မြန်မာနိုင်ငံရှိ သဘာဝနယ်မြေများတွင် Spatial Monitoring and Reporting Tool (SMART) အား အသုံးပြုခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပခြင်းသတင်း (၂၈-၄-၂၀၁၅၊ နေပြည်တော်)

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးမြင့်မောင် သည် ယနေ့ (၂၈-၄-၂၀၁၅) ရက်နေ့၊ နံနက်(၀၈:၃၀) နာရီတွင် သစ်တောသုတေသနဌာန၊ စုဝေးခန်းမ ၌ကျင်းပသည့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနနှင့် နော်ဝေနိုင်ငံ ပတ်ဝန်းကျင်ရေးရာအေဂျင်စီ(NEA)တို့ပူးပေါင်း၍ မြန်မာနိုင်ငံရှိ သဘာဝနယ်မြေများ တွင် Spatial Monitoring and Reporting Tool (SMART) အား အသုံးပြုခြင်းဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။
အဆိုပါ ဖွင့်ပွဲအခမ်းအနားသို့ ဒုတိယဝန်ကြီး ဒေါက်တာသက်သက်ဇင်၊ ပတ်ဝန်းကျင်ထိန်း သိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများ၊ နော်ဝေနိုင်ငံ ပတ်ဝန်းကျင် ရေးရာအေဂျင်စီ(NEA)နှင့် သားငှက်ထိန်းသိမ်းရေးအဖွဲ့(WCS) မြန်မာနိုင်ငံအစီအစဉ်တို့မှ ပညာရှင် များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။
ဒုတိယဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံသည် အရှေ့တောင်အာရှ နိုင်ငံများတွင် ဒုတိယအကြီးဆုံးနိုင်ငံတစ်ခုဖြစ်သကဲ့သို့ ဘူမိရူပထူးခြားမှုအရ သဘာဝအရင်းအမြစ် များပေါကြွယ်ဝပြီး မြောက်ဘက်ရှိ ရေခဲတောင်များမှသည် အလယ်ပိုင်းအပူပိုင်းဒေသနှင့် တောင်ဘက် မှာရှိသည့် ပင်လယ်ကမ်းရိုးတန်းနှင့် အဏ္ဏဝါဂေဟစနစ်အထိ ဂေဟစနစ်မျိုးစုံတို့ကို ပိုင်ဆိုင်သည့် နိုင်ငံ တစ်ခုဖြစ်ပါကြောင်း၊ ဂေဟစနစ်များ၊ ဇီဝမျိုးစုံမျိုးကွဲများ ရေရှည်တည်တံ့ရေးသည် နိုင်ငံ၏ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး၊ ဆင်းရဲမှုလျော့ချရေး၊ ထောင်စုနှစ်ဖွံ့ဖြိုးရေး ပန်းတိုင်ရောက်ရှိရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် သဘာဝပတ်ဝန်းကျင်တည်ငြိမ်မှု ဟန်ချက်ညီရေးတို့အတွက် အဓိက ကျသဖြင့် နိုင်ငံ၏ အမြင့်ဆုံးပန်းတိုင်တစ်ခုအဖြစ်ထားရှိပါကြောင်း၊
မိမိတို့ ဝန်ကြီးဌာနအနေနှင့် ထာဝစဉ်တည်တံ့သည့် သစ်တောစီမံအုပ်ချုပ်ခြင်း၊ ဇီဝမျိုးစုံမျိုးကွဲ နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းခြင်း၊ သစ်တောများပြန်လည်တည်ထောင်ခြင်း၊ မြေအသုံးချ မှုဝါဒနှင့် စီမံအုပ်ချုပ်မှုရေးဆွဲခြင်း၊ ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျော့နည်းရေး ဆောင်ရွက်ခြင်း၊ သစ်ထောက်ခံချက်ပြုလုပ်ခြင်း၊ တရားဝင်သစ်သတ်မှတ်ရေးဆောင်ရွက်ခြင်း၊ တရားမဝင် သစ်နှင့် တောရိုင်းတိရစ္ဆာန်ရောင်းဝယ်မှု တားဆီးအရေးယူခြင်းစသည့် ကိစ္စရပ်များကို တာဝန်ယူအကောင် အထည်ဖော်လျက်ရှိပါကြောင်း၊
အမျိုးအစားစုံလင်လှသည့် ဂေဟစနစ်တွေကို ထိန်းသိမ်းကာကွယ်နိုင်ရန်အတွက် သဘာဝ နယ်မြေတည်ထောင်ရေးကို အလေးထားဆောင်ရွက်လျက်ရှိပြီး ၁၉၉၅ ခုနှစ်တွင် ထုတ်ပြန်သည့် မြန်မာ့သစ်တောမူဝါဒ၌ သဘာဝနယ်မြေများကို နိုင်ငံဧရိယာ၏ ၅ % သတ်မှတ်ရမည့် ပြဌာန်းချက် ကို ၂၀၀၀ ပြည့်နှစ်တွင် ရေးဆွဲခဲ့သည့် နှစ်(၃၀)အမျိုးသားသစ်တောကဏ္ဍပင်မစီမံကိန်းတွင် နိုင်ငံ ဧရိယာ၏ ၁၀%ကို သဘာဝထိန်းသိမ်းရေးနယ်မြေများအဖြစ် တိုးမြှင့်တည်ထောင်သွားရန် သတ်မှတ် ခဲ့ပါကြောင်း၊ သဘာဝနယ်မြေများသည် ဂေဟစနစ်နှင့် ယင်းတို့၏ ဇီဝမျိုးစုံမျိုးကွဲများကို ထိန်းသိမ်း ကာကွယ်ထားသည့်အပြင် ယဉ်ကျေးမှုအမွေအနှစ်များ၊ ဓလေ့ထုံးတမ်းစဉ်လာများကို ကာကွယ်ထိန်း သိမ်းထားလျက်ရှိပြီး သဘာဝကိုအခြေခံသည့် ခရီးသွားလုပ်ငန်း (Ecotourism) ဆောင်ရွက်နိုင်သော နေရာများဖြစ်ပါကြောင်း၊
နိုင်ငံတကာ သဘာဝနယ်မြေများ စီမံအုပ်ချုပ်မှုတွင် အောင်မြင်စွာအသုံးပြုလျက်ရှိသည့် Spatial Monitoring and Reporting Tool (SMART) ကို မြန်မာနိုင်ငံရှိ အုပ်ချုပ်ရေးမှူးရုံး များ ဖွင့်လှစ်ထားရှိသည့် သဘာဝနယ်မြေ (၂၁) ခုတွင် တစ်ပြိုင်တည်း အသုံးပြုနိုင်ရန် SMART စံပုံစံ ရေးဆွဲခြင်း၊ လူအရင်းအမြစ်နှင့် ပစ္စည်းကိရိယာ လိုအပ်ချက် ဆန်းစစ်ခြင်းတို့ကို ယခုနှစ်ရက်တာ အလုပ်ရုံဆွေးနွေးပွဲမှာ ဆောင်ရွက်ကြမှာဖြစ်ပါကြောင်း၊
သားငှက်ထိန်းသိမ်းရေးအဖွဲ့(WCS) မြန်မာနိုင်ငံ၏ ကူညီပံ့ပိုးမှုနှင့့် SMART ကို သဘာဝ နယ်မြေအချို့၌ အသုံးပြုနေခြင်းမှ နော်ဝေနိုင်ငံ ပတ်ဝန်းကျင်ရေးရာအေဂျင်စီ၏ အကူအညီနှင့် အုပ်ချုပ်ရေးမှူးရုံးရှိသည့် သဘာဝနယ်မြေ(၂၁)ခုမှာ တစ်ပြေးညီကျင့်သုံးသွားရန် တိုးမြှင့်ဆောင်ရွက် နေခြင်းဖြစ်ပြီး SMART သည် သဘာဝနယ်မြေစီမံအုပ်ချုပ်ဆောင်ရွက်ရသည့် အဓိကလုပ်ငန်း(၃)ရပ် အနက် ကင်းလှည့်ထိန်းသိမ်းခြင်း (Patrolling) နှင့် မျိုးစိတ်များလေ့လာစောင့်ကြည့် မှတ်တမ်းတင် ခြင်း (Monitoring) တို့ကို ထိရောက်စွာဆောင်ရွက်နိုင်ရန် အထောက်အကူပြုမှာဖြစ်ပါကြောင်း၊
အလုပ်ရုံဆွေးနွေးပွဲကို တက်ရောက်ကြသည့် ဥယျာဉ်/ဘေးမဲ့တောအုပ်ချုပ်ရေးမှူးများ၊ WCS နှင့် FFI ကိုယ်စားလှယ်များ၊ ကျွမ်းကျင်ပညာရှင်များအနေနှင့် မြန်မာနိုင်ငံ၏ သဘာဝနယ်မြေများ တွင် Spatial Monitoring and Reporting Tool (SMART) အား တစ်ပြိုင်တည်း အသုံးပြု နိုင်ရန် စိတ်အားထက်သန်စွာဖြင့် ပါဝင်ဆွေးနွေးအကြံပြုပေးကြပြီး ရလဒ်များကို မိမိတို့ဝန်ထမ်းများ အား ပြန်လည်သင်ကြားပေးပြီး ဥယျာဉ်/ဘေးမဲ့တော စီမံအုပ်ချုပ်ရာတွင် အသုံးပြုရန် မှာကြားလို ပါကြောင်း၊
ဆက်လက်၍ နော်ဝေနိုင်ငံ ပတ်ဝန်းကျင်ရေးရာအေဂျင်စီ(NEA) မှ Senior Adviser Ms.Vibeke Husby မှ ဝမ်းမြောက်အမှာစကားပြောကြားပြီး သားငှက်ထိန်းသိမ်းရေးအဖွဲ့(WCS) ဒုတိယဌာနေကိုယ်စားလှယ် ဦးစောထွန်းမှ အလုပ်ရုံဆွေးနွေးပွဲအစီအစဉ် အကျဉ်းချုပ်အား ရှင်းလင်း ပြောကြား၍ အမှတ်တရဓာတ်ပုံရိုက်ကာ ဖွင့်ပွဲအခမ်းအနားကို ခေတ္တရပ်နားပြီး (၂၈)ရက်နေ့မှ (၂၉) ရက်နေ့အထိ (၂)ရက်ကြာ ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။