အနာဂတ်မျိုးဆက်သစ် ကျောင်းသားလူငယ်များ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး အသိအမြင်များ တိုးပွားလာစေရေး ကျပန်းစကားပြောပြိုင်ပွဲနှင့် စကားရည်လုပွဲများ ကျင်းပဆောင်ရွက်နေပြည်တော်၊ ဇွန် ၂၂

ကမ္ဘာ့လူဦးရေ တိုးတက်လာသည်နှင့်အမျှ လူသားတို့၏ လိုအပ်ချက်များဖြည့်ဆည်းဆောင်ရွက်မှု၊ လူနေမှု အဆင့်အတန်း တိုးတက်မြင့်မားစေရေး ကြိုးပမ်းကြံဆောင်မှု၊ နည်းပညာများ ဆန်းသစ်တီထွင်ဆောင်ရွက်မှု စသည့် ကြိုးပမ်းဆောင်ရွက်မှု အသီးသီး၏ ရလာဒ်အဖြစ် ဖွံ့ဖြိုးတိုးတက်မှုအဝဝကို ဖော်ဆောင်နိုင်ခဲ့ကြ သည်။ လူသားတို့၏ လူမှုစီးပွား တစ်စထက်တစ်စ တိုးတက်မှုနှင့်အတူ ၁၉၅၀ ခုနှစ်၏ နောက်ပိုင်းကာလ များ၌ သဘာဝပတ်ဝန်းကျင် ယိုယွင်းပျက်စီးမှု၊ ညစ်ညမ်းမှုစသည့် ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများ သဘာဝဘေးအန္တရာယ်များနှင့် ရင်ဆိုင်ကြုံတွေ့လာကြရသည်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တော ရေးရာဝန်ကြီးဌာနသည် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိအမြင်များအား ကျေးရွာနေပြည်သူများ အထိ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရေးအတွက် ပညာပေးစည်းရုံးဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးမြင့်မောင်သည် အနာဂတ်မျိုးဆက်သစ် ကျောင်းသားလူငယ်များ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး အသိ အမြင်များ တိုးပွားလာစေရန် ရည်ရွယ်၍ ဇွန်လ (၁၉)ရက်နှင့် (၂၀) ရက်များ၌ ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့နယ်၊ ပညာရေးကောလိပ်၌ သင်တန်းတက်ရောက်နေကြသည့် ဆရာ၊ဆရာမများအား လည်းကောင်း၊ မြို့တော်ခန်းမ၌ အထက်တန်းအဆင့်နှင့်အလယ်တန်းအဆင့် ကျောင်းသူ/ကျောင်းသားများအား လည်းကောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ကျပန်းစကားပြောပြိုင်ပွဲနှင့် စကားရည်လုပွဲများ ကျင်းပခဲ့ပြီး၊ ဆုများ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။ အဆိုပါအခမ်းအနားတွင် ဒုတိယဝန်ကြီးနှင့် သစ်တောဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ကျော်လွင်တို့က ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိအမြင်များ အား ဆွေးနွေးဟောပြောခဲ့ကြောင်းသိရှိရသည်။
ဒုတိယဝန်ကြီးက ဘိုကလေးမြို့နှင့် အနီးဝန်းကျင်ကျေးရွာများသည် ၂၀၀၈ခုနှစ်၊ နာဂစ်မုန်တိုင်းတိုက်ခတ် စဉ်က သဘာဝဘေးအန္တရာယ်၏ အနိဌာရုံများကို မျက်ဝါးထင်ထင်တွေ့ကြုံခံစားရကြောင်း၊ ဘဝနှင့် ယှဉ်၍ တွေ့ကြုံခံစားခဲ့ရသည့် သဘာဝဘေးအန္တရာယ်များအား ကြိုတင်ကာကွယ်နိုင်စေရေးအတွက် ပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများအား ကျယ်ကျယ်ပြန့်ပြန့်သိရှိဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ယခုကဲ့သို့ပြိုင်ပွဲ များ ကျင်းပရခြင်းဖြစ်ပါကြောင်း၊ ပညာရေးကောလိပ်၌ သင်တန်းတက်ရောက်နေကြသည့် ဆရာ၊ဆရာမ များသည် နောင်တစ်ခတ် အနာဂတ်မျိုးဆက်သစ်များကို ပြုစုပျိုးထောင်ပေးရာ ပန်းပျိုးလက်များဖြစ်၍ တစ်ယောက်မှသည်တစ်ရာ၊ တစ်ရာမှသည် တစ်ထောင်စသည်ဖြင့် ဆင့်ပွား လက်ဆင့်ကမ်းနိုင်မည့်ဌာန ဖြစ်သည့်အတွက် ဤနေရာအား ရွေးချယ်ကျင်းပ ဆောင်ရွက်ရခြင်းဖြစ်ပါကြောင်း၊ သက်ရှိလောက ဖွံ့ဖြိုး တိုးတက်ရေးအတွက် ကြံဆောင်ကြရာတွင် သဘာဝက အတိုင်းအတာဖြင့် ပေးအပ်ထားသည့် ရေ၊ မြေ၊ သံယံဇာတများကို အတိုင်းအဆမရှိ ထုတ်ယူသုံးစွဲမှုကြောင့် အကျိုးနောက်ကအဆိုး တွဲပါလာရခြင်း ဖြစ်ပါ ကြောင်း၊ လူမှုရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ဖော်ဆောင်ရာ၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိနှင့် ထိန်းညှိဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ဘိုကလေးမြို့နယ်၊ ပြင်ဒရယ်ကြိုးဝိုင်းအတွင်း ယခင်က သစ်တောကြီးများထူထပ်စွာတည်ရှိခဲ့သော်လည်း မြေယာအသုံးချမှု အစီအမံများ စနစ်တကျ ချမှတ် ဆောင်ရွက်နိုင်ခဲ့ခြင်းမရှိသဖြင့် လူဦးရေတိုးပွားလာမှုနှင့်အတူ လယ်ယာမြေတိုးချဲ့ခြင်း၊ မြစ်၊ ချောင်းများ အား တာပတ်၍ ပုဇွန်ကန်များတိုးချဲ့ခြင်း၊ ထင်း၊ မီးသွေး အလွန်အကျွံထုတ်လုပ်ခြင်းများကြောင့် ဒီရေတောသံယံဇာတများ ပျက်စီးပြုန်းတီးခြင်း၊ ကမ်းပါးပြိုခြင်းစသည့် ပတ်ဝန်းကျင်နှင့် ဂေဟစနစ် များ ထိခိုက်ပျက်စီးခဲ့ရကြောင်း၊ သံယံဇာတများ ထုတ်ယူခြင်း၊ သုံးစွဲခြင်းနှင့် စွန့်ပစ်ခြင်းတို့ကို ဆောင်ရွက်ရာ၌ ဇီဝမျိုးစုံမျိုးကွဲ၊ ဂေဟစနစ်နှင့် ပတ်ဝန်းကျင်ရေရှည်တည်တံ့စေမှုအား ထိခိုက်မှု မရှိစေရေး အတွက် နေထိုင်မှု အမူအကျင့်များကို ပြောင်းလဲကြရမှာ ဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် ဇီဝမျိုးစုံမျိုးကွဲ၊ ဂေဟစနစ် နှင့် ပတ်ဝန်းကျင် ဆိုင်ရာအရေးပါသည့် ဒေသများအား သဘာဝနယ်မြေများအဖြစ် ထိန်းသိမ်းဆောင်ရွက်လျက် ရှိပါကြောင်း၊ ဘိုကလေးမြို့နယ်အတွင်းရှိ သဘာဝထိန်းသိမ်းရေးနယ်မြေတစ်ခုဖြစ်သည့် မိန်းမလှကျွန်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောအား အာဆီယံအမွေအနှစ်ဥယျာဉ်အဖြစ် သတ်မှတ်ဆောင်ရွက်နိုင်ခဲ့ပြီ ဖြစ်ပါ ကြောင်း၊ ဒေသခံပြည်သူများက သဘာဝသယံဇာတများ ထာဝစဉ်တည်တံ့စေရေးနှင့် ပတ်ဝန်းကျင် အခြေ အနေကောင်းများအား အနာဂတ်မျိုးဆက်သစ်များသို့ လက်ဆင့်ကမ်းအမွေပေးနိုင်ရေးအတွက် လိုက်လျော ညီထွေရှိမည့် လူနေမှုစနစ်တစ်ခု တည်ဆောက်ရမှာဖြစ်ပါကြောင်း၊ ကုလသမဂ္ဂက ချမှတ်သည့် ထောင်စုနှစ် ရည်မှန်းချက်များ၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသည် ကဏ္ဍတစ်ခုအဖြစ် ပါဝင်ပါကြောင်း၊ ခေတ်အဆက်ဆက်၌ အမျှော်အမြင်ကြီးမားစွာဖြင့် အနာဂတ်ကို ကြိုတင်မျှော်တွေး၍ အစီအမံများချမှတ် ဆောင်ရွက်ရမှာဖြစ်ပါကြောင်း၊ မျိုးဆက်တစ်ခုထက်တစ်ခု ပိုမိုတိုးတက်သည့် မျိုးဆက်များ၊ အနာဂတ်ကို ပိုင်စိုးမည့် သားကောင်းရည်မွန် လူရည်ချွန်များ ပေါ်ထွန်းလာမှသာ နိုင်ငံဖွံ့ဖြိုးတိုးတက်မှာ ဖြစ်ပါကြောင်း၊ ဆရာ၊ ဆရာမများက မျိုးဆက်သစ်လူငယ်များအား ထုဆစ်ပုံဖော်ရာ၌ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အသိအမြင်များ ကြွယ်ဝစေရေးသည် လွန်စွာအရေးကြီးပါကြောင်း၊ အသိအမြင်ကြွယ်ဝမှသာ မိမိဒေသ၊ မိမိပတ်ဝန်းကျင်နှင့် သယံဇာတများ ရေရှည်တည်တံ့စေရေး ဆောင်ရွက်နိုင်မှာဖြစ်ပါကြောင်း ပြောကြားခဲ့ ကြောင်း သတင်းရရှိ သည်။
ဒုတိယဝန်ကြီးသည် ခရီးစဉ်အတွင်း ဘိုကလေးမြို့နယ်၊ စက်ဆန်းကျေးရွာသို့ သွားရောက်ပြီး၊ ဒေသခံပြည်သူ များနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ ဒေသဖွံ့ဖြိုးရေးကိစ္စများဆွေးနွေး၍ ဒေသခံပြည်သူများ၏ တင်ပြချက်များ အပေါ် လိုအပ်သည်များ ညှိနှိုင်းစီမံ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။