ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ သက်သက်ဇင်အား မဟာမဲခေါင်ဒေသခွဲပတ်ဝန်းကျင်ထိန်းသိမ်းရေးပင်မ အစီအစဉ်၏ နှစ်ဝက်ကာလစိစစ်သုံးသပ်ရေးမစ်ရှင်မှ Mr. Santh Ranawana ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့လာရောက်တွေ့ဆုံ (နေပြည်တော်၊၁၂)

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသက်သက်ဇင်သည် မဟာမဲခေါင်ဒေသခွဲ ပတ်ဝန်းကျင်ထိန်းသိမ်းရေးပင်မ အစီအစဉ်၏ နှစ်ဝက်ကာလ စိစစ်သုံးသပ်ရေးမစ်ရှင်မှ Mr. Santh Ranawana ဦးဆောင်သည့်အဖွဲ့အား ယနေ့ ၁၂-၃-၂၀၁၅ ရက်နေ့၊ မွန်းလွဲ ၂:၀၀ နာရီတွင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံဆွေးနွေးသည်။
ဆွေးနွေးပွဲသို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးနေအေး၊ မြေတိုင်းဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန်းလှိုင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ထို့သို့ တွေ့ဆုံဆွေးနွေးရာတွင် ၂၀၁၂ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသည့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးပင်မအစီအစဉ်(အပိုင်း ၂) အရ ပတ်ဝန်းကျင်ဆိုင်ရာစီမံချက်၊လုံခြုံစိတ်ချရမှုနှင့်စောင့်ကြည့်လေ့လာခြင်း (Environmental Planning, Safeguards and Monitoring) လုပ်ငန်းများအတွက် ပတ်ဝန်းကျင် ထိခိုက်မှုဆန်းစစ်ခြင်း လုပ်ထုံးလုပ်နည်းများ၊ နည်းပညာဆိုင်ရာနှင့် ပတ်ဝန်းကျင် အရည်အသွေးဆိုင်ရာ ညွှန်ကြားချက်များ ရေးဆွဲနေမှု အခြေအနေ၊ မြန်မာပတ်ဝန်းကျင် သတင်းအချက်အလက်စနစ် တည်ထောင်ထားမှု အခြေအနေတို့ကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။
၂၀၁၇ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ ဆောင်ရွက်မည့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပင်မအစီအစဉ် (အပိုင်း ၃)တွင် ရာသီဥတုပြောင်းလဲမှုဆိုင်ရာလုပ်ငန်းများ၊ ဆင်းရဲ နွမ်းပါးမှုပပျောက်ရေးနှင့် အမျိုးသမီးများတန်းတူ အခွင့်အလမ်းရရှိရေး ကဏ္ဍများနှင့် ပတ်သက်သည့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများကို ထည့်သွင်းဆောင်ရွက်သွား ရန်ရှိကြောင်း သတင်းရရှိသည်။