၂၀၁၄-၂၀၁၅ ခုနှစ်၊ပညာသင်နှစ်တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ဝန်ထမ်းများ၏သား/သမီးများအား ပညာရည်ချွန်ဆုပေးပွဲနှင့်ဗဟိုဝန်ထမ်းတက္ကသိုလ်သင်တန်းသားထူးချွန်ဆုချီးမြှင့်ခြင်း အခမ်းအနား

၂၀၁၄-၂၀၁၅ ခုနှစ်၊ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးများဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့ကြသော ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ ဝန်ထမ်းများ၏ သား/သမီးများအား ပညာရည်ချွန်ဆုချီးမြှင့်ပွဲနှင့် ဗဟိုဝန်ထမ်းတက္ကသိုလ် သင်တန်းသား ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့(၁.၇.၂၀၁၅)ရက်နေ့၊ နံနက် (၀၉:၀၀)နာရီတွင် နေပြည်တော်ရှိ သစ်တောဦးစီးဌာန၊ ဦးစီးရုံးချုပ်၊ အင်ကြင်းခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်း တက်ရောက်၍ အမှာစကားပြောကြား ပါသည်။
ဆုချီးမြှင့်ပွဲအခမ်းအနားသို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီး ဌာန၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန် ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနနှင့် လုပ်ငန်းများမှ ဌာနဆိုင်ရာ အကြီးအကဲများနှင့်ဇနီးများ၊ သစ်တောတက္ကသိုလ် ပါမောက္ခချုပ်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဆုရကျောင်းသား၊ ကျောင်းသူများနှင့်မိဘများ တက်ရောက် ကြပါသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးမှ အမှာစကားပြောကြားရာတွင် ဝန်ကြီးဌာန အနေဖြင့်ပညာရည်ချွန်ဆုပေးပွဲများကို ၂၀၀၄ ခုနှစ်မှ စတင်ပြီး နှစ်စဉ် စဉ်ဆက်မပြတ် ကျင်းပ ခဲ့ရာ(၁၁)ကြိမ်မြောက်ရှိပြီဖြစ်ကြောင်း၊ ဆုပေးပွဲ နှစ်စဉ်ကျင်းပပေးရသည့် အဓိကရည်ရွယ် ချက်မှာ လူငယ်များ၏အရေးပါသည့် ဘဝလမ်းခရီး၊ ဘဝတက်လမ်းဟုခေါ်ဆိုနိုင်သည့် တက္ကသိုလ်ဝင်စာမေးပွဲကို ဂုဏ်ထူးများစွာဖြင့် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် သားငယ်/ သမီးငယ်များ၏ ဇွဲ၊ လုံ့လ၊ဝီရိယနှင့် အပတ်တကုတ်ကြိုးစားအားထုတ်မှုများကို အသိအမှတ် ပြု၊ ဂုဏ်ပြုလိုခြင်းဖြစ်ကြောင်း၊ နောင်တွင်လည်း တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် ဝန်ထမ်း များ၏ သားသမီးများကို အားကျအတုယူစေချင်သည့် စိတ်စေတနာဖြင့် ပြုလုပ်ပေးခြင်း ဖြစ်ကြောင်း၊
နိုင်ငံတော်သည် တည်ငြိမ်အေးချမ်းပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီစနစ်ကို ပီပီပြင်ပြင်ကျင့်သုံးနိုင်ရန် တည်ဆောက်နေသည့်ကာလဖြစ်ကြောင်း၊ ပြည်သူများပူးပေါင်း ပါဝင် သော အုပ်ချုပ်ရေးစနစ်ဖြစ်ကြောင်း၊ ထိုသို့အောင်မြင်စွာ တည်ဆောက်သွားနိုင်ရန်အတွက် မျိုးဆက်သစ် လူငယ်များအား အကောင်းအဆိုး အမှားအမှန် ဝေဖန်ပိုင်းခြားနိုင်သည့်ပညာရေး ပတ်ဝန်းကျင်ကောင်း ဖန်တီးပေးရန် လိုအပ် မည်ဖြစ်ပါကြောင်း၊
တက္ကသိုလ်အသီးသီးတွင် အဆင့်မြင့်ပညာရပ်များကို ဆက်လက်ဆည်းပူး သင်ယူရာ တွင်မလွဲမသွေရင်ဆိုင်တွေ့ကြုံရမည့် ဘဝ၏စိန်ခေါ်မှုများကို ကြိုတင်သိရှိ သတိပြု ကျော်လွှား နိုင်ကြရန်မှာကြားလိုကြောင်း၊ လူငယ်များ၏ ဖြူစင်သည့််ဘဝကို အန္တရာယ် ဖြစ်စေမည့် အရာများမှာ မူးယစ်ဆေးဝါး၊ လောင်းကစား၊ အရက်သေစာနှင့် အပျော်အပါး အလွန်အကျွံ လိုက်စားတတ်သည့် အလေ့အထများဖြစ်ကြောင်း၊ မှန်ကန်ကောင်းမွန်သည့် လုပ်ရပ်အမူအကျင့်နှင့် နှိုင်းစာလျင် မကောင်းသည့်လုပ်ရပ် အမူအကျင့်များက ပိုမိုလွယ်ကူ လျင်မြန်စွာ ကူးစက် ပြန့်နှံ့လေ့ရှိသည်ကို သတိထားကြည့်လျှင် တွေ့နိုင်မှာဖြစ်ကြောင်း၊ ဤသို့အထူးမှာကြားရခြင်းမှာ မကြာမီအချိန်မှာ မိဘအုပ်ထိန်းမှုအောက်ကနေခွဲခွာ၍ ပတ်ဝန်းကျင်အသစ်တွင် ကိုယ်အားကိုယ်ကိုး၊ ကိုယ်ခြေထောက်အပေါ် ကိုယ်ရပ်တည်ကာ မိမိကိုယ်ကို ထိန်းသိမ်းစောင့်ရှောက်ကြရမည်ဖြစ်၍ စေတနာအရင်းခံထားပြီး မှာကြားရခြင်း ဖြစ်ကြောင်း၊ ယခုကဲ့သို့ ဂုဏ်ယူဖွယ်အောင်မြင်မှုများကို ဘဝတစ်လျှောက် ဆက်လက် ရရှိအောင် ဆောင်ရွက်သွားကြရန်၊ ဘဝမှမလွဲမသွေရင်ဆိုင် တွေ့ကြုံကြရမည့် လောကဓံ များကို ရင်ဆိုင်ကျော်လွှားနိုင်အောင် အမြဲမပြတ်ကျင့်ကြံ အားထုတ်ကြရန်၊ နိုင်ငံတော်၊ ဝန်ကြီးဌာနနှင့် မိဘများအတွက် ဂုဏ်ယူနိုင်သည့် ပညာရှင်များဖြစ်အောင် ကြိုး စားကြရန်နှင့် နိုင်ငံတော်၏ သားကောင်းရတနာ၊ သမီးကောင်းရတနာများဖြစ်အောင် ကြိုးပမ်းကြရန် တိုက်တွန်းပါကြောင်း စသည်ဖြင့် ပြောကြားပါသည်။
အစီအစဉ်အရ ပြည်ထောင်စုဝန်ကြီးက (၆)ဘာသာဂုဏ်ထူးရှင်(၃)ဦးနှင့် ပြည်ထောင်စု ဝန်ကြီး၏ဇနီးမှ(၆)ဘာသာဂုဏ်ထူးရှင်(၂)ဦး ၊ ဒုတိယဝန်ကြီး(သစ်တော)မှ (၅) ဘာသာ ဂုဏ်ထူး ရှင်(၄)ဦး ၊ဒုတိယဝန်ကြီး(ပတ်ဝန်းကျင်)မှ (၅) ဘာသာဂုဏ်ထူးရှင်( ၄ ) ဦးတို့အား ပညာရည်ချွန်ဆုနှင့် ဂုဏ်ပြုလက်မှတ်ပေးအပ်ချီးမြှင့်ပါသည်။ ဆက်လက်၍ ဝန်ကြီးဌာန လက်အောက်ရှိ လုပ်ငန်းဌာနများမှ ဌာနအကြီးအကဲများနှင့်ဇနီးများ က(၄)ဘာသာနှင့် (၃) ဘာသာဂုဏ်ထူးရရှိသူများ အားလည်းကောင်း ဆုများအသီးသီး ချီးမြှင့်ခဲ့ကြပါသည်။ ဆက် လက်၍ ပြည်ထောင်စုဝန်ကြီးမှ ဗဟိုဝန်ထမ်းတက္ကသိုလ် အရာထမ်းအခြေခံသင်တန်းများတွင် သင်တန်းသားစံပြဆုနှင့် စစ်ရေးပြ ထူးချွန်ဆုများရရှိခဲ့ကြသည့် သစ်တောဦးစီးဌာနမှ သင်တန်းသား ဦးစီးအရာရှိ(၂)ဦးအား ဂုဏ်ပြု ရွှေတံဆိပ်ဆု ချီးမြှင့်ခဲ့ပါသည်။
ထို့နောက် ဆုရကျောင်းသား၊ ကျောင်းသူများကိုယ်စား(၆)ဘာသာဂုဏ်ထူးရှင် တစ်ဦး မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားပါသည်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တော ရေးရာ ဝန်ကြီးဌာန၊ ဝန်ထမ်းသားသမီးများမှ ၂၀၁၄-၂၀၁၅ ခုနှစ်၊ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် (၆)ဘာသာဂုဏ်ထူးရှင် (၅)ဦး၊ (၅)ဘာသာဂုဏ်ထူးရှင်(၉)ဦး၊ (၄) ဘာသာ ဂုဏ်ထူးရှင် ( ၃၃)ဦး၊ (၃)ဘာသာဂုဏ်ထူးရှင်( ၂၆ ) ဦး၊ (၂)ဘာသာဂုဏ်ထူးရှင် ( ၄၄ )ဦး၊ (၁) ဘာသာ ဂုဏ်ထူးရှင်( ၁၁၃ )ဦး၊ စုစုပေါင်း ( ၂၃၀ )ဦး ဂုဏ်ထူး ဖြင့်အောင်မြင်ခဲ့ ကြောင်း သတင်း ရရှိပါသည်။