မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းဒေသစီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာ၌ ဒေသခံပြည်သူများ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုဖော်ဆောင်နိုင်ရေးကွင်းဆင်းစစ်ဆေး၍ ထူးချွန်စံပြ ကျေးရွာ များအား ဆုချီးမြှင့်ပေးအပ် နေပြည်တော်၊ ဇွန် ၄

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနသည် အပူပိုင်းဒေသရေမြေသဘာဝပတ်ဝန်း ကျင် တိုးတက်ကောင်းမွန်စေရန်၊ သဲကန္တာရဖြစ်ထွန်းမှုကိုတားဆီးကာကွယ်ရန်၊ ရာသီဥတုကောင်းမွန်ခြင်းဖြင့် စိုက်ပျိုးရေးကို အထောက်အကူပြုရန်၊ ဒေသခံပြည်သူတို့၏ လူမှုစီးပွားဖွံ့ဖြိုး တိုးတက်စေရန် အစရှိသည့် ရည်ရွယ်ချက်များဖြင့် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနကို ၁၉၉၇ ခုနှစ်မှစတင်၍ ဖွဲ့စည်းတည်ထောင် ခဲ့သည်။ ဌာန၏အဓိကလုပ်ငန်းကြီး (၄)ရပ်အပြင် ထင်းအစား အခြားလောင်စာသုံးစွဲသည့် စံပြကျေးရွာ ထူထောင်ခြင်း၊ တောင်တန်းများစိမ်းလန်းစိုပြည်ရေး၊ အထူးစိမ်းလန်းစိုပြည်ရေးလုပ်ငန်းစသည့် စိမ်းလန်း စိုပြည်ရေးလုပ်ငန်းများနှင့် ဒေသခံပြည်သူများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား ကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းဒေသသည် မိုးရွာသွန်းမှုနည်းပါး၍ ပူပြင်းခြောက်သွေ့ခြင်းကြောင့် သောက်သုံးရေရှားပါးခြင်း၊ မြေဆီလွှာမြေဆီသြဇာ ထက်သန်မှုနည်းပါးခြင်း၊ ရာသီဥတုတည်ငြိမ်မျှတမှုမရှိခြင်း တို့ကို ကြုံတွေ့ခံစားကြရသည်၊ အကျိုးဆက်အားဖြင့် သစ်တောသစ်ပင်ပေါက်ရောက်မှု နည်းပါးသည့်အတွက် သဘာဝသစ်တောများအပေါ်မှီခိုအားထား၍ ထင်းလောင်စာလိုအပ်ချက် ဖြေရှင်း နေရသည့် အပူပိုင်းဒေသနေ ပြည်သူများ အခက်အခဲများစွာကြုံတွေ့ကြရသည်။ နိုင်ငံတော်၏လူဦးရေ တိုးပွားမှုပေါ်အခြေခံ၍ တွက်ချက်မှု များအရ လက်ရှိကာလ၌ ဒေသခံပြည်သူများ၏ တစ်နှစ်ထင်းလိုအပ်ချက်မှာ ကုဗတန်(၂၀.၃၁)သန်းဖြစ်ကြောင်း သိရသည်။ နိုင်ငံလူဦးရေ၏ ၈၅%သည် နေ့စဉ် အစားအသောက်ချက်ပြုတ်ရာ၌ ထင်း၊ မီးသွေးကိုသုံးစွဲကြသည်။ ထင်းထုတ်ယူသုံးစွဲမှုများ ကြောင့် သစ်တော ပြုန်းတီးမှုများကို ဖြစ်ပေါ်စေသည်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီး ဌာနသည် အပူပိုင်းဒေသမိုးနည်းဒေသနေ ဒေသခံပြည်သူများ သဘာဝသစ်တောများအပေါ် မှီတည်မှုလျော့ကျ၍ ထင်းအစားအခြားလောင်စာ အသုံးပြုခြင်း၊ စိုက်ပျိုးရေးစွန့်ပစ်ပစ္စည်းတိုးမြှင့်သုံးစွဲခြင်း၊ ရေရရှိရေးလုပ်ငန်း များကို စနစ်တကျစီမံချမှတ်၍ ဆောင်ရွက်လျက်ရှိသည်။ ကျေးလက်နေဒေသခံ ပြည်သူများသည် ၎င်းတို့၏ ယာခင်းများမှထွက်ရှိလာသည့် စိုက်ပျိုးရေးစွန့်ပစ်ပစ္စည်းသုံးစွဲမှု၊ စွမ်းအားမြှင့်မီးဖိုသုံးစွဲမှု၊ စိုက်ပျိုးရေးစွန့်ပစ် ပစ္စည်းထွက်ရှိ/ သိုလှောင်ထားရှိမှု၊ ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးဆောင်ရွက်ထားရှိမှု၊ ရေရှည်ပူးပေါင်း ပါဝင် ဆောင်ရွက်မှုတို့အပေါ် အခြေခံ၍ စိစစ်ရွေးချယ်ရေးအဖွဲ့များဖွဲ့စည်းကာ အမှတ်ပေးစည်းမျဉ်းများ သတ်မှတ်ရေး ဆွဲ၍အပူပိုင်းဒေသ တိုင်းဒေသကြီး(၃)တိုင်းအတွင်း ထူးချွန်စံပြကျေးရွာများ ရွေးချယ်ဆုချီးမြှင့်ခြင်း အခမ်း အနားများ ကျင်းပဆောင်ရွက်လျက်ရှိကြောင်းသိရသည်။ ထိုသို့ ကျင်းပဆောင်ရွက်သည့် အတွက် ကျေးရွာလူထု က အသိစိတ်ဓါတ်ရှိရှိဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်လာကာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍ၊ သစ်တော ထိန်းသိမ်းရေးကဏ္ဍ၊ လူမှုစီးပွားကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုမည် ဖြစ်ကြောင်း သိရှိရသည်။ ထို့အပြင် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် အောင်မြင်စွာဆောင်ရွက်နိုင် ရေးအတွက် ဌာန၏ကြိုးပမ်းဆောင်ရွက်မှုအပြင် ဒေသခံပြည်သူများ၊ လူမှုအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့်ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိ ကြောင်းသိရသည်။ ဒုတိယဝန်ကြီးသည်(၃၁-၅-၂၀၁၅)ရက်နေ့၌ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၌ ညွန်ကြားရေးမှူးများ၊ ခရိုင်တာဝန်ခံများအား တွေ့ဆုံကာ ၂၀၁၄-၁၅ ဘဏ္ဍာနှစ်၊ လုပ်ငန်းဆောင်ရွက်ပြီးစီးမှုနှင့် ၂၀၁၅-၁၆ ဘဏ္ဍာနှစ်၊ ဆောင်ရွက်မည့် လုပ်ငန်း အစီအစဉ်တင်ပြချက်များအပေါ် ဌာနမှဆောင်ရွက်လျက်ရှိသည် စီမံကိန်းလုပ်ငန်းများသည် ပြည်သူတို့၏ဘဝနှင့်ဆန္ဒ ကိုက်ညီစေရေး၊ ပြည်သူလူထု၏ လိုအပ်ချက်များ၊ ထိရောက်၍ အလျှင်အမြန် အကျိုးဖြစ်ထွန်းစေမည့်လုပ်ငန်းများ ဖြည့်ဆည်းပံ့ပိုးနိုင်ရေး၊ ပြည်သူလူထု လိုအပ် ချက်ဖြစ်သည့် ထင်း၊ တိုင်၊ မျောထုတ်ယူ သုံးစွဲနိုင်ရေးအတွက် ဒေသခံပြည်သူအစုအဖွဲ့ပိုင်စိုက်ခင်း တည်ထောင် ရေးတို့ကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရှိရသည်။ ဒုတိယဝန်ကြီးသည် (၁-၆-၂၀၁၅)ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ သာယာစု ကျေးရွာ၌လည်းကောင်း၊ (၃-၆-၂၀၁၅)ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၊ ထန်းငယ်တော ကျေးရွာနှင့် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်မြို့နယ်၊ တောင်ဦးကျေးရွာ၌လည်းကောင်း၊ ထူးချွန် စံပြကျေးရွာ ဆုချီးမြှင့်ပွဲများကျင်းပ၍ ဆုများနှင့်စွမ်းအားမြှင့်မီးဖိုများပေးအပ်ကာ အပူပိုင်းမိုးနည်း ရပ်ဝန်း ဒေသနေပြည်သူများတင်ပြသည့် လိုအပ်ချက်များအပေါ် ညှိနှိုင်းပေါင်းစပ် ဖြည့်ဆည်းပေးခဲ့ကြောင်း သတင်းရရှိ သည်။ ဒုတိယဝန်ကြီးသည် (၃-၆-၂၀၁၅)ရက်နေ့တွင် မြန်မာနိုင်ငံအလယ်ပိုင်းအပူပိုင်းဒေသ၊ ညောင်ဦးမြို့နယ်၊ ပုဂံရှေ့ဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း စိမ်းလန်းစိုပြည်ရေးလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိသည် ကိုရီးယားအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(KOICA) စီမံကိန်းနေရာသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရသည်။ KOICA အဖွဲ့သည် ယခုနှစ်မိုးရာသီအတွင်း ညောင်ဦး မြို့နယ်၊ နတ်ပလ္လင်ကျေးရွာအနီးနှင့် ကျောက်ပြင်ကန် ကျေးရွာအနီး၌ ဒေသခံသစ်မျိုးအပါအဝင် သစ်မျိုးစုံဖြင့် (၆၀၀)ဧက စိုက်ပျိုးတည်ထောင်သွားမည်ဖြစ်ပြီး၊ ဒေသဖွံ့ဖြိုးရေး တာဝန်ယူဆောင်ရွက်သည့် အစီအစဉ် အနေ ဖြင့် စီမံကိန်း အနီးဝန်းကျင်ရှိ ကျေးရွာ(၂၀)ရွာ၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး ဟောပြောပွဲ ကျင်းပခြင်း၊ စွမ်းအားမြှင့်မီးဖိုဖြန့်ဝေခြင်း၊ သောက်သုံးရေ အလိုအပ်ဆုံးကျေးရွာများ၌ ရေကန်များ ပြုပြင် တူးဖော်ပေးခြင်း၊ စီမံကိန်းဧရိယာအတွင်း ရေတွင်းတူးဖော်၍ စိုက်ပျိုးပင်များ ရေလောင်းခြင်းနှင့် သောက်သုံး ရေဖြန့်ဝေခြင်းများလည်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။ KOICA အဖွဲ့သည် ပုဂံညောင်ဦးဒေသ၌ ၁၉၉၈ ခုနှစ်မှ စတင်၍ ပထမအကြိမ်စိုက်ပျိုး ဆောင်ရွက်ခဲ့ပြီး ၂၀၀၅ ခုနှစ်တွင် ဒုတိယအကြိမ်နှင့် ၂၀၀၉ ခုနှစ်တွင် တတိယအကြိမ်စိုက်ပျိုး ဆောင်ရွက်ခဲ့ကြောင်းသိရသည်။ ယခုနှစ် စိုက်ပျိုးမည့် စတုတ္တအကြိမ်အထိ စိုက်ခင်း ဧရိယာ ဧက၂၀၀၀ ကျော် တည်ထောင် နိုင်မည် ဖြစ်ကြောင်း သိရသည်။ ဒုတိယဝန်ကြီးသည် KOICA စိုက်ခင်းတည်ထောင်ရေးစီမံကိန်းလုပ်ငန်းခွင်၌ စီမံကိန်းမန်နေဂျာ Mr. Yoom Hamchulနှင့် ကိုရီးယားကျွမ်းကျင်သူပညာရှင်အဖွဲ့အားတွေ့ဆုံကာ စိုက်ခင်းတည်ထောင်ရန် ကြိုတင် ပြင်ဆင် ဆောင်ရွက်နေမှု၊ လုပ်ငန်းအချိန်ဇယားအတိုင်း သတ်မှတ်ကာလအတွင်း ပြီးစီးအောင်ဆောင်ရွက်နိုင်မှု၊ စိုက်ခင်းများ ရေရှည်တည်တံ့စေရေး ထိန်းသိမ်းဆောင်ရွက်မှု၊ တိုးချဲ့ပညာပေးလုပ်ငန်းများ ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်မှု၊ စီမံကိန်းစိုက်ခင်းဟောင်းများထိန်းသိမ်းဆောင်ရွက်မှု၊ စိုက်ခင်းများရှင်သန် ကြီးထွားဖြစ်ထွန်းမှု၊ ဒေသဖွံ့ဖြိုးရေးတာဝန်ယူဆောင်ရွက်ပေးမည့်အစီအစဉ်များနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြ ကြောင်း သတင်းရရှိသည်။