ဒီရေတောပြုစုထိန်းသိမ်းအသုံးချရေးလုပ်ငန်းများ၌ ဒေသခံ ပြည်သူများ ကိုယ်တိုင်ကိုယ်ကျပူးပေါင်းပါဝင်လာစေရေး ဒုတိယဝန်ကြီး တွေ့ဆုံအားပေး နေပြည်တော် ၊ မတ် ၂၇

ဒီရေတောများသည် ကုန်းတွင်းပိုင်းနှင့် အဏ္ဏဝါဂေဟစနစ်များ ဆက်စပ်၍ အပင်၊ တိရစ္ဆာန်နှင့် ဇီဝမျိုးစုံမျိုးကွဲများ ရှင်သန်ရပ်တည်ပေါက်ဖွားရာ နေရာဒေသဖြစ်ပြီး၊ သဘာဝဘေးအန္တရာယ်ကို တံတိုင်း သဖွယ် ကြံ့ကြံ့ခံ ကာကွယ်ပေးနိုင်ကြောင်း သိရသည်။ မြန်မာနိုင်ငံ၌ ဒီရေတောများကို ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီးနှင့်တနင်္သာရီတိုင်းဒေသကြီးတို့တွင် အများဆုံးတွေ့ကြရသည်။ ရန်ကုန်တိုင်းဒေသ ကြီး၌လည်း ပင်လယ်ကမ်းရိုးတန်းနှင့် ဆက်စပ်လျက်ရှိသည့် ကွမ်းခြံကုန်းမြို့နယ်၊ လက်ခုပ်ကုန်းဒေသတွင် တွေ့ရှိရသည်။ ဒီရေတောများသည် ဒေသခံပြည်သူများ၏ အခြေခံစားဝတ်နေရေး လိုအပ်ချက်များ ဖြည့်ဆည်းနိုင်သည့်အပြင် ၂၀၀၈ ခုနှစ်၊ နာဂစ်မုန်တိုင်း တိုက်ခတ်စဉ်အခါက ကမ်းရိုးတန်းနေ ဒေသခံ ပြည်သူများ၏ ဘဝရှင်သန်ရပ်တည်ရေးအတွက် အရေးပါကြောင်းပြသခဲ့သည်။ ပတ်ဝန်းကျင်ထိန်းသိမ်း ရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနသည် ဒေသခံပြည်သူများက မိမိတို့ဒေသ၊ မိမိတို့ဝန်းကျင်ရှိ ဒီရေတော ရေရှည်တည်တံ့စေရေး ပြုစုထိန်းသိမ်းခြင်းနှင့် စနစ်တကျ အသုံးချခြင်းတို့ကို ဟန်ချက်ညီစွာ ဖော်ဆောင် နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်းသိရှိသည်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးမြင့်မောင်သည် ဒီရေတောများ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဒီရေတောပြုစုထိန်းသိမ်းသုံးစွဲခြင်းလုပ်ငန်းများ၌ ဒေသခံပြည်သူများ ကိုယ်တိုင်ကိုယ်ကျ ပူးပေါင်းပါဝင်လာစေရေးအတွက် မတ်လ ၂၄ ရက်နေ့မှ ၂၆ ရက်နေ့တွင် လပွတ္တာမြို့နယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှိုင်ဦး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန၊ သစ်တောဦးစီးဌာနနှင့် မြန်မာ့သစ်လုပ်ငန်းတို့မှ တာဝန်ရှိပုဂ္ဂိုလ်များ လိုက်ပါလျက် လပွတ္တာမြို့နယ်၊ ဘိုကလေးမြို့နယ်များအတွင်းရှိ ကမ်းရိုးတန်းရှိ ကျေးရွာများနှင့် ရန်ကုန်တိုင်း ဒေသကြီး၊ ကွမ်းခြံကုန်းမြို့နယ်၊ လက်ခုပ်ကုန်းဒေသရှိ ကျေးရွာများသို့ သွားရောက်၍ ဒေသခံပြည်သူ အစုအဖွဲ့ပိုင်စိုက်ခင်းများ၊ ဌာနစိုက်ခင်းများနှင့် ပုဂ္ဂလိကပိုင်စိုက်ခင်းများအား ကြည့်ရှုစစ်ဆေးကာ ဒေသခံပြည်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံပြီး ဒီရေတောပြုစုထိန်းသိမ်းခြင်းနှင့် စနစ်တကျအသုံးချနိုင်ရန်၊ မကြာမီရောက်ရှိတော့မည့် မိုးရာသီကာလ၌ ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးအန္တရာယ်အား ကြိုတင် မျှော်တွေး၍ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနည်းလမ်းနှင့် အစီအမံများအား ကြိုတင်ဇာတ်တိုက် လေ့ကျင့်ထားရန်တို့အပေါ် ဆွေးနွေးမှာကြားခဲ့သည်။ လပွတ္တာမြို့နယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှိုင်ဦးကလည်း နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မဏ္ဍိုင်ကြီး(၃)ရပ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေမှုအား ရှင်းလင်းပြောကြား၍ ဒေသဖွံ့ဖြိုးရေး၊ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ် ရေးတို့နှင့် ပတ်သက်၍ ဆွေးနွေးမှာကြားခဲ့သည်။ ထို့အတူ ခရီးစဉ်တွင် လိုက်ပါသည့် ဌာနအသီးသီးမှ တာဝန်ရှိ ပုဂ္ဂိုလ်များကလည်း ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် ကဏ္ဍအလိုက် နိုင်ငံတော်အစိုးရက ကြိုးပမ်း ဆောင်ရွက် စီမံဖြည့်ဆည်းပေးနေမှုများအား ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသတင်းရရှိသည်။ ဒုတိယဝန်ကြီးသည် မတ်လ ၂၄ ရက်နေ့တွင် လပွတ္တာမြို့နယ်၊ ကွကွလေးကျေးရွာ တိုးချဲ့ ပညာပေး ရေးစခန်းသို့ရောက်ရှိ၍ ကွကွလေးကျေးရွာနှင့် လက်ပံကုန်းကျေးရွာတို့မှ ဒေသခံပြည်သူများနှင့် တွေ့ဆုံ ဆွေးနွေးမှာကြားကာ ကြာကန်ကွင်းပေါက်ကြိုးဝိုင်း၊ အကွက်အမှတ်(၂၀)ရှိ ဌာနစိုက်ခင်းအမှတ် (၁/၂၀၀၈)၊ (၂၅၀)ဧကနှင့် အကွက်အမှတ်(၁၉)ရှိ ဒီရေတောသုတေသနစိုက်ခင်း (၁၂၀)ဧကတို့အား လှည့်လည်ကြည့်ရှု စစ်ဆေးပါသည်။ ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရေယာဉ်ဖြင့် လှည့်လည်ကာ ပြင်အလန်းကြိုးဝိုင်း၊ အကွက်အမှတ်(၅၀)ရှိ အရာတော်ကျေးရွာနှင့် ရေတွင်းဆိပ်ကျေးရွာ ဒေသခံပြည်သူအစုအဖွဲ့ပိုင် စိုက်ခင်း ရှင်သန်အောင်မြင်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးပါသည်။ ဆက်လက်၍လပွတ္တာမြို့နယ်အတွင်းရှိ အရာတော်၊ အလယ်ချောင်း၊ ကန်ချောင်း၊ ရေတွင်းဆိပ်ကျေးရွာတို့မှ ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တော စိုက်ခင်း အသုံးပြုသူအဖွဲ့ဝင်များအား တွေ့ဆုံဆွေးနွေးမှာကြား၍ ပြင်အလန်းကြိုးဝိုင်း၊ အကွက်အမှတ်(၅၉)၊ ဌာနစိုက်ခင်း၁/၂၀၀၄(၅၅၀)ဧကအား ကြည့်ရှု စစ်ဆေးခဲ့သည်။ ၎င်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရေယာဉ်ဖြင့် ဆက်လက်ထွက်ခွာ၍ သာယာကုန်းကျေးရွာသို့ရောက်ရှိပြီး၊ ပြင်အလန်းကြိုးဝိုင်း၊ အကွက်အမှတ် (၇၅)ရှိ ဒီရေတော ပျိုးဥယျာဉ်နှင့် သာယာကုန်းကျေးရွာ ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောစိုက်ခင်း (၄၈၇)ဧကတို့အား ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသတင်းရရှိသည်။ ဒုတိယဝန်ကြီးသည် မတ်လ ၂၅ ရက်နေ့တွင် လပွတ္တာမြို့နယ်၊ သာယာကုန်းကျေးရွာ သစ်တော စိုက်ခင်းစခန်း၌ သာယာကုန်းကျေးရွာ၊ ညောင်တပင်ကျေးရွာတို့မှ ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ ဒီရေတောပြုစုထိန်းသိမ်းရေး၊ စနစ်တကျအသုံးချရေးနှင့် ဒေသခံပြည်သူများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး ကိစ္စများအပေါ် ဆွေးနွေးမှာကြား၍ ဒေသခံပြည်သူများတင်ပြသည့် လိုအပ်ချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း စီမံဖြည့်ဆည်းပေးခဲ့ကြောင်း သိရှိရသည်။ ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် လပွတ္တာမြို့နယ်၊ ပြင်အလန်းကြိုးဝိုင်းအကွက်အမှတ်(၅၆)ရှိ၊ လက်ဝါးကြီးစခန်း၊ ပုဂ္ဂလိကဒီရေတော စိုက်ခင်း(၃၀၀)ဧက၊ ညောင်တပင်ကျေးရွာ ဒေသခံပြည်သူအစုအဖွဲ့ပိုင် စိုက်ခင်း(၆၉၃)ဧကအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ ကြောင်းသိရှိရသည်။ ၎င်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရေယာဉ်ဖြင့် ဆက်လက်ထွက်ခွာ၍ ပင်လယ်ဝ ကမ်းရိုးတန်းတစ်လျောက် ဒီရေတောများ ပြန်လည်ဖြစ်ထွန်းလာမှု၊ ကမ်းပါးပြိုမှု အခြေအနေများအား ကြည့်ရှု စစ်ဆေး၍ ဘိုကလေးမြို့နယ်သို့ ရောက်ရှိကာ ကဒုံကနိကြိုးဝိုင်း အကွက်အမှတ်(၃၉)၊ ဌာနဒီရေတော သစ်မျိုးစုံစိုက်ခင်းအမှတ်(၁/၂၀၁၀)၊ (၃၇၅)ဧကနှင့် အကွက်အမှတ်(၃၆)၊ စိုက်ခင်းအမှတ် (၁/၂၀၀၈)၊ ဒီရေတောသုတေသန စိုက်ခင်း(၂၁၂) ဧကတို့အား ကြည့်ရှု့စစ်ဆေးပါသည်။ စိုက်ခင်းအား ပင်ပူးခွာ၊ ကိုင်းတက်ချိုင်ခြင်း ထွက်ရှိလာသည့် ထင်းများအား ဒေသခံပြည်သူများအား စနစ်တကျဝေငှပေးရန်၊ ဒီရေတောစိုက်ခင်းများ ရေရှည်တည်တံ့စေရေးနှင့် ထင်းလိုအပ်ချက် ဖြည့်ဆည်းနိုင်ရေးအတွက် ပင်ပူးခွာ၊ ကိုင်းတက်ချိုင်ခြင်းလုပ်ငန်းများအား ဒေသခံပြည်သူများအား စနစ်တကျ လေ့ကျင့်သင်ကြားပေးရန်တို့ကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရှိရသည်။ ဒုတိယဝန်ကြီးသည် ဘိုကလေးမြို့သို့ရောက်ရှိစဉ် မြို့မိ၊ မြို့ဖများ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ သစ်တောဦးစီးဌာနနှင့် ပညာရေး ဌာနတို့မှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ဒေသ ဖွံ့ဖြိုးတိုးတက်ရေးကိစ္စများအား ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိသည်။ ဒုတိယဝန်ကြီးသည် မတ်လ ၂၆ ရက်နေ့၌ ရန်ကုန်တိုင်းဒေသကြီး၊ ကွမ်းခြံကုန်းမြို့နယ်၊ လက်ခုပ်ကုန်း ကျေးရွာအနီးရှိ မြစိမ်းသောင်ကျွန်းပေါ်၌ သဘာဝအလျှောက်ပေါ်ထွန်းလာသည့် ဒီရေတောအား ကြိုးပြင်ကာကွယ်တော ဖွဲ့စည်းနိုင်ရေးအတွက် ဆောင်ရွက်နေမှုအခြေအနေကို ကြည့်ရှုစစ်ဆေး၍ လက်ခုပ်ကုန်း၊ အင့်ဟင်ကုန်း၊ ကညင်ပင်၊ ရွာသစ်ကုန်း၊ ကန်လျားရှည် ကျေးရွာတို့မှ ဒေသခံ ပြည်သူများနှင့် တွေ့ဆုံဆွေးနွေးမှာကြားကာ ဒေသခံပြည်သူများ၏ တင်ပြချက်များအပေါ် ညှိနှိုင်းစီမံ ဖြည့်ဆည်း ပေးခဲ့ ကြောင်းသိရသည်။ မြန်မာနိုင်ငံ၏ ဒီရေတောဧရိယာသည် စတုရန်းကီလိုမီတာ ၅၀၀၀ ကျော်ရှိ၍ ကမ္ဘာပေါ်တွင် သတ္တမမြောက် ဒီရေတောအများဆုံးရှိသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည်။ ဒီရေတောများတည်ရှိခြင်းဖြင့် ဒေသခံပြည်သူလူထုအတွက် ထင်း၊ မီးသွေး၊ တိုင်၊ မျော၊ ဆေးဘက်ဝင်အပင်များနှင့် အခြားသစ်တော ထွက်ပစ္စည်းများ ပေးစွမ်းနိုင်ခြင်း၊ ငါး၊ ပုဇွန် စသည့်များ ရေသတ္တဝါများ ပေါများကြွယ်ဝခြင်း၊ စိုက်ပျိုး မြေများအား ရေငံဝင်ရောက်မှုမှ တားဆီးပေးနိုင်ခြင်း၊ ကမ်းပါပြိုမှုအားကာကွယ်ပေးနိုင်ခြင်း၊ ဆူနာမီ၊ မုန်တိုင်းအစရှိသည့် သဘာဝဘေးအန္တရာယ်တို့မှ ကြံ့ကြံ့ခံကာကွယ်ပေးနိုင်ခြင်း၊ သဘာဝအခြေခံ ခရီးသွား လုပ်ငန်းဆောင်ရွက်ခြင်းဖြင့် ဝင်ငွေရရှိနိုင်ခြင်းအစရှိသည့် တိုက်ရိုက်နှင့် သွယ်ဝိုက် သော အကျိုးကျေးဇူးများ ဆောင်ကြဉ်းပေးနိုင်မည်ဖြစ်၍ ဒေသခံပြည်သူများက မိမိတို့နေထိုင်ရာ ဒေသပတ်ဝန်းကျင်ရှိ ဒီရေတော များအား ပူးပေါင်းပါဝင်စိုက်ပျိုးထိန်းသိမ်းခြင်းဖြင့် ဒီရေတောများ ရေရှည်တည်တံ့၍ ကမ်းရိုးတန်းဒေသနေ ပြည်သူများ၏ ဘဝလုံခြုံမှုနှင့် လူမှုစီပွားရေးဘဝကို တိုးမြှင့်ဖော် ဆောင်နိုင်မည် ဖြစ်ကြောင်း သိရှိရသည်။