ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းအား ကိုးရီယားသမ္မတနိုင်ငံ၊ Korea Development Institute-KDI မှ Professor Dr. Kim Jeongho ဦးဆောင်သောအဖွဲ့ လာရောက်တွေ့ဆုံဆွေးနွေးသည့် သတင်း (နေပြည်တော်၊ ၃၁-၃-၂၀၁၅)

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းသည် ကိုရီးယားသမ္မတနိုင်ငံ၊ Korea Development Institute-KDI မှ Professor Dr. Kim Jeongho ဦးဆောင်သောအဖွဲ့အား ယနေ့ ၃၁-၃-၂၀၁၅ ရက်နေ့၊ နံနက် ၀၉:၃၀ နာရီတွင် ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံ ဆွေးနွေးသည်။
ဆွေးနွေးပွဲသို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသက်သက်ဇင်၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးနေအေး၊ မြေတိုင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန်းလှိုင် နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှု အတွက် အမျိုးသားပတ်ဝန်းကျင်မူဝါဒ၊ မြန်မာ ၂၁ ရာစု အစီအစဉ် (Myanmar Agenda 21)၊ ထောင်စုနှစ်ရည်မှန်းချက်များ၊ အမျိုးသား စဉ်ဆတ်မပြတ် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ မဟာဗျူဟာ များကို အချိန်ကာလတစ်လျှောက် ရေးဆွဲချမှတ် အကောင်အထည်ဖော်မှုများ၊ ၂၀၁၁ ခုနှစ် အစိုးရ သစ်လက်ထက် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို ဟန်ချက်ညီညီ အကောင်အထည်ဖော်သွားရန် လမ်းညွှန်မှုနှင့်အညီ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေ(၂၀၁၂) ပြဌာန်းနိုင်မှု၊ အဖွဲ့အစည်းဆိုင်ရာ တိုးတက်ပြောင်းလဲဖွဲ့စည်းမှုနှင့် ဆက်လက်ဆောင်ရွက်လျက် ရှိသည့်အခြေအနေများ၊ နိုင်ငံတစ်ဝန်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရုံးများ ဖွင့်လှစ်၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးခြင်း၊ ကြီးကြပ်ဆောင်ရွက်ပေးခြင်းလုပ်ငန်း ဆောင် ရွက်မှုများ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး နည်းဥပဒေများ(၂၀၁၄) ပြဋ္ဌာန်းထားရှိမှု၊ ပတ်ဝန်းကျင် ထိခိုက်မှုဆန်းစစ်ခြင်း (Environment Impact Assessment - EIA) ဆိုင်ရာ လုပ်ထုံးလုပ်နည်း များကို နိုင်ငံတကာစံနှုန်းများနှင့်အညီ ရေးဆွဲပြုစုရာတွင် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများကို အဟန့်အတားမဖြစ်စေရေးနှင့် ပတ်ဝန်းကျင်ထိခိုက်မှု အနည်းဆုံးဖြစ်စေရေး ဟန်ချက်ညီစေရန် ဆောင်ရွက်မှုများ၊ နိုင်ငံ၏ ရေမြေသဘာဝနှင့် ကိုက်ညီသည့် နိုင်ငံ၏မူပိုင် ပတ်ဝန်းကျင် အရည် အသွေးစံချိန်စံညွှန်းများပြဋ္ဌာန်းနိုင်ရေးအတွက် ဆက်နွယ်သည့်ဌာနများ၊ နိုင်ငံတကာအဖွဲ့အစည်း များနှင့် ဆောင်ရွက်မှုအခြေအနေများ၊ ကမ္ဘာမြေထိပ်သီးညီလာခံမှ ပေါ်ပေါက်လာသည့် ဇီဝ မျိုးစုံ မျိုးကွဲကွန်ဗင်းရှင်း၊ သဲကန္တာရဖြစ်ထွန်းမှုတိုက်ဖျက်ရေး ကွန်ဗင်းရှင်းနှင့် ရာသီဥတုပြောင်းလဲ မှုဆိုင်ရာ မူဘောင်ကွန်ဗင်းရှင်းများတွင် အဖွဲ့ဝင်အဖြစ်ပါဝင်ဆောင်ရွက်နေမှုများ၊ ကောင်းမွန်သော ပတ်ဝန်းကျင်ဆိုင်ရာ စီမံအုပ်ချုပ်မှု မြှင့်တင်နိုင်ရေးအတွက် ရေအရည်အသွေး၊ လေအရည်အသွေး စီမံခန့်ခွဲမှုနှင့် စွန့်ပစ်ပစ္စည်းအမျိုးမျိုး စီမံခန့်ခွဲမှုအတွက် အမျိုးသားအဆင့် မဟာဗျူဟာ ရေးဆွဲ ဆောင်ရွက်ရန် အစီအမံများ၊ သဘာဝသယံဇာတ ထုတ်ယူသုံးစွဲရေးတွင် သဘာဝပတ်ဝန်းကျင် မထိခိုက်စေရေးအတွက် ဌာနများအကြား ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ အမျိုးသားအဆင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီ၊ လုပ်ငန်းကော်မတီ ၅ ခုနှင့် တိုင်းဒေသ ကြီး၊ ပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီများ ဖွဲ့စည်းဆောင်ရွက်မှု များနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးကြသည်။
ဆက်လက်၍ သဘာဝသယံဇာတထိန်းသိမ်းရေးနှင့်ပတ်သက်၍ သစ်တောမူဝါဒ၊ သစ်တော ဥပဒေ နှင့်နည်းဥပဒေများ၊ တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များ ကာကွယ်ရေးနှင့် သဘာဝ နယ်မြေများ ထိန်းသိမ်းရေးဥပဒေနှင့် နည်းဥပဒေများ ပြဋ္ဌာန်းထားရှိမှု၊ အမျိုးသားသစ်တောကဏ္ဍ နှစ် ၃၀ ပင်မစီမံကိန်း ရေးဆွဲဆောင်ရွက်မှု၊ ခရိုင်သစ်တော အုပ်ချုပ်လုပ်ကိုင်မှု စီမံကိန်းများ နှစ်အလိုက်ရေးဆွဲ၍ သစ်တောစိုက်ခင်း တည်ထောင် ခြင်း၊ ဒေသခံပြည်သူ အစုအဖွဲ့ပိုင်သစ်တော တည်ထောင်ခြင်း၊ ဒီရေတောများ ထိန်းသိမ်းတည်ထောင်ခြင်း လုပ်ငန်းများ၊ ပုဂ္ဂလိကကဏ္ဍ အားပေးမြှင့်တင်ရန်အတွက် သစ်တောစိုက်ခင်းတည်ထောင်ရာတွင် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံနိုင်ရန် ဆောင်ရွက်မှုလုပ်ငန်းများ၊ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးအတွက် တိုင်းဒေသကြီး ၃ ခု တွင် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ၊ UN-REDD ၊ ASEAN Korea Forest Cooperation - AFoCo၊ ကိုရီးယားသစ်တောဌာန (Korea Forest Service-KFS) နှင့် နော်ဝေ နိုင်ငံအစိုးရ တို့နှင့် ပူးပေါင်း၍ သစ်တောများပြုန်းတီးခြင်းမှ ကာဗွန်ထုတ်လွှတ်မှု လျော့နည်းစေရေးဆိုင်ရာ လုပ်ငန်းအစီအစဉ်များ (REDD+ Country Programme)၊ ၂၀၁၄ ခုနှစ် ဧပြီလ ၁ ရက် နေ့မှ စ၍ ပြည်ပသို့ သစ်အလုံးလိုက်တင်ပို့မှု ရပ်ဆိုင်းပြီး သစ်တောများမှ အမှန်တကယ်ထွက်ရှိနိုင်သည့် နှစ်စဉ်တောထွက် (Annual Allowable Cut - AAC) သတ်မှတ်ချက် ဘောင်အတွင်းမှ သစ်ခုတ် လှဲထုတ်လုပ်နေသည့် အစီအမံများနှင့် သစ်အခြေခံစက်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် စီစဉ် ဆောင်ရွက်နေမှုများ၊ EU နှင့် ပူးပေါင်း၍ Forest Law Enforcement, Governance and Trade - FLEG-T, Voluntary Partnership Agreement - VPA အစီအစဉ်ဖြင့် မြန်မာနိုင်ငံမှ သစ်များကို နိုင်ငံတကာသစ်ဈေးကွက်တွင် တရားဝင်သစ်အဖြစ် ရောင်းဝယ်ဖောက်ကားနိုင်ရေး အတွက် ဆောင်ရွက်နေမှုများ၊ အမျိုးသားအဆင့် မြေအသုံးချမှု မူဝါဒရေးဆွဲပြဋ္ဌာန်းရေးအတွက် ဆောင်ရွက်မှုများ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောကဏ္ဍတွင် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေး၊ အဖွဲ့အစည်းဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ရေး အစီအမံများအပါအဝင် နှစ်နိုင်ငံ အကြား ပူးပေါင်းဆောင်ရွက်နိုင်မည့် နယ်ပယ်များနှင့်ပတ်သက်၍ ရင်းရင်းနှီးနှီး ဆွေးနွေးကြ ကြောင်း သတင်းရရှိသည်။