပြီး အင်းလေးဒေသ၏ ယဉ်ကျေးမှုနှင့် ရှေးဟောင်းအမွေအနှစ်များ ရေရှည်တည်တံ့ စေရန်နှင့် အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှု အထောက်အကူပြုလုပ်ငန်းစဉ်ဖြစ်သည့် သဘာဝအခြေခံ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးလာစေရန်လည်း ဆောင်ရွက်နိုင်မည်ဖြစ်သည်။ ဇီဝအဝန်းနယ်မြေ တည်ထောင်ရာတွင် ဒေသခံပြည်သူများ၏ လက်ရှိနေထိုင် အသက်မွေးဝမ်းကြောင်းမှုလုပ်ငန်း များနှင့် လက်ရှိရရှိထားသည့် မြေအသုံးချမှုဆိုင်ရာ အခွင့်အရေးအပေါ် ကန့်သတ်ခြင်း၊ ပိတ်ပင် ခြင်းမရှိဘဲ ဒေသခံများ၏ လူမှုစီးပွားပိုမိုဖွံ့ဖြိုးတိုးတက်ရေးနှင့် သဘာဝပတ်ဝန်းကျင်အခြေအနေ တိုးတက်ကောင်းမွန်ရေးကို နိုင်ငံတကာမှ အဖွဲ့အစည်းများ၊ ပညာရှင်များနှင့် ပူးပေါင်းဆောင် ရွက်နိုင်မည်ဖြစ်ကြောင်း သိရှိရသည်။