အာရှ-ပစိဖိတ်သစ်တောကွန်ယက်၏ ပထမအကြိမ် အစည်းအဝေးဖွင့်ပွဲအခမ်းအနား ကျင်းပခြင်းသတင်း (နေပြည်တော်၊ ၂၇-၄-၂၀၁၅)

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်း သည် ယနေ့ ၂၇-၄-၂၀၁၅ ရက်နေ့၊ နံနက် (၀၉:၀၀) နာရီတွင် Grand Amara Hotel ၌ ကျင်းပသော အာရှ-ပစိဖိတ်သစ်တောကွန်ယက်၏ ပထမအကြိမ် အစည်းအဝေးဖွင့်ပွဲအခမ်း အနားသို့ တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။
ဖွင့်ပွဲအခမ်းအနားသို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ဒုတိယ ဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ အာရှ-ပစိဖိတ်ဒေသနိုင်ငံ(၁၆)နိုင်ငံမှ ကိုယ်စားလှယ်များ၊ အပြည်ပြည်ဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။
ပြည်ထောင်စုဝန်ကြီးမှ အမှာစကားပြောကြားရာတွင် အာရှ-ပစိဖိတ်သစ်တောကွန်ယက် (APF Net)သည် အာရှ-ပစိဖိတ်ဒေသအတွင်း ထာဝစဉ်တည်တံ့သော သစ်တောစီမံအုပ်ချုပ်မှုနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အရေးကြီးသော အခန်းကဏ္ဍမှပါဝင်နေ ကြောင်း၊ ဒေသတွင်း သစ်တောပြန်လည်ပြုစုပျိုးထောင်ခြင်းနှင့် စိုက်ပျိုးခြင်းလုပ်ငန်းများ တိုးမြှင့်၍ ကာဗွန်ထုတ်လုပ်မှုလျှော့ကျစေခြင်းနှင့် သစ်တောအရည်အသွေးတိုးမြှင့်လာစေရန် အတွက် လုပ်ဆောင်လာခဲ့သည်မှာ (၇)နှစ်ခန့်ရှိပြီး ၂၀၂၀ ခုနှစ်တွင် အနည်းဆုံး သစ်တော ဟက်တာ သန်း(၂၀)ခန့်တိုးပွားလာရန် ရည်မှန်းချက်ထားရှိပြီးဖြစ်ကြောင်း၊ ယခုအစည်းအဝေးမှ အာရှဒေသတွင်း ထာဝစဉ်တည်တံ့သော သစ်တောစီမံအုပ်ချုပ်မှုကို အကောင်အထည်ဖော်ရာတွင် ပူးပေါင်းဆောင်ရွက်မှုများဖြင့် အောင်မြင်စွာလုပ်ဆောင်နိုင်မည်ဟုမျှော်လင့်ပါကြောင်း၊ မြန်မာ နိုင်ငံအနေနှင့်လည်း APF Net စတင်ခဲ့သည့် ၂၀၀၈ ခုနှစ်မှစ၍ နီးကပ်စွာပူးပေါင်းဆောင်ရွက်ခဲ့ ကြောင်း၊ APF Net ၏ ငွေကြေးထောက်ပံ့မှုဖြင့် ဆောင်ရွက်လျက်ရှိသော တောင်ပေါ်သစ်တော ဂေဟစနစ်ဆိုင်ရာလုံခြုံမှုကို ထိန်းသိမ်းရေးအတွက် ထာဝစဉ်တည်တံ့သော သစ်တောပြန်လည် တည်ထောင်ရေးနှင့် သစ်တောစီမံအုပ်ချုပ်မှု ရှေ့ပြေးသရုပ်ပြစီမံကိန်းတွင်လည်း ပါဝင်ဆောင်ရွက် လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံ သစ်တောကဏ္ဍ၏ နည်းပညာနှင့် လူသားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေး ထောက်ပံ့မှုများအတွက် အထူးကျေးဇူးတင်ပါကြောင်း၊
မြန်မာနိုင်ငံ၏ စနစ်တကျသစ်တောစီမံအုပ်ချုပ်မှုများကြောင့် နိုင်ငံ၏ဧရိယာတစ်ဝက်ခန့် သည် သစ်တောမြေများအဖြစ် ကျန်ရှိနေပါကြောင်း၊ နှစ်(၃၀)ပင်မစီမံကိန်းဖြင့် စီမံအုပ်ချုပ်လျက်ရှိ ပြီး သဘာဝထိန်းသိမ်းရေးနယ်မြေ(၃၉)ခုတည်ထောင်ထားရှိကာ ၄င်းတို့အနက် (၆)ခုမှာ အာဆီယံ အမွေအနှစ်ဥယျာဉ်များအဖြစ် သတ်မှတ်ထားပြီး အာဆီယံဒေသတွင်းအကြီးမားဆုံးဧရိယာဖြစ်ပါ ကြောင်း၊
အတန်းအစားကျဆင်းနေသော သစ်တောများအား ပြန်လည်ထူထောင်ခြင်းသည် မိမိတို့ ဝန်ကြီးဌာန၏ အဓိကတာဝန်များထဲမှ တစ်ခုဖြစ်ပြီး မိမိတို့အနေဖြင့် ပုဂ္ဂလိကကဏ္ဍ၊ ဒေသခံ ပြည်သူအစုအဖွဲ့များ၊ ဆက်စပ်ပတ်သက်သူများစသည်တို့၏ ပူးပေါင်းပါဝင်မှုဖြင့် နိုင်ငံတဝန်းရှိ အတန်းအစားကျဆင်းနေသော သစ်တောဂေဟစနစ်များ ပြန်လည်ထူထောင်ရေးအတွက် အကောင်းဆုံးကြိုးစားဆောင်ရွက်လျက်ရှိကြောင်း၊
ရာသီဥတုပြောင်းလဲမှုသည် ၂၁ ရာစုတွင် မိမိတို့ရင်ဆိုင်နေရသည့် အကြီးမားဆုံး စိန်ခေါ်မှု တစ်ခုဖြစ်ကြောင်း၊ထိုသို့သော ပြဿနာများကို ဖြေရှင်းရာတွင် အာရှ-ပစိဖိတ်ဒေသတွင်း မူဝါဒများ ကို ညှိနှိုင်းရန် လိုအပ်သလို သစ်တောအုပ်ချုပ်လုပ်ကိုင်မှု စီမံချက်များနှင့် အလေ့အကျင့်များကို ပြောင်းလဲရန်လိုအပ်မည်ဖြစ်ပါကြောင်း၊ ထိုသို့ဖြေရှင်းရာတွင် တစ်နိုင်ငံချင်းအဖွဲ့အစည်းတစ်ခု ချင်းစီ၏ စွမ်းဆောင်ရည်ဖြင့် အဆိုပါ ပတ်၀န်းကျင်ဆိုင်ရာ ပြဿနာများကို ဖြေရှင်းနိုင်ရန်မစွမ်း နိုင်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် ပူးပေါင်းဆောင်ရွက်လုပ်ကိုင်ရန်အရေးကြီးကြောင်း၊
APF Net ကောင်စီ၏ အဖွဲ့ဝင်နိုင်ငံများအကြား ရေရှည်ပူးပေါင်းဆောင်ရွက်နိုင်ရေးနှင့် ရည်ရွယ်ချက်များပေါက်မြောက်အောင်မြင်စေရေးအတွက် နည်းလမ်းများကို ယခုဆွေးနွေးပွဲတွင် ဆွေးနွေးသွားကြမည်ဖြစ်ကြောင်း၊ ထို့အပြင် APF Net ကောင်စီ၏ လုပ်ငန်းစဉ်နှင့် ရည်မှန်းချက် များ၊ လုပ်ငန်းတိုးတက်မှုအဆင့်မြှင့်တင်ခြင်းနှင့် ၂၀၁၆-၂၀၂၀ မဟာဗျူဟာစီမံချက်မူကြမ်း အတွက်အကြံပြုချက်များ စသည်တို့ကို အလေးထားဆွေးနွေးသွားကြမည်ဖြစ်ကြောင်း၊ ဆွေးနွေးပွဲ တွင် အာရှ-ပစိဖိတ်ဒေသတွင်း နိုင်ငံများ၏အကြံဉာဏ်နှင့် အတွေ့အကြုံများကို ဝေမျှနိုင်မည်ဖြစ်ပါ ကြောင်း၊
ယခုအစည်းအဝေးပွဲမှတဆင့် အာရှ-ပစိဖိတ်ဒေသတွင်း သစ်တောများနှင့် သစ်တောကဏ္ဍ တွင်း ကြီးမားသော အဖွဲ့အစည်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကို နားလည်သဘောပေါက်လာစေ ပြီး APF Net အတွက် ရေရှည်အစီအစဉ်များနှင့် ကောင်းမွန်သော အုပ်ချုပ်မှုလုပ်ငန်းများကို ချမှတ်နိုင်စေမည်ဟု မျော်လင့်ပါကြောင်း ပြောကြားသွားခဲ့ပါသည်။
ထို့နောက် APF Net အတွင်းရေးမှူးရုံးမှ အမှုဆောင်ညွှန်ကြားရေးမှူးဖြစ်သူ Mr.Qu Guilin မှ ဝမ်းမြောက် အမှာစကားဆက်လက်ပြောကြားခဲ့ပြီးနံနတ်(၁၀)နာရီတွင် ဖွင့်ပွဲအခမ်း အနားကို ခေတ္တရပ်နား၍ အစည်းအဝေးနှင့် ဆက်စပ်လေ့လာရေးခရီးစဉ်များတို့ကို (၂၇) ရက်နေ့မှ (၂၉)ရက်နေ့များအထိ ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။