ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းအား ဖင်လန်နိုင်ငံ၊ အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ဝန်ကြီး H.E Ms. Sirpa Paatero ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ လာရောက်တွေ့ဆုံဆွေးနွေး(နေပြည်တော်၊ ၁၈-၃−၂၀၁၅)

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းသည် ဖင်လန်နိုင်ငံ၊ အပြည်ပြည်ဆိုင်ရာဖွံဖြိုးတိုးတက်ရေးဝန်ကြီးဌာန ဝန်ကြီး H.E. Ms. Sirpa Paatero ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ ၁၈-၃-၂၀၁၅ ရက်နေ့၊ နံနက် ၀၉:၃၀ နာရီတွင် ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံ ဆွေးနွေးသည်။ ဖင်လန်နိုင်ငံ၊ အပြည်ပြည်ဆိုင်ရာဖွံဖြိုးတိုးတက်ရေးဝန်ကြီးဌာန ဝန်ကြီးနှင့်အတူ နိုင်ငံခြားရေးဝန်ကြီးဌာန အစိုးရအဖွဲ့အကြီးအကဲနှင့် သံတမန်ရေးရာ အကြံပေး Mr. Claus-Jerker Lindroos ၊ မြန်မာနိုင်ငံဆိုင်ရာ ဖင်လန်နိုင်ငံ သံအမတ်ကြီး Ms. Kristi Westphalen ၊ ရန်ကုန်မြို့ရှိ ဖင်လန်နိုင်ငံသံရုံးယာယီတာဝန်ခံနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ ဆွေးနွေးပွဲသို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးမြင့်မောင်နှင် ဒေါက်တာသက်သက်ဇင်၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးနေအေး၊ မြေတိုင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန်းလှိုင် နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ တွေ့ဆုံဆွေးနွေးရာတွင် မြန်မာနိုင်ငံ သစ်တောထိန်းသိမ်းရေးနှင့်ပတ်သက်၍ မြန်မာ့ရွေးချယ်ခုတ်လှဲမှုစနစ် (Myanmar Selection System) ဖြင့် သစ်တောများကို စီမံအုပ်ချုပ်မှုအခြေအနေ၊ သစ်တောဥပဒေနှင့် တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များ ကာကွယ်ရေးနှင့် သဘာဝနယ်မြေများ ထိန်းသိမ်းရေးဥပဒေများ ပြဌာန်းထားရှိခဲ့မှုနှင့် ခေတ်ကာလပြောင်းလဲလာမှုနှင့်အတူ သစ်တောသယံဇာတများနှင့် ဇီဝမျိုးစုံမျိုးကွဲများကို ထိထိရောက်ရောက် ထိန်းသိမ်းကာကွယ်သွားနိုင်ရေးနှင့် ဥပဒေ၏ အာဏာ သက်ရောက် မှု ကောင်းမွန်စေရေးအတွက် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများကို ပြင်ဆင်ရေးဆွဲနေမှု အခြေအနေ၊ အမျိုးသားသစ်တောကဏ္ဍ နှစ် ၃၀ ပင်မစီမံကိန်း (National Forest Master Plan) ပါ လျာထားချက်များနှင့်အညီ အမြဲတမ်း သစ်တောနယ်မြေများ၊ သဘာဝနယ်မြေများ ဖွဲ့စည်း သတ်မှတ်ရေးအပါအဝင် သစ်တောကဏ္ဍ ဖွံ့ဖြိုးတိုးတက် ရေး လုပ်ငန်းအစီအစဉ်များ အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေ၊ သစ်တောသယံဇာတ အရင်းအမြစ်များ ရေရှည်တည်တံ့ရေးအတွက် အစိုးရနှင့် ပုဂ္ဂလိက လုပ်ငန်းရှင်များ ပူးပေါင်း၍ Private-Public Partnership အသွင်ဖြင့် အကျိုးတူ သစ်တောစီမံအုပ်ချုပ်မှု (Joint Forest Management) လုပ်ငန်း အကောင်အထည်ဖော်သွားနိုင်ရန် စီစဉ်ဆောင်ရွက်နေမှု၊ ၂၀၁၄ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှ စ၍ ပြည်ပသို့ သစ်အလုံးလိုက်တင်ပို့မှု ရပ်ဆိုင်းပြီး သစ်တောများမှ အမှန်တကယ် ထွက်ရှိနိုင်မှု ဖြစ်သော နှစ်စဉ်တောထွက် (Annual Allowable Cut - AAC) သတ်မှတ်ချက် ဘောင်အတွင်းမှ သစ်ခုတ်လှဲထုတ်လုပ်နေသည့် အစီအမံများနှင့် သစ်အခြေခံစက်မှု လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီစဉ်ဆောင်ရွက်နေမှုများ၊ ပြည်တွင်းနှင့် နယ်စပ် ဒေသ သစ်ခိုးထုတ်မှုများကို ဖြေရှင်းဆောင်ရွက်နေမှု အပါအဝင် သစ်တောသယံဇာတ အရင်းအမြစ်များ ထိန်းသိမ်းကာကွယ်ရေးနှင့် ပြည်တွင်း သစ်အခြေခံစက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် တွေ့ကြုံနေရသည့် စိန်ခေါ်မှုများနှင့် ဖြေရှင်းဆောင်ရွက်နေ မှုများ၊ UN-REDD ၊ ASEAN Forestry Cooperation - AFoCo နှင့် နော်ဝေ နိုင်ငံအစိုးရတို့နှင့် ပူးပေါင်း၍ သစ်တောများ ပြုန်းတီးခြင်းမှ ကာဗွန်ထုတ်လွှတ်မှု လျော့နည်းစေရေးဆိုင်ရာ လုပ်ငန်းအစီအစဉ်များ (REDD+ Country Programme)၊ EU နှင့် ပူးပေါင်း၍ Forest Law Enforcement, Governance and Trade - FLEGT, Voluntary Partnership Agreement - VPA အစီအစဉ်ဖြင့် မြန်မာနိုင်ငံမှ သစ်များကို နိုင်ငံတကာ သစ်ဈေးကွက်တွင် တရားဝင်သစ် (Certified Timber) အဖြစ် ရောင်းဝယ်ဖောက်ကားနိုင်ရေးအတွက်ဆောင်ရွက်နေမှု အပါအဝင် သစ်တောကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှုများ၊ မြန်မာနိုင်ငံတွင် သစ်တောကဏ္ဍတွင် ဖင်လန် နိုင်ငံ ပုဂ္ဂလိကလုပ်ငန်းရှင်များမှ ရင်းနှီးမြှုပ်နှံလုပ်ကိုင်ဆောင်ရွက်ဆောင်ရွက်နိုင်မည့် အခြေအနေနှင့် အလားအလာများနှင့်ပတ်သက်၍ ဆွေးနွေးကြသည်။ ဆက်လက်၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်ပတ်သက်၍ နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်ရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို ဟန်ချက်ညီညီ အကောင်အထည် ဖော်သွားနိုင်ရေးအတွက် အမျိုးသားပတ်ဝန်းကျင်မူဝါဒ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဥပဒေ၊ နည်းဥပဒေများ ပြဌာန်းထားရှိမှု၊ ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း (Environment Impact Assessment - EIA) ဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့် ပတ်ဝန်းကျင် အရည်အသွေး စံချိန်စံညွှန်းများ ပြဌာန်းနိုင်ရေးအတွက် ဆောင်ရွက်မှု အခြေအနေများ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို အလေးပေး ဆောင်ရွက်သွားနိုင်ရေး အတွက် အဖွဲ့အစည်း ခိုင်မာတောင့်တင်းရေးဆိုင်ရာ ဆောင်ရွက်နေမှုအခြေအနေ၊ မြန်မာ ၂၁ ရာစု အစီအစဉ် (Myanmar Agenda 21) ၊ အမျိုးသား စဉ်ဆတ်မပြတ် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ မဟာဗျူဟာ၊ National Adaptation Programme of Action - NAPA ၊ Myanmar Climate Change Alliance - MCCA အပါအဝင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးအစီအစဉ်များ ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက် ထားရှိမှုအခြေအနေများ၊ World Bank ၊ ADB ၊ JICA အစရှိသည့် နိုင်ငံတကာ အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်း အစီအစဉ်များ အကောင်အထည်ဖော်မှုအခြေအနေ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းစဉ်များ ထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်ရေး အတွက် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေး၊ အဖွဲ့အစည်းဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင် ရေးအစီအမံများအပါအဝင် ဖင်လန်နိုင်ငံနှင့် မြန်မာနိုင်ငံ နှစ်နိုင်ငံအကြား ပူးပေါင်း ဆောင်ရွက်နိုင်မည့် နယ်ပယ်များနှင့်ပတ်သက်၍ ရင်းရင်းနှီးနှီး ဆွေးနွေးကြကြောင်း သတင်းရရှိသည်။