၂၀၁၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာသစ်တောများနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပခြင်းသတင်း (၂၁-၃-၂၀၁၅)

၂၀၁၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာသစ်တောများနေ့ အထိမ်းအမှတ်အခမ်းအနားကို ပတ်ဝန်း ကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန သစ်တောဦးစီးရုံးချုပ်၊ အင်ကြင်းခန်းမ၊ နေပြည်တော်၌ ယနေ့ (၂၁-၃-၂၀၁၅)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီတွင် ကျင်းပပြုလုပ်ရာ ပတ်ဝန်း ကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်း တက်ရောက် အမှာစကားမြွက်ကြားပါသည်။ အဆိုပါ အခမ်းအနားသို့ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမြင့်လှိုင်၊ သတ္ထုတွင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်အောင် အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အရာရှိကြီးများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ ဌာနေကိုယ်စားလှယ်များ၊ ဆုရရှိကြသူများနှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းမှ အမှာစကားပြောကြားရာတွင် ၂၀၁၅ ခုနှစ်၊ မတ်လ (၂၁)ရက်နေ့၊ အပြည်ပြည် ဆိုင်ရာ သစ်တောများနေ့ (International Day of Forests) အထိမ်းအမှတ် အခမ်းအနား ၏အဓိက ဆောင်ပုဒ်မှာ“သစ်တော၊ ရာသီဥတု၊ ပြောင်းလဲမှု (Forests, Climate, Change)” ဖြစ်ပါကြောင်း၊ ကမ္ဘာ့လူဦးရေသန်းပေါင်း ၁၆၀၀ ကျော်သည် သစ်တောများအပေါ် မှီခိုနေထိုင်ကြပြီး ဇီဝမျိုးစုံမျိုးကွဲ ၈၀ ရာခိုင်နှုန်းကျော်၏ နေရင်းဒေသဖြစ်ပါကြောင်း၊ ကမ္ဘာ့ရေချိုပမာဏ စုစုပေါင်း ၏ ၇၅ ရာခိုင်နှုန်းမှာ ရေဝေရေလဲသစ်တောများမှ အထောက်အပံ့ပေးလျက်ရှိပါကြောင်း၊ ရာသီ ဥတုမျှတစေရန် လေထုအတွင်းရှိ အောက်ဆီဂျင်၊ ကာဗွန်ဒိုင်အောက်ဆိုဒ်နှင့် ရေငွေ့စိုထိုင်းဆ များကို အချိုးညီမျှစေရန် ပေါင်းစပ်ညှိနှိုင်းပေးပါကြောင်း၊ သစ်တောအမျိုးအစားများအားလုံး ထိန်းသိမ်းရန်နှင့်စီမံအုပ်ချုပ်ရန်၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရန်နှင့် နိုင်ငံရေးကတိကဝတ်များ အကောင်အထည်ဖေါ် ဆောင်ရွက်နိုင်ရန်အတွက် ကုလသမဂ္ဂ သစ်တောဖိုရမ် (United Nations Forum on Forest-UNFF) ကို ၂၀၀၀ ပြည့်နှစ်မှာ ကုလသမဂ္ဂ စီးပွားရေးနှင့် လူမှုရေးကောင်စီ (United Nations Economic and Social Council- ECOSOC) အောက်မှာတွင်တည်ထောင် ခဲ့ပါကြောင်း၊ ကုလသမဂ္ဂသစ်တောဖိုရမ်အနေနှင့် ဆောင်ရွက်ခဲ့သည့် ထင်ရှားသည့်လုပ်ငန်းစဉ်များမှာ ၂၀၀၆ ခုနှစ်တွင် ကမ္ဘာလုံးဆိုင်ရာ သစ်တောရည်ရွယ်ချက်များ (Global Objectives on Forests) ချမှတ်နိုင်ခဲ့ခြင်း၊ ၂၀၀၇ ခုနှစ်တွင် သစ်တောအမျိုးအစားအားလုံးအတွက် ဥပဒေအရ ချည်နှောင် ထားခြင်းမရှိသော သစ်တောလုပ်ငန်းစဉ်များ(Non-legally Binding Forest Instruments) ချမှတ်နိုင်ခဲ့ခြင်း၊ ၂၀၁၁ ခုနှစ်အား အပြည်ပြည်ဆိုင်ရာ သစ်တောများနှစ် (International Year of Forests) သတ်မှတ်နိုင်ခဲ့ခြင်းနှင့် နှစ်စဉ် မတ်လ (၂၁) ရက်နေ့ကိုအပြည်ပြည်ဆိုင်ရာ သစ်တော များနေ့ (International Day of Forests) အဖြစ် သတ်မှတ်နိုင်ခဲ့ခြင်းတို့ ဖြစ်ပါကြောင်း၊ လူဦးရေ တိုးတက်များပြားလာသည်နှင့်အမျှ မြေထု၊ ရေထု၊ လေထုနှင့်တကွ သဘာ၀သယံ ဇာတပစ္စည်းများကို ထုတ်ယူသုံးစွဲမှုမှာလည်း တစ်နှစ်ထက်တစ်နှစ် ပိုမိုများပြားလာခဲ့ပြီး၊ ယနေ့ အချိန်တွင် ကမ္ဘာကြီးပူနွေးလာမှု၊ မြေထု၊ ရေထု၊ လေထုများညစ်ညမ်းလာမှု၊ ကမ္ဘာ့အိုဇုန်းလွှာ ပျက်စီးယိုယွင်းလာမှု၊ ကမ္ဘာ့ရာသီဥတုပြောင်းလဲလာမှု၊ ဇီ၀မျိုးစုံမျိုးကွဲများနှင့် ဂေဟစနစ်များ ယိုယွင်းပျက်စီးလာမှုနှင့်အတူ သဘာ၀ဘေးအန္တရာယ်များ မကြာခဏ ကျရောက်ခြင်း စသည့် ပတ်၀န်းကျင်ဆိုင်ရာပြဿနာများနှင့် ရင်ဆိုင်ကြုံတွေ့လျက်ရှိပါကြောင်း၊ ကမ္ဘာ့သစ်တောသယံဇာတ အခြေအနေများနှင့် ပတ်သက်ပြီး ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ကထုတ်ပြန်ခဲ့သည့်၂၀၁၀ ခုနှစ် သစ်တောသယံဇာတ လေ့လာဆန်းစစ်မှု အစီရင်ခံ စာတွင် ဖေါ်ပြချက်အရ ကမ္ဘာ့သစ်တောသယံဇာတများသည် ၂၀၀၅ ခုနှစ်နှင့် ၂၀၁၀ ခုနှစ်ကြား တွင် ဟက်တာ ၅.၅ သန်း ပြုန်းတီးခဲ့သည်ကို လေ့လာတွေ့ရှိရမှာဖြစ်ပါကြောင်း၊ ကမ္ဘာ တဝှမ်း သစ်တောပြုန်းတီးမှုသည်နှစ်စဉ်ပျမ်းမျှ ဟက်တာ ၁၃ သန်းကျော်ရှိသည်ကို လေ့လာတွေ့ရှိရ မှာဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ သစ်တောပြုန်းတီးမှုနှုန်းကို ပြန်လည်ဆန်းစစ်ကြည့်မည် ဆိုပါက ၁၉၉၀ခုနှစ်မှ၂၀၁၀ခုနှစ်အထိ အနှစ်၂၀အတွင်း နှစ်စဉ် နိုင်ငံဧရိယာ၏ ၀.၅၅ ရာခိုင်နှုန်း ရှိခဲ့သည်ကို လေ့လာတွေ့ရှိရပါကြောင်း၊ မကြာသေးမီကထုတ်ပြန်ခဲ့သည့် IPCC ၏ ၂၀၁၄ ခုနှစ် ရာသီတုပြောင်းလဲမှု အစီရင်ခံစာ အရ ရာသီဥတုပြောင်းလဲမှု လျှော့ချနိုင်ရေးအတွက် ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုကို ပမာဏများစွာကို စဉ်ဆက်မပြတ် လျှော့ချရန် လိုအပ်သည်ဟု” ဖေါ်ပြထားပါကြောင်း၊ ၂၀၁၄ ခုနှစ် စက်တင်ဘာလ ၂၃ ရက်နေ့က အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် ကမ္ဘာ့ ကုလသမဂ္ဂက ကြီးမှူးကျင်းပခဲ့သည့် ရာသီဥတုပြောင်းလဲမှု ထိပ်သီးဆွေးနွေးပွဲ (၂၀၁၄)တွင် သစ်တောကဏ္ဍနှင့်ပတ်သက်ပြီး သီးခြားဆွေးနွေးခဲ့ကြပြီး သစ်တောများဆိုင်ရာ နယူးယောက် ကြေငြာချက် (New York Declaration on Forests) ကို ထုတ်ပြန်ခဲ့ပါကြောင်း၊ အဆိုပါကြေငြာချက်တွင် “ကမ္ဘာ့အပူချိန် ၂ ဒီဂရီ ဆဲလ်ဆီးယပ် လျှော့ချနိုင်ရန်အတွက် ၂၀၂၀ ခုနှစ်တွင် သစ်တောပြုန်းတီးမှု ၅၀ ရာခိုင်နှုန်းအထိ လျှော့ချပြီး၊ ၂၀၃၀ ခုနှစ်မှာ သစ်တော ပြုန်းတီးမှု လုံးဝမရှိစေရေးရည်မှန်းပြီး ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ ၂၀၃၀ ခုနှစ်တွင် တောနိမ့်တောပျက် ဧရိယာဟက်တာသန်း ၃၅၀ ကိုသစ်တောစိုက်ခင်းအဖြစ် တည်ထောင်ပြီး ဖြစ် ရန် ဦးတည်ဆောင် ရွက်သွားမှာဖြစ်ကြောင်း၊ ၂၀၂၀ ကမ္ဘာ့ရာသီဥတုဆိုင်ရာ သဘောတူညီချက် ၏အစိတ်အပိုင်းအဖြစ် ထည့်သွင်းနိုင်ရေးအတွက် သစ်တောပြုန်းတီးမှုနှင့် သစ်တောအတန်း အစားကျဆင်းမှုမှ ကာဗွန်ထုတ်လွှတ်မှု လျှော့ချရေးလုပ်ငန်း (REDD+)ကို ၂၀၁၅ ခုနှစ်တွင် စတင် သဘောတူညီမှု ရယူဆောင်ရွက်ရန် ထုတ်ပြန်ကြေငြာခဲ့ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ၁၈၅၆ခုနှစ်ကတည်းက သစ်တောများကို စနစ်တကျ စီမံအုပ်ချုပ် လုပ်ကိုင်ခဲ့ပါကြောင်း၊ နှစ်(၃၀)(၂၀၀၁−၀၂မှ၂၀၃၀−၃၁)အမျိုးသားအဆင့်ပင်မစီမံကိန်းကို ရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် အုပ်ချုပ် မှုခရိုင်ပေါင်း ၆၃ခု ရှိပြီး ခရိုင်တစ်ခုစီမှာ သစ်တောအုပ်ချုပ်လုပ်ကိုင်မှု စီမံချက်တစ်ခုစီကို စနစ်တကျ ရေးဆွဲအကောင်အထည်ဖော်လျက်ရှိပါကြောင်း၊ သစ်တောများ ကိုစီမံအုပ်ချုပ်လုပ်ကိုင်ရာတွင်လည်း စဉ်ဆက်မပြတ် သစ်တောစီမံအုပ်ချုပ် မှု၏ နယ်ပယ် (၇)ခုဖြစ်သည့် သစ်တောဧရိယာတိုးချဲ့ဖွဲ့စည်းခြင်း၊ သစ်တောဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းခြင်း၊ သစ်တောများဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်ခြင်း၊ သစ်တောများ၏ထိန်းသိမ်း ကာကွယ်ရေးစွမ်းရည်များ၊ ထုတ်လုပ်မှုစွမ်းရည်များ၊ သစ်တောများ၏ လူမှုစီးပွားရေးစွမ်းရည် များတိုးပွားစေရန်ဆောင်ရွက်ခြင်းနှင့် ဥပဒေ၊ မူဝါဒနှင့် အဖွဲ့အစည်းမူဘောင်များစနစ်တကျ ရေးဆွဲခြင်း တို့ကို တစိုက်မတ်မတ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ သစ်တောသယံဇာတများ ထာဝစဉ်တည်တံ့စေရန်အတွက် ပြည်သူလူထုဗဟိုပြုသည့် သစ်တောစီမံအုပ်ချုပ်မှုစနစ်ကိုကျင့်သုံးပြီး စနစ်တကျ ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရမှာဖြစ် ပါကြောင်း၊ နိုင်ငံတော်၏ အစိမ်းရောင်စီးပွားရေးနှင့် အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှုရည်မှန်းချက်များနှင့် အညီသစ်တောကဏ္ဍတွင်လည်း သယံဇာတထုတ်လုပ်သည့် စီးပွားရေးလုပ်ငန်းများမှသည် ဂေဟ စနစ် ဝန်ဆောင်မှုစီးပွားရေးလုပ်ငန်းများအဖြစ် ပြုပြင်ပြောင်းလဲလျက်ရှိပါကြောင်း၊ ပတ်ဝန်းကျင် ထိခိုက်မှု အနည်းဆုံးနှင့် သစ်တောသယံဇာတနည်းနည်းသုံးပြီး အကျိုးအမြတ်များများ ရရှိစေမည့် အစိမ်းရောင် စီးပွားရေး လုပ်ငန်းများကို ဦးတည်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယနေ့ကျင်းပသည့် အပြည်ပြည်ဆိုင်ရာသစ်တောများနေ့ အခမ်းအနားတွင်ရာသီဥတု ပြောင်းလဲမှုလျော့ပါးသက်သာရေးအတွက် သစ်တောများ၏ ဘက်စုံကဏ္ဍစုံအရေးပါမှုကို ဖေါ်ညွှန်း မည့် ပညာရပ်ဆိုင်ရာစာတမ်းများဖတ်ကြားပြီး ဆွေးနွေးကြသလို ပြည်သူများအကြား သစ်တော ထိန်းသိမ်းရေးဆိုင်ရာ အသိအမြင်များတိုးပွားလာစေရန် အသိပညာပေးရေး၊ တိုးချဲ့ပညာပေးရေး လုပ်ငန်းများ၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးလုပ်ငန်းများကိုလည်း ကျယ်ကျယ် ပြန့်ပြန့်၊ တစိုက်မတ်မတ် ဆောင်ရွက်သွားရန်လိုအပ်ပါကြောင်း၊ ၂၁ ရာစုရဲ့ အကြီးမားဆုံးစိန်ခေါ်မှုဖြစ်သည့် ရာသီဥတုပြောင်းလဲမှုကိုရင်ဆိုင်ဖြေရှင်းနိုင် မည့် သစ်တောသစ်ပင်များ၏ အလွန်အရေးပါသည့် အခန်းကဏ္ဍကို ဆက်စပ်ပတ်သက်သူများ အားလုံး သိမြင်နားလည်သဘောပေါက်ပြီး အားလုံးပူးပေါင်းပါဝင်လာမှသာလျှင် သစ်တောထိန်း သိမ်းရေးလုပ်ငန်းများ အောင်မြင်မှာဖြစ်ပါကြောင်း၊ ဆက်စပ်ဌာနများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ မြို့ပြလူမှုအဖွဲ့အစည်းများ၊ ပုဂ္ဂလိက လုပ်ငန်းရှင်များအနေဖြင့်လည်း အပြည့်အဝပူးပေါင်းပါဝင် ဆောင်ရွက်ကြရမှာဖြစ် ကြောင်း၊ သစ်တောများသာမက သစ်တောဧရိယာပြင်ပမှာရှိသည့် သစ်ပင်များ(Trees outside Forests) ၏ အခန်းကဏ္ဍကိုလည်း အလေးပေးစဉ်းစားပြီး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ကြ ရမှာဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၊ ခရိုင်၊ မြို့နယ်နှင့် ကျေးလက်ဒေသများအထိ သစ်တော ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အသိပညာများ တိုးတက်ပြန့်ပွားပြီး ပြည်သူလူထု ပူးပေါင်းပါဝင်သည့် သစ်တောထိန်းသိမ်းရေးလုပ်ငန်းများ အရှိန်အဟုန်နှင့် ဖွံ့ဖြိုးလာလိမ့်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားခဲ့ပါသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးများမှ အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့ အထိမ်း အမှတ် အလွတ်တန်း ဆောင်းပါးပြိုင်ပွဲဆုရသူ(၅)ဦးနှင့် ဓာတ်ပုံပြိုင်ပွဲဆုရသူ(၆)ဦး၊ စုစုပေါင်း (၁၁)ဦးတို့အား ဆုချီမြှင့်ခဲ့ပြီး အပြည်ပြည်ဆိုင်ရာသစ်တောများနေ့ အထိမ်းအမှတ်စာတမ်း(၅) စောင်ကို သက်ဆိုင်ရာ ပညာရှင်များမှ ဖတ်ကြားဆွေးနွေးကြကြောင်းနှင့် အခမ်းအနားကို ညနေ (၃:၀၀)နာရီတွင် ရုတ်သိမ်းကြောင်း သတင်းရရှိပါသည်။