ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်နှင့် မဘိမ်းမြို့နယ်များ အတွင်း တရားမဝင်သစ် (၁၀၂၃) တန်ကျော်ဖမ်းဆီးရမိ

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန သည် နိုင်ငံတော်၏ သစ်တောသယံဇာတများကို ပြည်သူလူထုအကျိုးအတွက် စနစ်တကျ စီမံအုပ်ချုပ်လျက်ရှိနေသကဲ့သို့ ဝိသမလောဘသားများ၏ တရားမဝင် သစ်ခိုး ထုတ်ယူမှုနှင့် သယ်ဆောင်မှုများအား အခြားသောဆက်စပ်ဌာနများနှင့် ပူးပေါင်း၍ သော်လည်းကောင်း မိမိအစီအစဉ်ဖြင့်လည်းကောင်း အရှိန်အဟုန်မြှင့် ဖမ်းဆီးဖော်ထုတ် အရေးယူဆောင်ရွက် လျက်ရှိပါသည်။ ထိုသို့ ဆောင်ရွက်လျက်ရှိရာ သစ်တောဦးစီးဌာန၊ ဦးစီးရုံးချုပ်မှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဇော်မင်း ဦးဆောင်သော သစ်တောဝန်ထမ်းများနှင့် အခြေချ စစ်ဗျူဟာ (မိုးမိတ်) မှ အရာရှိစစ်သည်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် (၂-၄-၂၀၁၅) ရက်နေ့မှ(၃-၄-၂၀၁၅) ရက်နေ့အထိ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင် မိုးမိတ် မြို့နယ်နှင့် မဘိမ်းမြို့နယ်များအတွင်းရှိ မြစ်ဆုံ (ခန့်မှန်းမြေပုံညွှန်း-KF- 500759) နေရာမှ မိုးလိုကျေးရွာ(ခန့်မှန်းမြေပုံညွှန်းKF-827867)အထိ ရွှေလီမြစ်ရိုး မြောက်ဖက်ခြမ်း နှင့် တောင်ဖက်ခြမ်းတစ်လျှောက်တွင် တရားမဝင် သစ်ရှာဖွေဖမ်းဆီးရေး လုပ်ငန်းအား ဆောင်ရွက်ခဲ့ရာ တရားမဝင်ကျွန်း၊ ပိတောက်၊ တမလန်းနှင့်အင်ကြင်း သစ်လုံး/ခွဲသား စုစုပေါင်း ( ၃၂၉၇) လုံး/ချောင်း၊ (၈၂၆.၁၈၆) တန် နှင့် ချိန်းဆော(၁၄)လက်တို့အား ပိုင်ရှင်မဲ့ ဖမ်းဆီး ရမိခဲ့ပါသည်။ ဆက်လက်၍ (၄-၄-၂၀၁၅) ရက်နေ့တွင် မဘိမ်းမြို့နယ်၊ လဝါကျေးရွာ အနီး တစ်ဝိုက် ဆူးပုတ်ကြိုးဝိုင်းအတွင်း တောင်စောင်းနယ်မြေတစ်လျှောက် ရှာဖွေဖော်ထုတ် ဖမ်း ဆီးခဲ့ရာ တရားမဝင် ကျွန်း၊ ပိတောက်နှင့် တမလန်း သစ်လုံး/ ခွဲသား စုစုပေါင်း (၁၀၀၃) လုံး/ချောင်း၊ (၁၉၇ )တန်ခန့်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး စုစုပေါင်း တရားမဝင် ကျွန်း၊ ပိတောက်၊ တမလန်းနှင့်အင်ကြင်း သစ်လုံး/ခွဲသား(၁၀၂၃) တန်ကျော်နှင့် ချိန်းဆော(၁၄) လက် တို့အား ပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိပါသည်။