ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းအား တရုတ်ပြည်သူ့သမ္မတနိုင်ငံ World Agroforestry Centre (ICRAF-EAC)၊ ကူမင်းရုက္ခဗေဒဌာန မှ ပါမောက္ခ Dr. Dietrich Schmidt-Vogt လာရောက်တွေ့ဆုံသည့်သတင်း ( ၁၉ -၃-၂၀၁၅)

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းအား တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကမ္ဘာ့သီးနှံသစ်တောရောနှောစိုက်ပျိုးရေးဌာန (World Agroforestry Centre (ICRAF-EAC)၊ ကူမင်းရုက္ခဗေဒဌာနမှ ပါမောက္ခ Dr. Dietrich Schmidt-Vogt မှ ယနေ့ နေ့လည် ၁၄:၀၀ နာရီတွင် နေပြည်တော်ရှိ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လာရောက် တွေ့ဆုံပါသည်။ ထိုသို့တွေ့ဆုံရာတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီး ဦးအေးမြင့်မောင်၊ ဒုတိယဝန်ကြီး ဒေါက်တာသက်သက်ဇင်၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးနေအေး နှင့် မြေတိုင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန်းလှိုင်တို့ တက်ရောက်ကြသည်။ အဆိုပါဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ ဝေးလံသောဒေသများတွင် ရွှေ့ပြောင်းတောင်ယာ လုပ်ကိုင်ခြင်းကို အသက်မွေးဝမ်းကျောင်းလုပ်ငန်းအဖြစ် ကချင်၊ ကယား၊ ကရင်၊ ချင်းနှင့် ရှမ်း ပြည်နယ်ကဲ့သို့သောကုန်းမြင့်ဒေသများတွင်နေထိုင်သော တိုင်းရင်းသားလူနည်းစုများမှ အများဆုံး လုပ်ကိုင် ဆောင်ရွက်လျက် ရှိကြောင်း၊ ရွှေ့ပြောင်းတောင်ယာစနစ်ကို သီးနှံသစ်တောရောနှော စိုက်ပျိုးသည့်စနစ်သို့ ပြောင်းလဲ နိုင်ရေးအတွက် ဒေသခံတို့၏ စွမ်းဆောင်ရည်မြှင့်တင်ရန်၊ သီးနှံသစ်တောရောနှော စိုက်ပျိုးခြင်း စနစ်ထူထောင်ခြင်းဖြင့်ရေရှည်တွင် ရေ၊ မြေ၊ တော၊ တောင်မပျက်စီးဘဲဒေသခံတို့အတွက် စားဝတ် နေရေးဖူလုံစေရန် ရည်ရွယ်ချက်ဖြင့် မြန်မာနိုင်ငံ၊ ကုန်းမြင့်ဒေသများတွင် ရွှေ့ပြောင်းတောင်ယာ စနစ်မှ သီးနှံသစ်တောရောနှောစိုက်ပျိုးရေးသို့ ပြောင်းလဲစိုက်ပျိုးခြင်း စီမံကိန်းကို ရှမ်းပြည်နယ် နှင့် ချင်းပြည်နယ်တို့တွင် အကောင်အထည်ဖော် ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ မြို့ပြကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများ ဆောင်ရွက်ရာ၌ ပြည်သူလူထုတို့၏ စားဝတ်နေရေး၊ လူမှုစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန်အတွက် ထိရောက်အောင်မြင်စွာ ဆောင်ရွက် ပေးရန် သစ်တောကြိုးဝိုင်းတောနှင့် ကြိုးပြင်ကာကွယ်တောများအတွင်း နှစ်ကာလအတိုင်း အတာတစ်ခုအထိ တရား မဝင်ကျူးကျော် အခြေချနေထိုင်သည့် ရွာစုနှင့်အိမ်ထောင်စုများအား စာရင်းဇယားကောက်ယူပြီး၊ ကျေးရွာသစ်များ ပြန်လည်ဖွဲ့စည်း နေရာချ ထားပေးနိုင်ရေးအတွက် စီမံချက်ရေးဆွဲပြီး သက်ဆိုင်ရာဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း ၊ စားနပ်ရိက္ခာဖူလုံမှုကို အဓိကဦးတည်၍ မြေအသုံးချမှုများ ပြောင်းလဲနေသည့်ကာလတွင် ရွှေ့ပြောင်းတောင်ယာ လုပ်ကိုင်နေသည့် တောင်သူလယ်သမားများအတွက် ထာဝစဉ်တည်တံ့စေ သော အသက်မွေးဝမ်းကျောင်းဆိုင်ရာ ရွေးချယ်မှုများ ထောက်ပံ့ပေးနိုင်စေရန် မြန်မာနိုင်ငံတွင် ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းများနှင့်ပတ်သက်၍ ဆောင်ရွက်လျက်ရှိသည်ကို ဆွေးနွေးကြကြောင်း သတင်းရရှိသည်။