မြန်မာနိုင်ငံတွင် ဒီရေတောအခြေပြု ကမ်းရိုးတန်းဒေသ စီမံအုပ်ချုပ်မှုဆိုင်ရာ အကျိုးဆက်စပ် ပတ်သက်သူများ ပူးပေါင်းဆောင်ရွက်ရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပခြင်းသတင်း ရန်ကုန်မြို့၊ အပြည်ပြည်ဆိုင်ရာ စီးပွားရေးလုပ်ငန်းဗဟိုဌာန၊ (၂၀.၇.၂၀၁၅)

ရန်ကုန်မြို့၊ အပြည်ပြည်ဆိုင်ရာ စီးပွားရေးလုပ်ငန်းဗဟိုဌာန (IBC) ၌ (၂၀.၇.၂၀၁၅) ရက်နေ့၊ နံနက် (၉:၀၀) နာရီတွင် “မြန်မာနိုင်ငံတွင် ဒီရေတောအခြေပြု ကမ်းရိုးတန်းဒေသ စီမံအုပ်ချုပ်မှုဆိုင်ရာ အကျိုးဆက်စပ်ပတ်သက်သူများ ပူးပေါင်းဆောင်ရွက်ရေး အလုပ်ရုံဆွေးနွေးပွဲ” ကို ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အပြည်ပြည် ဆိုင်ရာအဖွဲ့၊ အနာဂတ်အတွက် ဒီရေတောများအဖွဲ့၊ မြန်မာ့ပတ်ဝန်းကျင် ထူထောင်ထိန်းသိမ်းရေး ကွန်ယက်စသည့်အဖွဲ့အစည်းများနှင့် ပျိုးပင်အဖွဲ့တို့ ပူးပေါင်းကျင်းပခဲ့ပါသည်။ အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားသို့၊နိုင်ငံအဆင့်ညှိနှိုင်းရေးအဖွဲ့ အဖွဲ့ဝင်များ၊ ဆက်စပ်အစိုးရဌာနများမှ ကိုယ်စားလှယ် များ၊ အနာဂတ်အတွက် ဒီရေတောများအဖွဲ့မှ ကျွမ်းကျင်ပညာရှင်များ၊ ပြည်တွင်းရှိ ဒီရေတောနှင့် ကမ်းရိုးတန်းဒေသ စီမံအုပ်ချုပ်မှုဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ၊ ဒီရေတောထိန်းသိမ်းရေးနှင့် ကမ်းရိုးတန်းဒေသ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ပြည်တွင်း၊ ပြည်ပ အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ သတင်းမီဒီယာများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ စုစုပေါင်း (၈၀) ဦး တက်ရောက်ခဲ့ကြပါသည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်မှ တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။
ညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံသည် အင်ဒို-မြန်မာ ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးနယ်မြေအတွင်းပါဝင်ပြီး ဒေသတွင်းနိုင်ငံများတွင် မျိုးသုန်းပျောက်ကွယ် သွားပြီဖြစ်သော အပင်နှင့်တိရစ္ဆာန်မျိုးစိတ်များ မှီတင်းနေထိုင်ရာ ဒေသဖြစ်သည့်အတွက် အာရှဒေသ၏ ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းရေးဆိုင်ရာ နောက်ဆုံးခံတပ်ဟူ၍ ပညာရှင်များက တင်စားခေါ်ဝေါ် ခဲ့ကြပါကြောင်း၊ ကမ်းရိုးတန်းအရှည် (၂၈၀၀) ကီလိုမီတာကျော်ရှိသည့် မြန်မာနိုင်ငံ၏ ကမ်းရိုးတန်း ဒေသတစ်လျှောက်တွင် ဇီဝမျိုးစုံမျိုးကွဲကြွယ်ဝသည့် ဒီရေတော၊ သန္တာကျောက်တန်းနှင့် ပင်လယ် မြက်ခင်း စသည့် ကမ်းရိုးတန်းဂေဟစနစ်များ တည်ရှိပါကြောင်း၊ အဆိုပါဂေဟစနစ်များသည် နိုင်ငံ၏ စားနပ်ရိက္ခာဖူလုံရေးနဲ့ နိုင်ငံခြားဝင်ငွေရရှိရေးတို့ကို အထောက်အကူပြုနေသည့် ငါးပုစွန်များ မှီတင်း နေထိုင်ရာဒေသများဖြစ်သည့်အပြင် လေပြင်းမုန်တိုင်းနှင့် ဆူနာမီရေလှိုင်းများစသည့် သဘာဝဘေး အန္တရာယ်များ ကျရောက်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများကို လျော့ပါးစေရန် ကာကွယ်ပေးနိုင်ပါကြောင်း ပြောကြားပါသည်။
ဆက်လက်၍ ၎င်းမှ မြန်မာနိုင်ငံတွင် ကမ်းရိုးတန်းသယံဇာတများအပါအဝင် သဘာဝသယံ ဇာတများကို ရေရှည်တည်တံ့စွာ စီမံအုပ်ချုပ်လုပ်ကိုင်နိုင်ရေးအတွက် အခြေခံလိုအပ်ချက်များဖြစ်သည့် မူဝါဒ၊ ဥပဒေနှင့် လုပ်ထုံးလုပ်နည်းများ၊ မဟာဗျူဟာများ ရေးဆွဲချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ လက်ရှိအချိန်တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးမူဝါဒ၊ မြန်မာ (၂၁) ရာစုအစီအစဉ်နှင့် အမျိုးသား စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာတို့ကို ရေးဆွဲထားရှိပြီး နိုင်ငံတော်မှချမှတ်ထားသည့် ရေရှည်တည်တံ့သည့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ရည်ရွယ်ချက်များကို ဖြည့်ဆည်းနိုင်ရန် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ သစ်တောကဏ္ဍတွင် မြန်မာ့သစ်တောမူဝါဒနှင့်အညီ သစ်တောကဏ္ဍနှစ် (၃၀) ပင်မစီမံကိန်းနှင့် ခရိုင်သစ်တော စီမံအုပ်ချုပ်လုပ်ကိုင်မှုစီမံကိန်းများ ရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ၎င်းစီမံကိန်းတွင် ဒီရေတောထိန်းသိမ်းရေးသည် ဦးစားပေးလုပ်ငန်းတစ်ရပ်အနေဖြင့် ပါဝင်ကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် ဒီရေတောများအပါအဝင် ကမ်းရိုးတန်းသယံဇာတများကို ရေရှည်တည်တံ့သည့်နည်းဖြင့် စီမံအုပ်ချုပ်လုပ်ကိုင်ရန်အတွက် အနာဂတ်အတွက် ဒီရေတောများအစီအစဉ်တွင် အဖွဲ့ဝင်အဖြစ် ပါဝင်လာနိုင်ပြီဖြစ်ပါကြောင်း၊ အနာဂတ် အတွက် ဒီရေတောများအဖွဲ့၏နည်းပညာနှင့် ရန်ပုံငွေအကူအညီများရရှိပြီး ဒေသတွင်းနိုင်ငံများနှင့် ပူးပေါင်း ဆောင်ရွက်နိုင်မည်ဖြစ်သည့်အတွက် မြန်မာနိုင်ငံတွင် ကမ်းရိုးတန်းသယံဇာတများ စီမံအုပ်ချုပ် လုပ်ကိုင်မှုနှင့်ဆိုင်သည့် နည်းပညာကျွမ်းကျင်မှုများ ပြည့်ဝလာလိမ့်မည်ဟု ယုံကြည်ပါကြောင်း၊ IUCN ၏ နည်းပညာအကူအညီ၊ နိုင်ငံအဆင့်ညှိနှိုင်းရေးအဖွဲ့မှ ပညာရှင်များ၏ ကြိုးပမ်းဆောင်ရွက်မှုတို့ ကြောင့် ကမ်းရိုးတန်းသယံဇာတများ စီမံအုပ်ချုပ်လုပ်ကိုင်မှုဆိုင်ရာ နိုင်ငံအဆင့်မဟာဗျူဟာနှင့် စီမံချက် ကို ရေးဆွဲနိုင်ခဲ့ပြီး ဦးစားပေးဆောင်ရွက်ရမည့်လုပ်ငန်းများကိုလည်း ညှိနှိုင်းဆွေးနွေးပွဲများမှတစ်ဆင့် ဖော်ထုတ်နိုင်ခဲ့ပြီးဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ အနာဂတ်အတွက် ဒီရေတောများအဖွဲ့မှ Senior Programme Manager ဖြစ်သူ Ms. Connie Chiang နှင့် မြန်မာ့ပတ်ဝန်းကျင်ထူထောင်ထိန်းသိမ်းရေးကွန်ယက်မှ ဥက္ကဌ ဒေါက်တာ ကျော်တင့်တို့မှ မြန်မာနိုင်ငံတွင် ဒီရေတောအခြေပြု ကမ်းရိုးတန်းဒေသ စီမံအုပ်ချုပ်မှုနှင့် စပ်လျဉ်း၍ အသီးသီးရှင်းလင်းပြောကြားခဲ့ပါသည်။ အလုပ်ရုံဆွေးနွေးပွဲတွင် ဒီရေတောနှင့် ကမ်းရိုးတန်းဒေသ စီမံအုပ်ချုပ်မှုလုပ်ငန်းများနှင့် စပ်လျဉ်း၍ ကျွမ်းကျင်ပညာရှင်များမှ စာတမ်း အစောင် (၂၀) တင်သွင်း ဖတ်ကြားခဲ့ပါသည်။
အလုပ်ရုံဆွေးနွေးပွဲကို (၂၀.၇.၂၀၁၅) ရက်နေ့မှ (၂၁.၇.၂၀၁၅) ရက်နေ့ နေ့လည်ပိုင်းအထိ၊ တစ်ရက်ခွဲ ကျင်းပသွားမည်ဖြစ်ပြီး၊ (၂၁.၇.၂၀၁၅) ရက်နေ့ နေ့လည်ပိုင်းတွင် တတိယအကြိမ်မြောက် ဒီရေတောဆိုင်ရာနိုင်ငံအဆင့် ညှိနှိုင်းရေးအဖွဲ့ အစည်းအဝေးကို ဆက်လက်ကျင်းပသွားမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။