ပြည်သူတို့၏လူမှုအကျိုးစီးပွားလိုအပ်ချက်များဖြည့်ဆည်းနိုင်ရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရန် ဒုတိယဝန်ကြီး ကွင်းဆင်းဆောင်ရွက် မတ် ၁၀ ၊ နေပြည်တော်

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနသည် ပြည်သူလူထုဗဟိုပြု သစ်တောစီမံ အုပ်ချုပ်လုပ်ကိုင်မှု လုပ်ငန်းများဖြင့် ဒေသခံပြည်သူလူထုတို့၏ လူမှုစီးပွားရေးဘဝကို သဘာဝပတ်ဝန်း ကျင်နှင့် ဟန်ချက်ညီ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အနာဂတ်ပတ်ဝန်းကျင် အမွေကောင်းများ လက်ဆင့်ကမ်း နိုင်ရန် ရည်ရွယ်လျက် ပြည်သူများ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ဆောင်ရွက်သော ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းများ တည်ထောင်ပေးလျက်ရှိသည်။ ဒေသခံပြည်သူများက သစ်တောများ၏ လူမှုစီးပွား ရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအရ အရေးပါပုံကို သိရှိစေရန် တိုးချဲ့ပညာပေးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသကဲ့သို့ ဒေသခံပြည်သူများနှင့် စဉ်ဆက်မပြတ်ထိတွေ့ဆောင်ရွက်နေသည့် ဝန်ထမ်းများ ၏ စွမ်းဆောင်ရည်တိုးတက်စေရန် လေ့ကျင့်ပညာပေးရေးလုပ်ငန်းများလည်း စဉ်ဆက်မပြတ်ဆောင်ရွက် လျက်ရှိသည်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးမြင့်မောင်သည် သစ်တောဦးစီးဌာန၊ မြန်မာ့သစ်လုပ်ငန်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ လိုက်ပါလျက် ရှမ်းပြည်နယ်၊ အင်းလေးဒေသအတွင်း ရေဝေရေလဲဧရိယာ ထိန်းသိမ်းဆောင်ရွက်မှု အခြေအနေ၊ ပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်မှုအခြေအနေ တို့ကို ကြည့်ရှုစစ်ဆေး၍ အင်းလေးဒေသ အတွင်းရှိ လွယ်ငြိမ့်ကျေးရွာနှင့် ကလောမြို့နယ်၊ မြင်းကကျေးရွာများ၌ အစုအဖွဲ့ပိုင် သစ်တောလုပ်ငန်း ဆောင်ရွက်နေကြသည့် ဒေသခံပြည်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ ခဲ့ကြောင်းသတင်းရရှိသည်။ ဒုတိယဝန်ကြီးသည် မတ်လ (၇) ရက်နေ့တွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ သစ်တောဦးစီးဌာန၊ စုဝေးခန်းမတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနနှင့် လုပ်ငန်းဌာနများမှ ဝန်ထမ်းများနှင့် တွေ့ဆုံ၍ နိုင်ငံတော်၏မူဝါဒ၊ ဝန်ကြီးဌာန၏လုပ်ငန်းစဉ်၊ လုပ်ငန်း/ဌာန၏ ရည်မှန်းချက်၊ ဝန်ထမ်းအဆင့်ဆင့်၏တာဝန်ဝတ္တရားနှင့် ပြောင်းလဲနေသည့် ခေတ်စနစ် နှင့် လျော်ညီစွာ Mindset ပြောင်းလဲဆောင်ရွက်ရန်နှင့် တာဝန်သိမှု၊ တာဝန်ယူမှု၊ ပေါင်းစပ်ညှိနှိုင်းမှု ကောင်းစွာဖြင့် လုပ်ငန်းတာဝန်များအား အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှုတို့ အပေါ် ရှင်းလင်းဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိသည်။ မတ်လ(၈)ရက်နေ့တွင် ဒုတိယဝန်ကြီးသည် သစ်တောဦးစီးဌာန၊ မြန်မာ့သစ်လုပ်ငန်း၊ ပတ်ဝန်းကျင်ထိန်း သိမ်းရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများလိုက်ပါလျက် အင်းလေးဒေသအတွင်း ရေပျော်ငှက်များ ရှင်သန်ကျက်စားမှုအခြေအနေ၊ ရေဝေရေလဲဧရိယာ ထိန်းသိမ်းဆောင်ရွက်မှုအခြေအနေ၊ ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်မှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေး၍ အင်းလေးကန်ဒေသတွင် လူနှင့် သဘာဝ ကြောင့် ဖြစ်ပေါ်လာသည့် ပတ်ဝန်းကျင်ထိခိုက်မှု၊ ဂေဟစနစ်ယိုယွင်းမှုနှင့် ဇီဝမျိုးစုံမျိုးကွဲများ ပျက်စီး ဆုံးရှုံးမှုတို့မှ လျော့နည်းသက်သာစေရန်အတွက် ဇီဝအဝန်းနယ်မြေ သတ်မှတ်အကောင်အထည်ဖော်ရာတွင် ဒေသခံပြည်သူလူထုအပါအဝင် အင်းလေးကန်ဒေသရှိ အကျိုးဆက်စပ်ပတ်သက်သူများက လုပ်ငန်းစဉ် အား ကြိုတင်သိရှိနားလည်ပြီး လိုလိုလားလားပါဝင်ဆောင်ရွက်နိုင်ရေးအတွက် ကြိုတင်ညှိနှိုင်းရန် ဆွေး နွေးမှာ ကြားခဲ့ကြောင်း သိရသည်။ ဆက်လက်၍ ဒုတိယဝန်ကြီးသည် အင်းလေးဒေသ၊ လွယ်ငြိမ့် ကျေးရွာ၌ အစုအဖွဲ့ပိုင်သစ်တောလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ အစုအဖွဲ့ပိုင်သစ်တော တည်ထောင်ထိန်းသိမ်းဆောင်ရွက်ရသည့် အကြောင်းအရင်း၊ ရရှိသည့် အကျိုး ကျေးဇူးနှင့် စဉ်ဆက်မပြတ်ထိန်းသိမ်း ဆောင်ရွက်ရန်တို့အပေါ် ရှင်းလင်းဆွေးနွေးမှာကြား၍ ဒေသခံ ပြည်သူများမှ တင်ပြချက်များအပေါ် ညှိနှိုင်းစီမံဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။ မတ်လ(၉)ရက်နေ့တွင် ဒုတိယဝန်ကြီးသည် အင်းလေးဒေသ၊ ညောင်ရွှေမြို.နယ်၌ ကျင်းပပြုလုပ်သည့် အင်းလေးကန် ဇီဝအဝန်းနယ်မြေစီမံအုပ်ချုပ်မှု စွမ်းဆောင်ရည်မြှင့်တင်ခြင်းဆိုင်ရာ ဆက်စပ်ပတ်သက်သူ များ၏ ပထမအကြိမ်အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရာက်၍ အဖွင့်အမှာစကားပြောကြားခဲ့ကြောင်းသိရသည်။ ဆက်လက်၍ ဒုတိယဝန်ကြီးသည် ကလောမြို့နယ်၊ မြင်းကကျေးရွာ ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တော လုပ်ငန်းဆောင်ရွက်လျက်ရှိသည့် ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ စိုက်ပျိုးရေးလုပ်ငန်းအတွက်သာမက ဇီဝမျိုးစုံမျိုးကွဲများရေရှည်တည်တံ့ရေး၊ ဂေဟစနစ်တည်ငြိမ်ရေးနှင့် အနာဂတ်မျိုးဆက်သစ်များအတွက် ပတ်ဝန်းကျင်အခြေခံကောင်းများကို လက်ဆင့်ကမ်းနိုင်ရေးအတွက် ရေအရင်းအမြစ်များအားထိန်းသိမ်း ရန်နှင့် သန့်ရှင်းသောသောက်သုံးရေဖူလုံစေရေး၊ ရေထွက်များခမ်းခြောက်မှုမရှိစေရေးနှင့် စိုက်ပျိုးမြေများ မြေဆီလွှာတိုက်စားဆုံးရှုံးမှုမှ ကာကွယ်ရေးအတွက် သစ်တောများထိန်းသိမ်းရန် လိုအပ်ကြောင်းတို့ကို ဆွေးနွေးမှာကြား၍ ဒေသခံပြည်သူများ၏ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း စီမံဆောင်ရွက်ပေးခဲ့ ကြောင်း သတင်းရရှိသည်။